Latest Highlight


Credit : Wikipedia


အမေရိကန်ပြည်ထောင်စုက ရီပတ်ဘလစ်ကန်ပါတီရဲ့ အထက်လွှတ်တော် ခေါင်းဆောင် Mitch McConnell ရှေ့တပတ်ထဲ မြန်မာနိုင်ငံ ကိုသွားဖို့ ရှိပါတယ်။

အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေအပေါ် အားပေးထောက်ခံခဲ့ သူလည်းဖြစ်၊ မြန်မာအစိုးရအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူ တဦးလည်းဖြစ်တဲ့ အထက် လွှတ်တော်အမတ် McConnell ဟာ တနင်္ဂနွေနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ ကြာသပတေးနေ့ကပဲ ကြေညာချက်တစောင် ထုတ်ပြန်ပြောဆို လိုက်တာပါ။

ခရီးစဉ်အတွင်းမှာတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့သာမက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တွေ လုပ်ဆောင်မယ်လို့ ကတိပြုထားတဲ့ မြန်မာအစိုးရနဲ့ အမေရိကန်အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက ဆက်ဆံရေးတွေ တိုးမြှင့်လာရာက နိုင်ငံတကာ သံတမန်တွေ မြန်မာနိုင်ငံတွင်း ဆက်တိုက်ဆိုသလို သွားရောက်နေတဲ့အထဲ အထက်လွှတ်တော်အမတ် McConnell ကိုလည်း နောက်ဆုံးအဖြစ်နဲ့ တွေ့ရတာပါ။

ဒီတပတ်ထဲမှာပဲ ဒီမိုကရက်ပါတီ အောက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ Joseph Crowley လည်း မြန်မာနိုင်ငံကို သွားရောက်ပြီး ကြာသပတေးနေ့မှာတော့ နိုင်ငံရေး အကျဉ်းသားမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။

တချိန်တည်းမှာပဲ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုယ်စားလှယ် Derek Mitchell လူကုန်ကူးမှုဆိုင်ရာ အမေရိကန် သံအမတ်ကြီး Luis CdeBaca တို့လည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီး အစိုးရတာဝန်ရှိသူတွေအပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Credit VOA Burmese

(အောင်မိုးဝင်း)


ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို မြတ်မြတ်နိုးနိုးလွှင့်ထူခဲ့တဲ့ ရဲဘော်တွေအားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ နှုတ်ဆက်လိုက်ပါရစေ။ နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်းတဲ့ခြေလှမ်းတွေနဲ့ ရှေ့ခရီးဆက်ကြမယ်။ မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ပတ်ဝန်းကျင် ကို ရှင်းထုတ်ကြမယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( အထက်ဗမာပြည်) ရဲဘော်တယောက်အနေနဲ့၊ ၁၉၉၀ မန္တလေးညီလာခံကို လာရောက်တက်ခဲ့ကြတဲ့ မိုးညှင်းဒေသက ကျောင်းသားတပ်မတော် ရဲဘော်တွေကို အထူးတလည် နှုတ်ခွန်းဆက်သ ချင်သလို၊ကျောင်းသားတပ်မတော် ( မြောက်ပိုင်း)ရဲ့တော်လှန်ရေးသမိုင်းဂုဏ်သိက္ခာကိုသွေးစီးချောင်းတွေပေါ်မှာမျှောချ၊အဖွဲ့ဖျက်ပစ်သည်အထိ သေးသိမ်အောင်လုပ်ခဲ့ကြတဲ့၊ သူ့လူကိုယ့်ဘက်သား လူသတ်သမားများကိုတော့ သမိုင်းစာရင်းရှင်းတမ်းအဖြစ် ဆက်လက်လုပ်ဆောင်သွားကြပါမယ်။ ကျောင်းသားတပ်မတော်နဲ့ တော်လှန်ရေးကို အသက်စွန့်ပြီး ချစ်ခဲ့ကြပေမဲ့၊ ကျဆုံးစာရင်းမှာ အသိအမှတ်ပြုမခံရတဲ့ ရဲဘော်တွေအတွက် ဆက်လက်မေးခွန်းထုတ် ကြရပါလိမ့်မယ်။ စိန်ခေါ်တောင်းဆိုကြရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ သူတပါးကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေကို ကျနော်တို့ဆီ လောင်မြိုက်ကူးစက်မှုတွေ မရှိစေချင်ပါဘူး။ ပြဿနာတွေကို စိတ်အေးအေးထားပြီး ဖြေရှင်းကြရပါလိမ့်မယ်။ လူပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာ မုန်းတီးခြင်းမျိုး၊ တဖွဲ့နဲ့တဖွဲအုပ်စုဖွဲ့ သိက္ခာချတိုက်ခြင်းမျိုးကို ရှောင်ရှားပြီး၊ ဒီမိုကရေစီအရေးတော်ပုံရုန်းကန်မှုရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူကြသင့်ပါတယ်။

မှတ်တမ်းအဖြစ်လောက်သာ ထားရှိခြင်းမပြုလုပ်ပဲ၊ ဆက်လက် အရေးယူဆောင်ရွက်ရပါမယ်။
တကယ်တော့ ဒီအကြောင်းအရာတွေကို ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ဆုံးခန်း တိုင်တဲ့အချိန်ကျမှ ဖွင့်ပြောဖို့ မြိုသိပ်ခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကို လေးမြတ်စွာလုပ်ကိုင်နေကြတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တွေ နဲ့ လှုပ်ရှားမှု သမိုင်းကို မထိခိုက်စေချင်တာတကြောင်း၊ ကျန်တဲ့ မျိုးဆက်သစ်လူငယ်တွေ ဟာ ဒီအကြောင်းအရာတွေကို ဖတ်ပြီး နိုင်ငံရေးအပေါ် စိတ်ပျက်သွားမှာ တကြောင်းကြောင့် ဖွင့်မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ အစုလိုက်အပြုံလိုက်၊ လူသတ်မှုမှာပါဝင်ပတ်သက်နေခဲ့တဲ့သူတွေဟာ၊ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ကို စံနစ်တကျဖျက်ဆီးသွားပြီး နောက်၊ ထိုင်းနယ်စပ်မှာ အကျင့်ပျက်ခြစားမှုတွေကို အုပ်စုလိုက်ကျူးလွန်ပြီး၊ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေတွေကို အောင်သေအောင်စား စည်းဇိမ်ခံ ပျော်မြူးခဲ့ကြတယ်။ ပြည်ပ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုကို နာမည်ပျက်အောင်လုပ်ခဲ့ကြတယ်။ နိုင်ငံတကာကယုံကြည်မှုမဲ့လာပြီးNGOsတွေနဲ့ငွေထောက်ပံ့သူတွေကပြည်တွင်းကိုအာရုံရွေ့သွားတဲ့အခါမှာတော့ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်ရှုပ်ကြဖို့ ခြေလှမ်းပြင်နေကြတယ်။ ဒီတခါတော့ မရတော့ပါဘူး။
(၂)
ဒီနေရာမှာ KIA နဲ့ ပတ်သက်လို့ ပြောစရာတခုရှိပါတယ်။ ကျောင်းသားတွေ အယောက်(၉၀) ကျော်ဖမ်းထားတာကို ကြားတော့ KIA ဗိုလ်မှူးတွေက လာရောက်မေးပါတယ်။ ( ထုံးစံအားဖြင့်တော့ KIA က ကျောင်းသားတပ်မတော်အပေါ်မှာ ဝင်ရောက်စွက်ဖက်လေ့မရှိပါဘူး)၊ “ ငါတို့မှာ ဘရန်ဆိုင်းလက်ထက်ကတည်းက ရန်သူ့ထောက်လှမ်းရေးဆိုလို့ (၅) ယောက်လောက်သာ မိဘူးပါတယ်။ မင်းတို့ဟာက များလှချည်းလား။ ဟုတ်လို့လား” ဆိုတော့ “ ရော်နယ်အောင်နိုင် က အော် - ဗိုလ်မှူးတို့ကလည်း ကျားကိုက်ပါတယ် ဆိုမှ အပေါက်နဲ့လား လို့ မေးနေရသေးတယ်။ ဗိုလ်မှူးတို့က ငါးယောက်ပဲ မိတယ်ဆိုတော့ ညံ့တာပေါ့” လို့ ရယ်မောပြီးဖြေတယ်လို့သိရပါတယ်။ ရော်နယ်အောင်နိုင် ရဲ့ “ All the Wars are Dirty” အင်တာဗျူးမှာ ကေအိုင်အေ အပေါ်အပြစ်တွန်းချထားတဲ့ စကားတွေကို ပြုံးမိပါတယ်။ လူသတ်တာတွေကြားတော့ ဖုံးမရဖိမရ အနံ့တွေထွက်လာတဲ့အခါကျတော့ ကေအိုင်အေ က စစ်ခေါင်းဆောင်တွေ ဇွတ်အတင်းဝင်ရောက်လာပြီး ရပ်ခိုင်းတော့တယ်။ နန်းအောင်ထွေးကြည် ကို ခေါ်ထုတ်သွားတယ်။
တကယ်တော့ လူသတ်မှုအပြင် နောက်ထပ်မေးရမဲ့ မေးခွန်းတခုကတော့ အေဘီ ( မြောက်ပိုင်း) ဟာ ဗဟိုလို မဟုတ်ပါဘူး။ ဗဟိုကော်မတီတွေက ချမ်းသာကြပါတယ်။ ကေအိုင်အေ ဆီက ကျောက်စိမ်းတွင်းတွေအပါအဝင် အထောက်အပံ့တွေရထားကြပါတယ်။ အဲ့ဒီ ရံပုံတွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ကာယကံရှင်တွေဖြေဆိုနိုင်ကြပါလိမ့်မယ်။
(၃)
ပထမပိုင်းအနေနဲ့ မြောက်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်းကို ပေးပို့လိုက်ပါတယ်။ လူနှစ်ယောက်အကြောင်းကိုတော့ အထူးပြောချင်ပါတယ်။
တဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ရဲမေ မခင်ချိုဦး အကြောင်းပါ။ သူမ နဲ့ စွပ်စွဲခံရတဲ့ ပြည်စိုးနိုင် (ရန်ကုန်) ကို လိုင်စင်လို အေးခဲတဲ့ရာသီအောက်မှာ မြေမြှုပ်ပြီး၊ ခေါင်းကိုသာမြေပေါ်ဖေါ်ထားခဲ့တယ်။ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားတဲ့အခါ၊ မခင်ချိုဦး ကို အေးခဲနေတဲ့ ရုပ်အလောင်းအား Oral Sex လုပ်ခိုင်းတယ်။ မျိုးဝင်းတို့ အုပ်စုတစုလုံးက မုဒိမ်းကျင့်ပြီး ခေါင်းဖြတ်သတ်ဖို့ လုပ်တဲ့အခါ၊ “ နောင်ဘဝမှာ ခုလို ခေါင်းပြတ်ကြီးနဲ့ မသေပါရစေနဲ့၊ သေနတ်နဲ့ပစ်သတ်ပေးပါ” လို့ တောင်းဆိုတဲ့အတွက် သံချောင်းက သေနတ်နဲ့ဝင်ပစ်ပေးခဲ့တယ်။ ဒုတိယတဦးကတော့ ကိုကျော်ဝေ ပါ။ သူ့ကို ပျော့မိုင်းနဲ့ချည်ပြီး ဘောလုံးကွင်းထဲပတ်ပြေးခိုင်းတယ်။ ပျော့မိုင်းကွဲသွားခဲ့တဲ့အတွက် လက် ပြတ်သွားတယ်။ အဲ့ဒီ လက်ပြတ်ကြီးနဲ့ပဲ အချုပ်ထဲမှာ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။ သူ့လိုပဲစစ်ကြေရေးကာလမှာ မိုင်းခွဲခံရတဲ့သူတွေရှိပါတယ်။
အောက်ဖေါ်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ် အသတ်ခံရသူတွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီး ဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ်အသုံးပြုထားခြင်းဖြစ်ပါတယ်။

(၁) ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)
သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

(၂) ကိုချိုကြီး ( မန္တလေး)
စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)
ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)
ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)
သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)
ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

(၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား)
ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊

(၈) ကိုလှမြင့် ( တပ်ကုန်း)
ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

(၉) ရဲဘော် ရန်အောင် ( ရန်ကုန်)
ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊

(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)
အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)
အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၂) ဗိုလ်သာဓု ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံခဲ့ရ

( ၁၃) ရဲဘော်အောင်အောင် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်

(၁၄) ရဲဘော်အေးမြင့် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်

(၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)
ခေါင်းဖြတ်သတ်ခံခဲ့ရသည်

(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံရ

(၁၇) ပြည်စိုးနိုင် ( ရန်ကုန်)

ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။

အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ ( မန္တလေး) နဲ့ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ်ခံရမှုထဲမှာ စာရင်းမကြေငြာခဲ့ပါဘူး။ စာရင်းမကြေငြာပဲ အသတ်ခံရသူတွေက
(၁) ကိုကျော်ဝေ ( မန္တလေး)
(၂) ကိုစိုးဝင်းသန်း ( မန္တလေး)- KIA ဆေးရုံမှာတက်နေစဉ်၊ သန်းဇော် နှင့် လူတစုမှလာရောက်ခေါ်ဆောင်သွားခါ အာသံကုန်းတွင် သတ်ဖြတ်ခဲ့သည်။
(၃) ကိုဝင်းနောင် (ရန်ကုန်) ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊
(၄)ကိုရန်ရှင်း (ရန်ကုန်)- ရက်စက်စွာနှိပ်စက်ခံခဲ့ရပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရသည်
(၅) ဦးကျော်ကျော်ဘုန်း ( ခရိုင်မှူး) - ရှေ့တန်းမှာ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်

ဒုတိယပိုင်းမှာ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူ (၁၄) ယောက်နှင့် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စစ်ကြောရေးစခန်းနှင့်အကျဉ်းထောင်မှာ တာဝန်ယူခဲ့သူများရဲ့နာမည်စာရင်းတွေ၊ အဖြစ်အပျက်တွေကို တင်ပြသွားပါမယ်။


ကျနော် ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မှုးအောင် နဲ့တွေ့ဆုံခဲ့တုန်းက သတိရမိတာလေးတခုပါ….သူက ဦးနေ၀င်းနဲ့ပတ်သက်ပြီး အမုန်းဆုံးအရာတခုကိုကောက်ချက် ပေးပါတယ်။

“ ငါ….. ကိုရှုမောင် ( ဦးနေ၀င်း ၏အမည်ရင်း) ကိုအမုန်းဆုံးအရာတွေထဲမှာ…ပြည်တွင်းစစ်မီးလှုံတာကို အမုန်းဆုံးပဲကွာ……………”

“ ဘဘ….ပြည်တွင်းစစ်မီးလှုံတယ်ဆိုတာ…ဘာလည်း ”

“ဆောင်းတွင်းအေးရင်..မီးလှုံကြတယ်မဟုတ်လား…..အအေးဓါတ်ကိုအကာကွယ်ရအောင်ပေါ့ကွာ….ဒီလိုပဲ…ကိုရှုမောင်က…သူ့ကိုအကာကွယ်ဖြစ်နေအောင်…စစ်တပ်ကိုကြီးထွားသထက်ကြီးထွားနေအောင်….ငြိမ်းလို့ရတဲ့မီးတွေကို မငြိမ်းပဲ…အငွေ့လှုံနေတာ….ဒါကိုဆိုလိုတာ…”

“ ငြိမ်းလို့ ရတဲ့မီးဆိုတာ ကရော..ဘာကိုဆိုလိုတာလည်း ဘဘ ”

“ ပြည်တွင်း ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်….ဘာပဲလုပ်လုပ်…သူက မရိုးသားဘူး…ပြည်သူနဲ့ နိုင်ငံတကာကို လှည့်ဖျားချင်လို့သာ….ခေါင်းစဉ်လှလှ အမည်တတ်ထားတာ…အနှစ်သာရမှာက ဒီလိုမဟုတ်ဘူးကွ…..သူက အတိုက်အခံ လက်နှက်ကိုင်အဖွဲ့တွေနဲ့ ပြေလည်မှာကို လိုလားတာမဟုတ်ဘူး….တကယ်တော့ အာဏာစက်ကျယ်ချင်လို့ရူးသွပ်ခြင်းတမျိုးပါကွာ……ဒီလူ့မှာအလွန်ရူးတာတခုရှိတယ်…အဲဒါဘာလည်းဆိုတော့…..အာဏာစက်ကျဉ်းမှာကို သူက အလွန်ကြောက်တာကွ ”

ကျနော့်နားထဲမှာ…ဗိုလ်မှုးအောင်..ပြောခဲ့တဲ့အာဏာစက်ကျဉ်းမှာကိုကြောက်တယ်ဆိုတဲ့စကားကစွဲထင်နေ မိတယ်…..တကယ်တော့ တော်တော်တရားကျစရာကောင်းတဲ့ အဖြစ်တွေပါ…ဒါတွေဟာ ပဒေသရာစ် စိတ်မကုန်သေးတဲ့ အတွေးအခေါ်များသာလျှင်ဖြစ်နေပါလိမ့်မယ်….ခေတ်အဆက်ဆက် ရိုက်သွင်းလာတဲ့ ၀ါဒဖြန့်ချီရေးတခုရှိသေးတယ်…နယ်ချဲ့ဆိုတဲ့အရာ…ကိုယ့်ကိုနယ်ချဲ့လာမှာကိုကြ…တွေးပြီးတောင်ကြောက်နေ ကြတယ်…ကိုယ်က နယ်ချဲ့ခဲ့တာကိုကြ…အားရပါးရချီးမွမ်းလို့မဆုံးဘူး….ဗမာ ဘုရင်တွေလက်ထက်မှာ သူများနယ်မြေအင်ပါယာတွေကိုသွားနယ်ချဲ့….သူရဲကောင်းကြီးတွေလုပ်ကြတဲ့လုပ်ရပ်ဟာ…ကောင်းတဲ့လုပ်ရပ်လားစဉ်းစားကြည့်ရအောင်ပါ……သူတို့သူရဲကောင်းဆိုတာ….

(အခုသူတို့လည်းမသိနိုင်တော့ပါဘူး…သေကုန်ကြပြီပဲဟာ)…..မသေပဲကျန်ရစ်အသက်ရှင်နေသေးတဲ့သူတွေမှာတော့ဘာမသိညာမသိ…အနှိပ်စက်ခံနေရတုန်း…အသတ်ခံနေရတုန်း(ထိုင်းနိုင်ငံမှာ…နှစ်ပေါင်းသုံးရာကျော်လောက်ကဖြစ်သွားတဲ့ကိစ္စက…အခုထိမြန်မာနိုင်ငံ သား တွေအတွက် ခံနေရဆဲ…..နယ်ချဲ့ခဲ့လို့ အဲဒီ့ သူရဲကောင်းတွေ အကျိုးရှိ မရှိတော့မသိဘူး….ထိုင်းနိုင်ငံမှာ အခု အလုပ်သွားလုပ်နေတဲ့ အလုပ်သမားများစွာတော့…အခုထိ ခံနေရတုန်းပါ )

အခုမြန်မာနိုင်ငံမှာလည်းပြည်တွင်းစစ်မီးတွေတောက်လောင်နေတော့…စဉ်းစားကြည့်မိတယ်…ဗိုလ်မှုး အောင်ပြောခဲ့ တဲ့စကားက မှန်နေပြီ…လက်ရှိ တက်လာတဲ့ အစိုးရသစ်ကလည်း….မြစ်ဆုံကိစ္စ ၊ နိုင်ငံရေးအကျဉ်းသားအနည်းငယ်လွှတ်ပေးတဲ့ကိစ္စတွေနဲ့…နည်းနည်းလေးချီးကျူးမယ်မှမကြံရသေးဘူး…… ကချင်အပါဝင်…တိုင်းရင်းသားနယ်မြေတွေဘက်မှာ…ထိုးစစ်တွေဆင်လိုက်တာ…သေလိုက်ကြတဲ့သူတွေ…ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေနည်းလားဗျာ….သူတို့ အာဏာစက် ကျယ်ချင်တာနဲ့ ပေးဆပ်နေရတဲ့ စစ်သားတွေ ပြည်သူတွေ၊တိုင်းရင်းသားတွေ……လက်ရှိတပ်မတော်သားတွေလည်း စဉ်းစားသင့်တယ်….ဒါဟာ ဖြစ်သင့်တဲ့ ၊ ဆင်နွှဲသင့်တဲ့ စစ်ပွဲတွေလား……..တိုင်းပြည်ဘဏ္ဍာတွေ အများကြီးဆုံးရှုံးနေယုံမက..လူတွေလည်းသေကျေ ဒုက္ခ ဆင်းရဲတွေနဲ့ ဆုံနေရပါပြီ……. တဘက်ထဲ တင်မဟုတ်…နှစ်ဘက်လုံး…တလောက ကေအိုင်အေက ဖမ်းမိတဲ့စစ်သားတွေကို… ဗွီဒီယိုမှာ ကြည့်လိုက်ရတော့…..စိုးရမ်ကြောက်လန့်နေတဲ့မျက်လုံးတွေ…အသွင်ပြင်အမူအရာတွေ…….ဘယ်သူ့မှာတာဝန်ရှိသလည်း…….ဒါဟာပြည်တွင်းစစ်မီးဖန်တီးနေသူမည်သူမဆို…တာဝန်ရှိ တယ်…..

ကျနော်ဆောင်းပါးလေးတပိုဒ် အင်တာနက်ကနေဖတ်လိုက်ရတာရှိတယ်….ဒုတိယ ကမ္ဘာစစ်ကာလက ဂျာမဏီ အာဏာရှင်ကြီး ဟစ်တလာ အမြဲပျော်နေတတ်တဲ့ တချိန်ရှိတယ်တဲ့….သူ့ဘေးက စစ်ဗိုလ်ချုပ်တွေကကမ္ဘာ့မြေပုံကြီးကိုတုတ်နဲ့ထောက်ထောက်ပြီး…သူတို့သိမ်းပိုက်ထားတဲ့နယ်မြေတွေကိုအရောင်ခြယ်ရှင်းလင်းပြသနေချိန်ဆို….ဟစ်တလာမျက်နှာကြီးက၀င်းပနေတာပဲတဲ့….(ကျနော်ကတော့တွေးမိလိုက်ပါတယ်…နောက်ဆုံးစစ်ရှုံးပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရမဲ့အဖြစ်ကို သူမှကြိုမသိနိုင်တာကိုး ) ။

နောက်ဆုံး….ကဒါဖီကိုပဲကြည့်ပါ….တခါကသူ့ကိုသူကြွေးကျော်ခဲ့ဘူးတယ်……အာဖရိက…ကဘုရင် များရဲ့ဘုရင်တဲ့….ဘယ်လောက်ရူးသလည်းဗျာ…..အဲသလိုလူက…သူ့ဇာတိမြို့အသားတွေရောင်းတဲ့ဆိုင်ငယ် လေးအအေးခန်းထဲက…မွေ့ယာပေါ်မှာဆန့်ဆန့်လေး…(.သေတာတောင်ထည်ထည်ဝါ၀ါ မသေရတဲ့အဖြစ်)…သူ အာဏာစက်ကျယ်ချင်တာနဲ့….အမျိုးမျိုးဝါဒဖြန့်…..လူတွေကိုသေခိုင်း….။

အခုလည်း လက်ရှိ မြန်မာအစိုးရက ကျန်တာတွေကိုတော့ ဘာပဲဖြစ်ဖြစ်အနည်းအကျဉ်း ဆောင်ကျဉ်းပေးထားပြီးခါမှ….တိုင်းရင်းသားလက်နှက်ကိုင်ကိစ္စတွေမှာ…အာဏာစက်ကျယ်ချင်နေတာလား…..ကချင်နယ်မြေကိုအကြီးအကျယ်ထိုးစစ်ဆင်ဘို့…..တရုတ်အကူညီနဲ့ဗမာစစ်သားတွေကိုတရုတ်နိုင်ငံထဲပို့………လူသတ်ဘို့ကြံစည်ကြပြန်ပြီ……ကေအိုင်အေကိုအပြီးသတ်ချေမှုန်းလို့ရနိုင်ပါသလား….စဉ်းစားကြည့်ရအောင်ပါ…..နယ်မြေတွေကိုသိမ်းပိုက်ယူလို့ရချင်ရင်ရနိုင်ပါတယ်….ဒါပေမဲ့ကချင်တိုင်းရင်းသားတွေရဲ့လွတ်မြောက်လိုတဲ့ယုံကြည်ချက်တွေကို…ချေမှုန်းလို့ရနိုင်ပါသလား….ထို့အတူပဲ….ကရင်၊ရှမ်း၊မွန်၊ရခိုင်၊ကယား….သူတို့တတွေရဲ့ယုံကြည်မှု့နှလုံးသားတွေကို ဘယ်လက်နှက်နဲ့ အမြစ်ပြတ်ချေမှုန်းကြမလည်း……

လူဆိုတဲ့..သတ္တ၀ါဟာ…လောကကိုမလွန်မြောက်သေးခင်မှာ…….လောဘ၊ဒေါသ၊မောဟတွေနဲ့ရှင်သန်နေရတာပါ……ဒါသဘာဝပါ…တခါတလေ…အလကားနေရင်းတောင်မှဒေါသကထွက်နေတယ်….ဘာဖြစ်လို့ လည်းဆိုတော့…အလိုမကျလို့…အလိုတွေကိုမဖြည့်ဆီးနိုင်လို့….လူတွေအတင်းပြောကြတယ်ဆိုတာ…မိမိဒေါသတွေကိုအစာကြွေးကြတာပါ…..မိမိဒေါသတွေဆိုတဲ့အစစ်အမှန်ကိုမမြင်ပဲ….သူများတွေကိုလက်ညှိုးထိုးပုံချ လိုက်တာ…….သာမာန်လူတွေမှာသိပ်ပြသနာမရှိနိုင်ပေမဲ့…အာဏာကိုဆုတ်ကိုင်ထားတဲ့သူတွေမှာ…ပြသနာအ ကြီးအကျယ်ရှိပါတယ်…..ကိုယ့်ရဲ့လောဘ ဒေါသ မောဟ တွေအတွက် သူများတကာတွေကို ခုတုန်းလုပ်မိတတ်ပါတယ်…..အဲဒီလိုလူမျိုးတွေရဲ့နိဂုံးတွေဟာကောင်းမွန်ပါသလား…….မဝေးသေးတဲ့ကာလ တွေကိုပဲ လှမ်းမျှော်ကြည့်ရအောင်………………………..

အီရတ်က ဆဒတ်ဟူစိန်ဟာ…..ကြိုးစင်ပေါ်ကိုအပြုံးမပျက်တက်သွားတာဟုတ်ပါရဲ့လား ( သူ့ကိုကြိုးပေးတဲ့ ဗွီဒီယိုခွေကိုကြည့်လိုက်ရင် သွေးလေ ချောက်ခြားနေတယ်ဆိုတာ သိနိုင်ပါတယ် )။ ထိုနည်းတူစွာပဲ….အိုစမာဘင်လာဒင်….သူလူတွေအများကြီးသတ်ခဲ့တုန်းက…သိပ်ဂုဏ်ယူသိပ်ပျော်ခဲ့မှာပါ…သူကတော့ တရားသောစစ်ပွဲလို့ထင်နေမိတာကိုး….ဒါပေမဲ့သူသေခါနီးမှာ….လုပ်ရဲရင် ခံရဲတယ် ဆိုတဲ့ စိတ်နဲ့ အသေခံသွားတာလား ( မဖြစ်မနေသေရတော့မဲ့အချိန်မှာတောင်…ကိုယ်ချစ်လို့ယူထားတဲ့ မိန်းမကို ဓါးစာခံလုပ်သေးတယ်….) နောက် မနေ့တနေ့က……ကဒါဖီ….သူ့ကိုဖမ်းမိတဲ့ အချိန်မှာ သူ့ကို မသတ်ဘို့ တောင်းပန်ရှာတယ်………ဒါတွေကိုဆင်ချင်ကြည့်လိုက်ပါ……လူဟာကိုယ်လုပ်ရတဲ့အချိန်မှာသာ…လူတွေသေကြေပျက်စီးရတာကိုအရသာလုပ်ပီတိတွေဖြစ်နေနိုင်ပေမဲ့……..ကိုယ်ခံရမှာကိုသေလောက်အောင်ကြောက်တတ်ပါတယ်…ဒါသဘာဝပါ..ဒီလိုနဲ့နိဂုံးချုပ်သွားတဲ့သူတွေအားလုံးတူညီတာ..တခုရှိပါတယ်…….ဒါကတော့…သူတို့လုပ်ခဲ့တဲ့လုပ်ရပ်တွေအားလုံးဟာ…တရားသောစစ်ပွဲတွေချည်းပဲလို့ပြော နေခဲ့ကြတာပါပဲ……

ဒီနေ့မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်မီးကြီးဟာ….တော်သင့်လောက်ပါပြီ….ဖြေရှင်းလို့မရနိုင်ဘူးဆိုတာ မရှိပါဘူး…….ငြိမ်းချမ်းစွာဖြေရှင်းလို့ရပါတယ်….ဒီလိုမဟုတ်ပဲ…အစောကဗိုလ်မူးအောင်ပြောသလို….မပြေလည်ချင်လို့ကိုမပြေလည်နိုင်တဲ့စည်းမျဉ်းစည်းကမ်းတွေသတ်မှတ်ထားမယ်ဆိုရင်တော့…….တိုင်းပြည်တိုးတက်ဘို့ဆိုတာ…နည်းနည်းလေးမှမစဉ်းစားပါနဲ့တော့….စကားတွေအဖတ်တင်ပါတယ်…..ပြည်တွင်းစစ်မီးဟာ…သမင်မွေး ရင် ကျားစားရင်း အခြေနေဖြစ်နေဦးမှာပါပဲ…ငါးကို ခေါင်းပိုင်းနဲ့ဖင်ပိုင်းယူဘို့အငြင်းပွားနေချိန်မှာ ကြားထဲက မြေခွေးက..ဒိုင်လူကြီးဝင်လုပ်ပြီး…အငြင်းပွားနေသူနှစ်ဦးကို…ခေါင်းနဲ့ဖင် အညီအမျှ ခွဲပေး လိုက်ပြီး သူက အလယ်က ၀မ်းဗိုက်သားယူသွားတဲ့…အဖြစ်လို….တရုတ်ကွန်မြူနစ် အစိုးရက ၀င်အုပ်သွားမှာမလွဲပါဘူး……

လွှတ်တော်ကျင်းပနေချိန်မှာ…..ပြည်နယ်ဒေသအသီးသီးကတိုင်းရင်းသားခေါင်းဆောင်များ…..ဒီကိစ္စကိုဘာလို့များ ကျယ်ကျယ်လောင်လောင် မဆွေးနွေးကြတာပါလိမ့်…….မြန်မာသတ်ပုံကျမ်း ကိစ္စလောက် အရေးမပါလို့လား……..ပြည်တွင်းစစ်အတွက် ကုန်ကျမဲ့ ငွေတွေ ၊တိုင်းပြည် ဘဏ္ဍာတွေကို တခြားဟာတွေ ခနထားဦးဗျာ…..နိုင်ငံသားတွေ ပညာတွေတော်ပြီး…တိုင်းပြည်ထူထောင်ရေးကိစ္စရပ်များမှာ အသုံးချနိုင်ဘို့ …ပညာတော်သင်တွေစေလွှတ်လိုက်မယ်ဆို….ဘယ်လောက်အကျိုးရှိလိုက်မလည်း…..။

တရုတ်နိုင်ငံကခေါင်းဆောင်ကြီး….တိန်ရှောက်ဖိန်ဟာ….၁၉၈၀ကာလများမှာအမျှော်အမြင်ကြီးမားစွာနဲ့….တရုတ်ပညာတတ်လူငယ်တွေကို နိုင်ငံတကာလွှတ် ပညာရပ်တွေသင်ကြားခိုင်း လေ့လာခိုင်းလိုက်တဲ့ အကျိုးဆက်ဟာ…ယခု တရုတ်နိုင်ငံကြီးကို အင်အားကြီးနိုင်ငံဖြစ်စေခဲ့ပြီမဟုတ်လား………

မြန်မာ့တပ်မတော်သားများအားလည်း မေတ္တာရပ်ခံချင်ပါတယ်……..ဒီနေ့ တပ်မတော် အရာရှိ အရာခံများဟာ ပညာတတ်တွေပါ……လူနည်းစုလက်တဆုတ်စာ အာဏာစက်ဝန်းကျယ်ချင်တာအတွက်နဲ့ အသက်ပေးနေရတာ…..တွေးကြည့်မယ်ဆိုရင်ရှက်စရာကောင်းပါတယ်…..ညံ့ရာရောက်ပါတယ်….အမှန်တရားကိုမြင်တတ်စေချင်ပါတယ်……

မိမိနိုင်ငံသားအချင်းချင်း….တိုင်းရင်းသားအချင်းချင်းသတ်ဖြတ်နေတဲ့……စစ်ပွဲများကိုအမြန်ဆုံးရပ်တန့်ပေးပါ……ဒီစစ်ပွဲအတွက်ကုန်ကျနေတဲ့ငွေတွေဟာ….ပြည်သူတွေသွေးချွှေးနဲ့ရှာဖွေထားတဲ့ငွေတွေဖြစ်တယ်…..နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဘို့…ကတိက၀တ်တွေပေးပြီး…၀ိနည်းလွတ်..အနည်းငယ်လွှတ်ပေးသည့်တိုင်…နောက်ထပ်ဆက်လွှတ်ပေးဘို့ကိုလည်းကတိခံနေဆဲဖြစ်ပါတယ်…….သို့သော်တိုင်းရင်းသားအချင်းချင်းမသတ် ဖြတ်ပါဘူးဆိုသည့် ကတိကိုတော့…လွှတ်တော်အပါဝင် မည်သည့်နေရာမမျှ စိုးစဉ်းမျှ မကြားရပါ………….

ပြည်တွင်းစစ်များကို (မည်သည့်အကြောင်းပြချက်မျိုးမှ မပေးပဲ ) အမြန်ဆုံးရပ်ဆိုင်းပါ………
နိုင်ငံရေးအကျဉ်းသားများကို…..အမြန်ဆုံးပြန်လွှတ်ပေးပါ…..ပြည်သူတရပ်လုံးက ကျေးဇူးတင်နေကြမှမလွဲပါ….

သမ္မတ ဦးသိန်းစိန်အပါဝင် လုပ်ပိုင်ခွင့်ရှိသူများခင်ဗျား…


လေးစားစွာဖြင့်

( မောင်မောင်ဝမ်း )

Credit : Dawnmanhon
Rohingya Exodus