Latest Highlight

ယနေ့မြန်မာနိုင်ငံအတွက်အရေးတကြီးလိုအပ်ချက်များ။

ယနေ့မြန်မာနိုင်ငံအတွက်အရေးတကြီးလိုအပ်ချက်များ။

မြန်မာနိုင်ငံ၏အဓိကပြုစုပျိုးထောင်ပေးရမည့်လုပ်ငန်းစဉ်
(၈)ရပ်ရှိသည်။

၁။ ပြည်တွင်းစစ်ရပ်စဲရေး။

၂။ ကျန်းမာရေး။

၃။ ပညာရေး။

၎။ လွတ်လပ်သောတရားရေးဌာန ပေါ်ပေါက်ရေး။

၅။ လက်ဝါးကြီးအုပ်စီးပွါးရေးစံနစ်ကိုယှဉ်ပြိုင်ရန်အင်အားနည်းပါးသူများနှင့်လုပ်ငန်းရှင်လေးများကို
ကာကွယ်ရေး။

၆။ သတင်းမီဒီယာများလွတ်လပ်စွာထုတ်ဝေခွင့်၊ရေးသားခွင့်၊အသံလွှင့်ခွင့်၊ရိုက်ကူးခွင့်ရရှိရေး။

၇။ လွတ်လပ်သောလူ့ဘောင်အဖွဲ့အစည်းများဖွဲ့စည်းခွင့်ရရှိရေး။

၈။ ဂုဏ်ကြက်သရေရှိသောအမျိုးသားတပ်မတော်အသွင်ပြန်လည်ပြောင်းလဲနိုင်ရေး။

တို့ကိုအားကောင်းလာစေ ရန်ပြုစုပျိုး ထောင်ပေးရေးဖြစ်သည်။

၁။ ပြည်တွင်းစစ်ရပ်စဲရေး။

နိုင်ငံတနိုင်ငံတွင်ပြည်တွင်းစစ်ဖြစ်နေပါကထိုနိုင်ငံသည်မုချပြည်သူပြည်သားများ၏စားဝတ်နေရေး၊
ကျန်းမာရေး၊ ပညာရေးတို့ထက်စစ်နိုင်ရေးကိုဇောင်းပေးလုပ်နေရသဖြင့်တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးတွင်လည်း
ကောင်း၊ လူမှု တိုးတက်ဖွံ့ဖြိုးရေးတွင်လည်းကောင်းနိမ့်ကျနေမည်ဖြစ်သည်။ ပြည်တွင်းစစ်ကြောင့်ကိုယ့်တိုင်း
ရင်းသား အချင်း ချင်း သတ်ဖြတ်မှု၊ စစ်နယ်မြေအတွင်းဥပဒေမဲ့ကြမ်းကြုတ်မှုများ၊ ရက်စက်မှုများမလွဲမသွေဖြစ်လာ
ခဲ့ရသည်။ ထိုမှတဆင့်တဦးကိုတဦးလူမျိုးရေးအရမုန်းတီးမှု၊ အခဲမကြေမှုအာဃာများကြီးမားလာပြီးဂျာအေးသူ့အမေ ရိုက်သလိုမိမိတိုင်းရင်းသားတပြည်တည်းသားအချင်းချင်းရန်သူကြီးများသဖွယ်အသေအကြေတိုက်ခိုက်ကြရင်း
ပြည်တွင်းစစ်သံသရာမှရုန်းမထွက်နိုင်ဘဲဖြစ်ရသည်။ ပြည်တွင်းစစ်ကြောင့်တပ်မတော်အသုံးစားရိတ်
ကြီး မား လာသဖြင့်တိုင်းပြည်အတွက်ဝန်ထုတ်ဝန်ပိုးပိလာသလိုတပ်သည်လည်းအင်အားကြီးမားလာပြီး၊
ပြည်သူကိုကာ ကွယ်ရန်ဖွဲ့စည်းထားသည့်တပ်ဘဝမှပြည်သူကိုဖိနှိပ်ချုပ်ချယ်သည့်တပ်ဘဝသို့လျှောကျရောက်ရှိလာခဲ့ရသည်ဆိုကမမှားချေ။
အင်အားကြီးမားလာသောတပ်ကိုစစ်ဗိုလ်ချုပ်ကြီးများကမိမိတို့ကိုယ်ကျိုးအမြတ်အတွက်ခါးပိုက်ဆောင်တပ်အ
ဖြစ်ပြောင်းလဲအသုံးချကိုယ်ကျိုး ရှာပြီးသဘာဝအရင်းအမြစ်များကိုလက်ညှိုးထိုးရောင်း ချခဲ့ကြသည့်အတွက်
သည့် ပြည်သူတို့ ဆင်းရဲတွင်းမှမတက်နိုင်ခဲ့ချေ။ ထို့ကြောင့်မြန်မာနိုင်ငံတိုး တက် ဖွံ့ဖြိုး
ရေးလုပ်ငန်းများမစခင်၊ ဆင်းရဲမှုပပျောက်ရေး မစခင် ၊ မြန်မာနိုင်ငံကြီးကိုဆင်းရဲတွင်းသို့တွန်းပို့ခဲ့သည့်
ပြည်တွင်းစစ်ကိုအရင်ရပ်ဆိုင်း အောင်လုပ်ဘို့လိုသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်

(၁)။ ပထမအဆင့်တပြည်လုံးအပစ်အခတ်ရပ်စဲရေးကိုရဲရဲဝံဝံ ကြေ ညာရဲဘို့လိုသည်။

(၂)။ ဒုတိယဆင့်စားပွဲဝိုင်းတွင်တွေ့ဆုံဆွေးနွေးညှိနှိုင်းကြဘို့လိုသည်။

(၃)။ တတိယအဆင့် သဘောတူညီချက်များကိုအခြေခံဥပဒေထဲတွင်ထည့်သွင်းအတည်ပြုဘို့လိုသည်။

စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးကြရာတွင်ပွင့်လင်းမြင်သာမှု ရှိရမည့်အပြင်စေ့စပ်ညှိနှိုင်းပေးနှိုင်သည့် ကုလသမဂ္ဂနှင့်၊ အိမ်နီးချင်းနိုင်ငံများပါဝင်နိုင်လျှင်ကောင်းပါသည်။ ထို့ပြင်ဗမာလူမျိုးများနှင့်တိုင်းရင်းသားလူမျိုးများလေးစား ယုံကြည် သောပုဂ္ဂိုလ်များပါဝင်နိုင်လျှင်ဆွေးနွေးစဉ်နှစ်ဦးနှစ်ဘက်တင်းမာမှုများပေါ်ပေါက်လာခဲ့ပါကဝင်ရောက်
ညှိုနှိုင်းဖြန်ဖြေပေးခြင်းဖြင့်အားလုံးသဘောတူညီချက်ကိုရယူနိုင်လိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့မလုပ်နိုင်ပါကတပ်မတော်သည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုအမြစ်မဖြတ်နိုင်သလို၊
တိုင်းရင်းသားအဖွဲ့အစည်းများကလဲနိုင်အောင်မတိုက်နိုင်ဘဲ နောင်အနှစ်၅၀ ကျော်သော်လည်းပြည်
တွင်း စစ် သံသရာ မှမထွက်နိုင်ဘဲ တဝဲလည်လည် ဖြစ်နေပေလိမ့်မည်။

ယနေ့ ဝ ပြည်နယ်သည်ဗဟိုအစိုးရလက်အောက်မှတရားဝင်ကြေငြာချက်မထုတ်သော်လည်း ပထမဦးဆုံးကိုယ် ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ဖြစ်သည်ကိုဘယ်သူမှမငြင်းနိုင်ချေ။ ဝတို့အားနယ်ခြားစောင့်တပ်ပြောင်းလဲရန်ဖိအား ပေးမှုကိုတရားဝင်ရုပ်သိမ်းပေးရခြင်းသည်တိုင်းရင်းသားတော်လှန်ရေးကိုအမြစ်ပြတ်မတိုက်နိုင်ကြောင်းသက်
သေ ပြချက်တခုဖြစ်သည်။ တရက်အပစ်ရပ်လျှင်တရက်လူ့အသက်တချောင်းကိုကယ်နှိုင်သည်၊ အပစ်အခတ်
ရပ်စဲထား စဉ်ကာလပိုလျှံလာသောစစ်သုံးစားရိတ်များကိုတိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက်အသုံးပြုခြင်းဖြင့် များစွာ အကျိုးကျေးဇူးရရှိကြမည်ဖြစ်သည်။ တရက်အပစ်ရပ်ရေးမှတသက်အပစ်ရပ်ရေးသို့ကြိုးစားအကောင် အထည်ဖေါ်နိုင်ကြမည်ဆိုလျှင် မြန်မာနိုင်ငံတော်ကြီးဖွံ့ဖြိုး ရန်အတွက်အခြေအနေပေးပြီဖြစ်ကြောင်း ရဲရဲကြီး အာမခံနိုင်ပြီဖြစ်သည်။ ဒုတိယစစ်ကြီးတွင်ရှုံးနိုမ့်သွားပြီးနောက်
ဂျပန်နိုင်ငံ၏ကာကွယ်ရေးအသုံးစားရိတ်ကို ၁% ထက်ပိုသုံး ခွင့် မ ရသည့်အတွက်တိုင်းပြည်ဝင်ငွေကိုဖွံ့ဖြိုးရေး၊
စက်မှုလက်မှုနည်းပညာ၊ပညာရေး၊ ကျန်းမာရေး တို့တွင်ပုံအောသုံးစွဲ သည့်အတွက်ဆယ်စုနှစ်တခုအတွင်းစစ်ရှုံးနိုင်ငံဘဝမှနေ၍
ကမ္ဘာ့အတိုးတက်ဆုံးနိုင်ငံအဖြစ် သို့ပြန်လည်တက်လှမ်းနိုင်ခဲ့သည်။
ထို့ကြောင့်ဦးသိန်းစိန်အစိုးရအနေနှင့်ပြည်တွင်းငြိမ်းချမ်းရေး ကိုပထမခြေလှမ်းအဖြစ်ရဲဝံစွာလှမ်းနိုင်ဘို့လိုသည်။

၂။ ကျန်းမာရေး။

ကျန်းမာရေးမကောင်းလျှင်ဘာမှမလုပ်နိုင်ဆိုသည်ကိုပြောဘို့လိုမည်မထင်ပါလူတိုင်းသိလောက်မည်ဟုထင်ပါသည်။
ယနေ့မြန်မာနိုင်ငံတွင် HIV/AIDS ကိုယ်ခံအားကျဆင်းသည့်ရောဂါသည်များမည်မျှရှိသည်ကို အစိုးရမှ
စာရင်းအတိအကျထုတ်ပြန်မပေးသော်လည်းရောဂါသည်သိန်းကျော်ရှိကြောင်းခန့်မှန်းကြသည်။တီဘီရောဂါ
သည် များ၊ ငှက်ဖျားရောဂါသည်များ၊ အသဲရောင်အသားဝါရောဂါသည်များ၊အဟာရချို့တဲ့နေသည့်ခလေးများ
စ သည့် သူများအားလုံးကုစားရန်ဆေးဝါးလုံလောက်မှုမရှိ ၊ ဆေးရုံတင်ရန်ကုတင်မလုံ လောက်၊ကုသရန်
ပိုက်ဆံ မရှိခြင်းစသည်တို့ကိုအစိုးရသစ်အနေနှင့်ပထမဆုံးအလေးထားဦးစားပေးဖြေရှင်းပေးရမည့်အလုပ်ဖြစ်သည်။ အဆမတန်ယူထားသောကာကွယ်ရေးအသုံးစားရိတ်ကိုလျော့ချပြီးကျန်းမာရေးနှင့်ပညာရေးကိုမျှပေးခြင်းဖြင့်
လည်းကောင်း၊ပြည်တွင်းပြည်ပအစိုးရမဟုတ်သောအင်ဂျီအိုများကိုပွင့်လင်းမြင်သာစွာဝင်ရောက်စွက်ဖက်မှုမ
လုပ်ဘဲလွပ်လပ်စွာကူညီနိုင်ခွင့်ပေးသည့်ဥပဒေများကိုလည်းကောင်းအမြန်ဆုံးထုတ်ပြန်ပေးဘို့လိုသည်။
ကာယညာဏလုပ်သားများ၊ခလေးလူငယ်များကျန်းမာသန်စွမ်းမှသာတိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းကိုလုပ်နိင်မည်ဖြစ်သည်။

၃။ ပညာရေး။

နအဖလက်ထက်တွင်ပညာသင်ကြားရေးထက်ကျောင်သားများကိုမစုစည်းနိုင်စေရန်ရည်ရွယ်ချက်ဖြင့်ဝေးလံ
ခေါင်သီသောနေရာများတွင်အဖွဲ့တည်ထောင်ထားခဲ့သောရပ်ဝေးကောလိပ်များ၊တက္ကသိုလ်များကိုဖျက်သိမ်း၍
မြို့ကြီးများတွင်ပြန်လည်နေရာချထားပေးခြင်း၊တက္ကသိုလ်ဂုဏ်အင်္ဂါနှင့်ညီညွတ်သောကျောင်းပရဝဏ်မျုားကိုဖန်တီးပေးခြင်း၊တက္ကသိုလ်ကောလိပ်များကိုဖျက်သိမ်းပြီးရုံးများ၊အလုပ်ဌာနများလုပ်ထားခြင်းကိုပြန်လည်၍ယ္ခင်အတိုင်း
တက္ကသိုလ်ကောလိပ်များအဖြစ်ပြန်လည်ထားပေးခြင်းတို့အပြင်၊ နေပြည်တော်တွင်လည်းကမ္ဘာ့အဆင့်မှီ
တက္ကသိုလ်ကျောင်းကြီးတခုကိုတည်ဆောက်ခြင်း၊ပိတ်ထားသောရေဆင်းတက္ကသိုလ်ကိုပြန်လည်ဖွင့်ပေးခြင်းတို့ကိုပြုလုပ်ရမည်။

အလွတ်ကျက်၊ ထမင်းခွန့်ပညာရေးစံနစ်မှ ဆရာ တပည့် အပြန်အလှန်ဆွေးနွေးသည့်စံနစ်သို့ပြောင်းခြင်း၊
အဆင့်မြင့်ပညာရေးအတွက်လိုအပ်သည့်ဓါတ်ခွဲခန်းပစ္စည်းများ၊ကျောင်းသုံးစာအုပ်များလုံလောက်အောင်ထုတ်
ဝေပေးခြင်း၊ နိုင်ငံရပ်ခြားရောက်နေသည့် အရည်အချင်းပြည့်ဝသည့် မြန်မာလူမျိုးများကိုစည်းရုံး၍ကျောင်းများ
တွင် သင် ကြားစေခြင်း၊ တိုင်းပြည်အတွက်လိုအပ်လျှင်နိုင်ငံခြား သားဆရာများကိုပါငှါးရမ်းပေး
ခြင်း၊ အထူးအရေးကြီးသည့်အချက်မှာတက္ကသိုလ်စာကြည့်တိုက်များကိုအကုန်အကျခံပြီးဦးစားပေးအဆင့်မြင့်စာကြည့်တိုက်များ အဖြစ်ပြောင်းလဲပစ်ရမည်၊စာကြည့်တိုက်တွင်အနောက်တိုင်းပုံစံအတိုင်းသုတေသနပြုနေသူကျောင်းသား များကိုကူညီပံ့ပိုးပေးမည့်ဖေါ်ရွေသောစာကြည့်တိုက်မှူးများထားရှိပေးရမည့်အပြင်ကမ္ဘာ့အနှံအချက်အလက်များကိုအင်တာနက်မှရှာဖွေနိုင်ရန်
ကျောင်းသားဦးရေနှင့်မျှတစွာသုံးနိုင် သောလုံလောက်သောကွန်ပြူတာများထား ရှိပေးရန်လိုသည်၊ကျောင်းများတွင်အင်တာနက်နှင့်ကွန်ပြူတာကိုအခမဲ့သုံးစွဲခွင့်ပြုရမည်၊သို့မှသာကျောင်းသား
များကိုယ်လေ့လာလိုသောပညာရပ်များကိုဝက်ဆိုက်များမှထုတ်ယူလေ့လာနိုင်မည်ဖြစ်သည်။ ကျောင်းများ
တွင် သာမဟုတ်ပြည်နယ်တိုင်းအသီးသီးတွင်လည်း စာကြည့်တိုက်အသစ်များတည်ဆောက်ခြင်း၊ တိုင်းပြည်အတွက်
အကျိုးရှိမည့်ပြည်တွင်းနှင့်နိုင်ငံ တကာစာအုပ်စာတမ်းများကိုစာကြည့်တိုက်များအတွက်မှာယူပြီး
ကူညီထောက် ပံ့ပေးခြင်း၊ပုဂ္ဂလိကစာကြည့်တိုက်များကိုထောက်ပံ့ကူညီခြင်း၊စာကြည့်တိုက်များကိုလူမျိုးမရွေးဘာသာမရွေး
လွတ်လပ်စွာ စာဖတ်ခွင့်၊ လေ့လာခွင့်ကို အမြင်ကျယ်ကျယ် ထားပြီးခွင့်ပြုရမည်။

ထို့ပြင်ကျောင်းသားအဖွဲ့အစည်းများ၊စာဖတ်အသင်းများဖွဲ့စည်းခြင်းများကိုလည်းနှစ်နှစ်ကာကာအားပေးခြင်းအ
ပြင်ကျောင်းသားခေါင်းဆောင်များနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊
လူငယ်တင်ပြချက်များကိုတ လေးတစားနားထောင်ခြင်း၊ တိုင်းပြည်အတွက်အကျိုးရှိသည့် တောင်းဆိုချက်များကိုလိုက်လျော
ပေးခြင်းတို့ဖြင့် ကူညီခြင်းဖြင့် အစိုးရနှင့်ကျောင်းသားများ အကြားနှစ်ပေါင်းများစွာပျက်စီးယိုယွင်းနေသော
ဆက်ဆံရေး ကို အပြန် အလှန် လေးစားမှုဖြင့်ယုံကြည်မှုကို တည်ဆောက်ရမည်။

၎။ လွတ်လပ်သောတရားရေးဌာန ပေါ်ပေါက်ရေး။

လွတ်လပ်သောတရားရေးဌာနပေါ်ပေါက်ရေးသည်ဒီမိုကရေစီရှိပြီးနိုင်ငံနှင့်တည်ဆောက်ဆဲနိုင်ငံတို့တွင်မရှိမဖြစ်လိုအပ်သည်။ အမေရိကန်နိုင်ငံတွင်လွတ်လပ်သောတရားရေးဌာနသည်အစိုးရသြဇာအာဏာစက်မှသီးခြား
ကင်းလွတ်နေရသည်၊ဗဟိုတရားရုံးတရားသူကြီးချုပ်နှင့်အပေါင်းအပါအဖွဲ့ဝင်ဗဟိုတရားသူကြီးများကိုသမတမှ
ရွေးချယ်ပေးသော်လည်းအထက်လွှတ်တော်မှဖွဲ့စည်းပေးလိုက်သောစစ်ဆေးရေးကော်မီတီမှအပြန်ပြန်အလှန်လှန်စစ်ဆေး ပြီးအတည်ပြုမှသာတရားသူကြီးတာဝန်ကိုထမ်းဆောင်ခွင့်ရသည်၊တချို့စစ်ဆေးနေစဉ်အပြစ်အနာအဆာများပေါ်လာသဖြင့် နှုတ်ထွက်ရသူများလည်းရှိသည်။ထိုဗဟိုတရားသူကြီးအဖွဲ့သည်သမတကိုပင်တရားဥပဒေချိုး ဖေါက်ပါကဖြုတ်ချ ပစ်နိုင်သည့်အာဏာရှိသည်၊
တရားဥပဒေအထက်တွင်ဘယ်သူမှမရှိဆိုသည့်ဆောင်ပုဒ်အတိုင်းကျင့်သုံးကြသည်။ ဒီမိုကရေစီနိုင်ငံတည်
ဆောက်စတွင်တရားဥပဒေစိုးမိုးရေးသည်လွန်စွာမှအရေးကြီးသည်၊အစိုးရဝန်ထမ်းများအကျင့်ပျက်လာဘ်စားမှု
များကိုအရေးယူရာ၌လွတ်လပ်၍သမာဓိရှိသောတရားသူကြီးများရှိဘို့လိုသည်၊သိုမှသာအကျင့်ပျက်မှုများကိုထိရောက်စွာတိုက်ဖျက်နိုင်မည်ဖြစ်ပေသည်။
အစိုးရအရာရှိကြီးများ၏အကျင့်ပျက်မှုများကိုထိထိရောက်ရောက်အရေးယူနိုင်သည့်တရားရေးဌာနရှိခြင်းကြောင့်မတရားဖမ်းဆီးအရေး ယူမှုများ၊အမှုဆင်ထောင်ချမှုများ၊နှိပ်စက်ညှင်းပန်းမှုများ၊အာဏာအလွန်အကျွံသုံးစွဲမှုများကိုဟန့်တားနိုင်မည်ဖြစ်သည်။တရားဥပဒေစိုးမိုးလာသည့်အခါပြည်သူများကြောင့်ကျကင်းစွာလုပ်ကိုင်စား
သောက်ခွင့်ရရှိလာကြမည်ဖြစ်သည်။ ဘက်မလိုက်သောတရားရေးမဏ္ဍိုင်သည်ဒီမိုကရေစီကျင့်သုံးသော နိုင်ငံအတွက်အသက်တမျှအရေးကြီးသည်။တရားဥပဒေစိုးမိုးရေးသည်ဘက်မလိုက်သောတရားရေးမဏ္ဍိုင်ရှိမှအောင်မြင်နိုင်သည်။
သို့မဟုတ်ပါက မတရား ဥပဒေကျင့်သုံးသူများကအ နိုင်ယူသွားတတ်သည်ကိုသတိပြုမိဘို့လိုသည်။

၅။ လက်ဝါးကြီးအုပ်စီးပွါးရေးစံနစ်ကိုယှဉ်ပြိုင်ရန်အင်အားနည်းပါးသူများနှင့်လုပ်ငန်းရှင်လေးများကို ကာကွယ်ရေး။

ယနေ့မြန်မာနိုင်ငံတွင်လက်ဝါးကြီးအုပ်စီးပွါးရေးစံနစ်ဖြင့်စစ်ဗိုလ်ချုပ်များ၏အခွင့်ထူးခံစီးပွါးရေးသမားများကတိုင်းပြည်၏သံယံဇာတများ ကိုလိုင်စင်များရယူလျက်လှိုင်လှိုင်ထုတ်ရောင်းခြင်း၊ကားတင်သွင်းခွင့်ပါမစ်များ၊တယ်လီဖုံးလိုင်းပါမစ်များ၊လေကြောင်းလိုင်းများ၊ သစ်ကွက်များ၊ငါးဖမ်းကွက်များ၊ပင်လယ်ကမ်းခြေရှိအပန်းဖြေသောင်ကမ်းများအားလုံးကိုရယူပိုင်ဆိုင်ထားလျှက်ရှိသည်၊ ထိုခေတ်ပျက်သူဠေးများနှင့်သာမန်ပြည်သူများယှဉ်ပြိုင်နိုင်သောအင်အားမရှိချေ၊ထို့ကြောင့်အစိုးရမှစီးပွါးရေးလုပ်နိုင်ရန် အကာအကွယ်ပေးသည့်ကန့်သတ်ချက်များဥပဒေများကိုထုတ်ပြန်ပေးရမည်။ထိုမှတဆင့်အသေးစားအိမ်တွင်း စက်မှုလက်မှုလုပ်ငန်းရှင်လေးများတဖြေးဖြေးကြီးထွားလာပြီး၊ပြည်သူများစားသုံးရန်ပြည်တွင်းကုန်ချော ထုတ်လုပ်မှုအား ကောင်းလာမည်ဖြစ်သည်။အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးလာသည့်အလျှောက်အလုပ်အကိုင်များပေါများ လာပြီးပြည်သူများစားဝတ်နေရေးချောင်လည်လာကြခါထိုမှဆင့်လူနေမှုအဆင့်အတန်းမြင့်မားလာနိုင်မည်ဖြစ်သည်။

၆။ သတင်းမီဒီယာများလွတ်လပ်စွာထုတ်ဝေခွင့်၊ရေးသားခွင့်၊အသံလွှင့်ခွင့်၊ရိုက်ကူးခွင့်ရရှိရေး။

ဒီမိုကရေစီနိုင်ငံတခုတွင်သတင်းမီဒီယာလွတ်လပ်မှုသည်အထူးပြောစရာမလိုသောကိစ္စရပ်တခုဖြစ်သည်၊
ထိုပြောစရာမလိုသောကိစ္စကိုမြန်မာနိုင်ငံတွင်ပြောနေ၊တောင်းနေရခြင်းသည်ကပင်၊ ဒီမိုကရေစီနိုင်ငံအဖြစ်မ
ရောက်သေးကြောင်းဖေါ်ပြနေသည်။အစိုးရကသတ္တိရှိရှိ မီဒီယာလွတ်လပ်ခွင့်ပေးခြင်းကြောင့်နှစ်ပေါင်းများ
စွာအ မြစ်တွယ်နေသောအဂတိလိုက်စားမှုများ၊အာဏာအလွန်အကျွံသုံးစွဲမှုများကိုမီဒီယာမှရေးသားဖွင့်ချခြင်း
ဖေါ်ပြ ခြင်းကြောင့် မတရားလုပ်သူမည်သူမဆိုအရေးယူ အပြစ်ဒါဏ်ပေးခြင်းဖြင့် အကျင့်ပျက်မှုများကို
အစိုးရမှတရား ဥပဒေစိုးမိုးရေးကိုရှေးရှု၍ထိရောက်စွာလုပ်ဆောင်နိုင်ရန်အခွင့်အလမ်းရရှိနိုင်မည်ဖြစ်သည်။
အစိုးရကမှန်မှန် ကန်ကန်လုပ်နေသမျှမီဒီယာသည်မတရားမှုကိုဖေါ်ထုတ်ပေးသည့်အထောက်အကူပြုမိတ်ဆွေဖြစ်သည်။
သို့ရာတွင်မှန်မှန်ကန်ကန်မလုပ်သောအစိုးရ၊ တည်ဆဲတရားဥပဒေများကိုချိုးဖေါက်နေသောအစိုးရ
အတွက်မီဒီ ယာသည်ရန်သူဖြစ်နေပေလိမ့်မည်။ အမေရိကန်သမတရစ်ချက်နစ်ကဆင်သည်သူ့ပြိုင်ဖက်ဒီမိုကရက်တစ်
ပါတီ ပြောစကားများကိုခိုးယူအသံဖမ်းခိုင်းခြင်းကိုမီဒီယာမှဖွင့်ချခဲ့သဖြင့်သမတရားထူးမှနှုတ်ထွက်ခဲ့ရခြင်းသည်မီဒီ
ယာလွတ်လပ်ခွင့်ကြောင့်ဖြစ်သည်။ နစ်ကဆင်က“မီဒီယာဟာငါ့ရန်သူကွ” ဟုသူ့လူများကိုပြောသောတယ်လီ
ဖုံးမှတ်တမ်းကိုထုတ်ပြန်သည်အခါတွင်ဖတ်ရသည်။ နစ်ကဆင်သည်ဒီမိုကရေစီစံနစ်နှင့်တက်လာသောသမတဖြစ်သော်လည်းဘာ့ကြောင့်မီဒီယာကိုရန်သူဟုမြင်သနည်း?
မေးစရာရှိသည်။ အဖြေကရှင်းသည် သူမဟုတ်တာလုပ်နေသည့်အတွက် မီဒီယာကိုမုန်းခြင်းဖြစ်သည်။
မီဒီယာသည်မဟုတ်တာလုပ်သည့် သူများကြောက်စရာ၊မုန်းစရာဖြစ်သလို တရားဥပဒေကိုလေးစားလိုက်နာ
သောသူများအတွက်အားကိုးအားထားပြုရာမိတ်ဆွေကောင်းဖြစ်သလိုပြည်သူများအတွက်လည်းအလင်းပြမီး
တိုင်ဖြစ်သည်။

၇။ လွတ်လပ်သောလူ့ဘောင်အဖွဲ့အစည်းများဖွဲ့စည်းခွင့်ရရှိရေး။

လွတ်လပ်သောလူ့ဘောင်အဖွဲ့အစည်းများ(Civil Soceity) အကြောင်းကိုယ္ခင်ဆောင်းပါးများတွင်ရေးသား ပြီးဖြစ် သဖြင့် အထူးမရေးလိုတော့ပါ။
အစိုးရထိန်းချုပ်မှုမှသီးခြားကင်းလွတ်သော လွတ်လပ်သော လူ့ဘောင်အဖွဲ့ အစည်းများတွင်လူထုလူတန်းစားအဖွဲ့အစည်းပေါင်းစုံပါဝင်သည်။
ဥပမာအားဖြင့်တောင်သူလယ်သမားအစည်း အရုံး၊ အလုပ်သမားအစည်းအရုံးများ၊ ကျောင်းသားသမဂ္ဂများ၊
ရှေ့နေအသင်းများ၊ ဘာသာရေးအသင်းများ၊ အမျိုးသမီးအသင်းအဖွဲ့များ၊ စာဖတ်အသင်းများ၊ စသည်ဖြင့်တို့လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိခြင်း။
ထိုအဖွဲ့အစည်းများ သည်မိမိအဖွဲ့ဝင်များအပေါ်အစိုးရမှအာဏာအလွန်အကျွံမသုံးစွဲနိုင်ရန်ကာကွယ်ခွင့်ရှိသည့်အတွက်၊မတရားလုပ်
ရပ်များကျင့်သုံးလာသည့်အခါမိမိအဖွဲ့သားများအခွင့်အရေးကိုတရားဥပဒေဘောင်အတွင်းမှနေအစိုးရလုပ်ရပ်ကိုဆန့်ကျင်ရင်ဆိုင်ရင်းတရားဥပဒေစိုးမိုးရေးကိုအထောက်အကူပြုကြားကန်ပေးသဖြင့်လူ့အခွင့်အရေးများအာမခံ ချက်ရရှိလာသည်။ ထိုအခါတရားဥပဒေစိုးမိုးရေးအားကောင်းလာပြီးခိုင်မာသောဒီမီုကရေစီနိုင်ငံကြီးအဖြစ်ပေါ် ပေါက်လာ မည်ဖြစ်သည်။

၈။ ဂုဏ်ကြက်သရေရှိသောအမျိုးသားတပ်မတော်အသွင်ပြန်လည်ပြောင်းလဲနိုင်ရေး။

ဂုဏ်သရေရှိသောတပ်မတော်ပေါ်ပေါက်ရေးသည်ဒီမိုကရေစီနိုင်ငံတိုင်းတွင်မရှိမဖြစ်လိုအပ်ချက်
တစ်ရပ် ဖြစ် သည်။ ယနေ့တပ်မတော်သည် ပြည်သူ့တပ်မတော် ဆိုသည်ထက် ကာကွယ်ရေးဦးစီးချုပ်၏
ကိုယ်ပိုင် ခါးပိုက်ဆောင်တပ်အဖြစ် အသွင်ပြောင်းခံထားရသည့် တပ်မတော်ဖြစ်နေခဲ့သည်။ ထို့အတွက်
တိုင်းပြည် ကာကွယ်ရေး အတွက် အလုပ်မလုပ်နိုင်ပဲ ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်ကျိုးစီးပွါးကို
ကာကွယ်ရေး အပြင် တိုင်းရင်းသား ပြည်သူတို့ကို နှိပ်ကွပ်သည့်တပ် ဖြစ်လာခဲ့သည်။

၂၀၀၈အခြေခံဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်သည် လိုအပ်လျှင် တိုင်းပြည်၏ အချုပ်အချာအာဏာကို
တရားဝင် သိမ်းယူနိုင်ခွင့်ရှိသည်ဟု ထည့်သွင်းထားချက်သည် အုပ်ချုပ်သူအစိုးရအဖွဲ့အစည်းက
တပ်မတော်ကို ပြန်ကြောက်နေရမည့်သဘောမျိုးဖြစ်သည်။ “မင်းတို့ ငါတို့တပ်မကြိုက်တာကို မလုပ်နဲ့
လုပ်လျှင် တရားဝင်အာဏာ သိမ်းလို့ရတယ်ကွ” ဟု ပြောနေသလို ဖြစ်သည်။ ထိုကဲ့သို့ ကာကွယ်ရေးဦးစီးချုပ်သည်
နိုင်ငံတော် သမ္မတ၏အာဏာကို ဖီဆန်နိုင်သည့် အနေအထားမျိုး ဖန်တီးထားသည့် အခြေခံဥပဒေ ကိုပြန်လည်ပြုပြင်ဖို့အထူးလိုအပ်သည်။

တပ်မတော်တွင် “တပ်မတော်သာလျှင်အမိ တပ်မတော် သာလျှင်အဖ”
ဆိုသည့် ဆောင်ပုဒ်သည် အလွန်ရိုင်းပြသောမိဘပြည်သူနှင့် တပ်ကို သွေးခွဲထားသည့် ဆောင်ပုဒ်ဖြစ်သည်။
ပြည်သူကို အလေးမထားပဲ စစ်ကျွန်အဖြစ် တပ်မတော်၏ အင်အားကို အသုံးပြုရန် စနစ်တကျ စီမံထားသောစိတ်ဓါတ်စစ်ဆင်ရေး
ဆောင်ပုဒ်တစ်ခုသာ ဖြစ်သည်။ ထိုအရုပ်ဆိုးလှသော ဖောက်ပြန်သည့် အတွေးအခေါ်ကို ပြောင်းလဲ၍
တပ်မတော်သည် ပြည်သူမှ မွေးဖွားလာ သည့် တပ်မတော် ဖြစ်သည်ဆိုသည့် မူလအတွေးအခေါ်ကို တပ်မတော်သားများအတွင်း
ပြန်လည်ရှင်သန်လာစေရန် ပြုလုပ်ပျိုးထောင်ပေးဖို့လိုသည်။ “ပြည်သူ သာလျှင်အမိ ပြည်သူသာလျှင်အဖ”
ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာကျင့်သုံးသော တပ်မတော်အဖြစ်သို့ အသွင်ပြန်လည်ပြောင်းလဲပြီး
ဒီမိုကရေစီနည်းအရ တက်လာသော အစိုးရကို သစ္စာခံသော တပ်မတော်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို
ကြိုးစား စွမ်းဆောင်သော တပ်မတော်၊ ဖြစ်ဖို့ အတော်ကြိုး စား ယူရအုံးမည်ဖြစ်သည်။ မြန်မာ့တပ်မတော်သည်
တိုင်းပြည်ကာကွယ်ရေးအတွက် မရှိမဖြစ်လိုအပ်သည်။ သို့ရာတွင် မြန်မာ့တပ်မတော်သည် ပြည်သူကို
ဖိနှိပ်ချုပ်ချယ်သော တပ်မတော် မဖြစ်စေရ။ ပြည်သူတို့ လေးစားယုံကြည်သော တပ်မတော်သာ ဖြစ်စေရမည်။
ထို့အတွက် မြန်မာ့ တပ်မတော်သည် -

(၁)
တိုင်းပြည်ကာကွယ်ရေးအတွက် စစ်ရေးသက်သက် ကျွမ်းကျင်သူ (Professional) များဖြင့် ဖွဲ့စည်းထား
သည့် တိုက်စွမ်းရည်မြင့် တပ်မတော်ဖြစ်ရမည်။

(၂)
တပ်မတော်သည် နိုင်ငံရေးကို ၀င်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြင်ရမည်။ စစ်မှန်သော ဒီမိုကရေစီအခြေခံဥပဒေအရရွေးကောက်
ဖွဲ့စည်းထား သော အစိုးရကို သစ္စာစောင့်သိ ရိုသေရမည်။

(၃)
တပ်မတော်သည် စီးပွါးရေးလုပ်ကွက်များကို ၀င်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြင်ရမည်။

(၄)
တပ်မတော်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးထိပ်ထား၍ လုပ်ဆောင်နိုင်သော အဖွဲ့အစည်း
ဖြစ်ရမည်။ ဖိနှိပ်အုပ်ချုပ်သော ယန္တယား မဖြစ်စေရ။

ထိုအချက်လေးချက်သည်
ယနေ့တပ်မတော်ကို ပြုပြင်ပြောင်းလဲရမည့် အချက်များဖြစ်သည်။ ဦးသိန်းစိန် အစိုးအနေနှင့်
ထိုအချက်များကို တစ်ခုပြီးတစ်ခု ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားဆောင်ရွက်နိုင်လျှင်
အလွန်ကောင်းမည် ဖြစ်သည်။ သို့မဟုတ်ပါက တစ်နေ့တွင် ကာကွယ်ရေး ဦးစီးချုပ်၏ အာဏာသိမ်းမှုကို
ခံရနိုင်ခြေရှိသည်။

ယနေ့ဦးသိန်းစိန်အစိုးရသည်နအဖအကျင့်အကြံများနှင့်လားလားမှမတူသည့်အပြုအမူကိုပြသဘို့လိုသည်။
စစ်အာဏာရှင်လမ်းကြောင်းသို့ဦးလှည့်နိုင်သည့်စစ်ဦးစားပေးမတရားဥပဒေများကိုဖျက်သိမ်းပစ်ခြင်း၊ဒီမိုကရေစီစံနစ်နှင့်ကိုက်ညီသောဥပဒေများကိုပြဌါန်းခြင်း၊မိမိအစိုးရသည်ယ္ခင်စစ်အစိုးရနှင့်မတူကြောင်းကိုပြသသည့်အနေ
ဖြင့်စစ်အာဏာစက်ဖြင့်မတရားပုဒ်မတပ်ဖမ်းဆီးထားသောအတိုက်အခံနိုင်ငံရေးအ ကျဉ်းသားများကိုချွင်း
ချက် မရှိလွှတ်ပေးခြင်း ဖြင့်မိမိ၏ကောင်းမွန်သောစေတနာကိုအများကိုပြသရန်လိုပေသည်။

ဦးသိန်းစိန်အစိုးရသည်အမှန်တကယ်စေတနာဖြင့်ပြည်သူပြည်သားများအားဒီမိုကရေစီပေးချင်မပေးချင်ဆိုသည်ကိုယခုအချိန်အထိရေရေရာရာမရှိသေးချေ၊
အဘယ့်ကြောင့်ဆိုသော်နိုင်ငံတကာနှင့်တပြည်လုံးလိုလားနေသည့် နိုင်ငံရေးအကျဉ်းသားများကိုမလွှတ်သေး၍ဖြစ်သည်။
ထို့ကြောင့်ဒီမီုကရေစီအင်အားစုများနှင့်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများသည်မိမိတို့၏ကျိုးစားအားထုတ်နေသည့်လုပ်ငန်းစဉ်များကိုမူလရည်မှန်းချက်များအတိုင်းဆက်လက်လုပ်ဆောင်ရင်းသတိနှင့်စောင်ကြည့်နေဖို့လိုပေသည်။
စစ်မှန်သောဖဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊
ပြည်ထောင်စုတပ်မတော်ပေါ်ပေါက်ရေးတို့ကိုမျက်ခြေမပြတ်ဖို့လည်းလိုပေသည်။

ထွန်းအောင်ကျော်

၂၄ရက်၊ ၉လ ၊ ၂၀၁၁ ခုနှစ်

Write A Comment

Rohingya Exodus