ဦးသိန်းစိန်ဖတ်ရုံတင်မက သူဝန်ထမ်းတွေကိုပါ
ဖတ်ဖို့ ညွန်ကြားထားတဲ့စာအုပ် Marketing of Nations: A Strategic Approach to Building National Wealth by Philip Kotler. ကို စစ်ဆေးပါ။ သူဘယ်လို စဉ်းစားနေနိင်မလဲဆိုတာနဲ့ ပတ်သက်လို့  ကိုမိုးသီးပေးပို့ တဲ့မေးလ်ကို ရပါတယ်။
ဒီစာအုပ်ရေးသူက Marketing လောကမှာတော့ ဂုရုလို့ ပြောလို့ ရပါတယ်။ Principles of Marketing, Marketing Management စတဲ့ သင်ရိုးညွှန်းတမ်းစာအုပ်တွေကို ရေးထားပြီး၊ စီမံခန့်ခွဲရေးနဲ့ ဈေးကွက်ရေးရာ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းတွေမှာ သူ့စာအုပ်တွေကို ဖတ်ကြရပါတယ်။ တိုင်းပြည်ရေးရာကို ဈေးကွက်အမြင်နဲ့ သုံးသပ်တင်ပြထားတာပါ။ နိုင်ငံရေးအမြင်တော့ အားနည်းပါတယ်။
မြန်မာနိုင်ငံ ပြည်တွင်းမှာကော၊ ပြည်ပမှာကော အကြောင်းအရာတွေကို နိုင်ငံရေးပညာ၊ မဟာဗျူဟာရေးရာ ရှုထောင့်တွေကနေ ရှုမြင်သုံးသပ်နိုင်မှု၊ ဝေဖန်ပိုင်းခြားနိုင်မှု သိပ်ပြီး နည်းပါးပါတယ်။ အခြေခံနိုင်ငံရေးအသိပညာပါ အားနည်းလေတော့ Conventional Politics ကိုလဲ အာဏာနိုင်ငံရေးလို့ မြင်သူတွေ မြင်ကြ၊ Contentious Politics ကိုလဲ အန်ဂျီအိုတွေနဲ့ လုံးထွေးကြနဲ့ ပတ်ချာလည်နေကြပါတယ်။ တခါ ကိုလိုနီခေတ်၊ ဂျပန်ခေတ်က အတွေ့အကြုံတွေ၊ ဖြတ်သန်းမှုသဏ္ဍာန်တွေ၊ လက်တင်အမေရိကရဲ့ ၁၉၆၀၊ ၇၀ လှုပ်ရှားမှုတွေကိုပဲ အများအားဖြင့် သိနားလည်ကြပြီ၊ ၂၁ ရာစုရဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွေ၊ လှုပ်ရှားမှုတွေကို မျက်ချေပြတ်နေကြလေတော့ မဆီလျော်တော့တဲ့ စကားလုံးတွေ၊ နည်းလမ်းတွေ၊ အတွေးအခေါ်တွေနဲ့ပဲ ရှုပ်ယှက်ခတ်နေကြပါတယ်။ အရပ်သားရွေးကောက်ခံ အာဏာရှင်အစိုးရဘေးမှာကလဲ နိုင်ငံရေးပညာရှင်တွေ မရှိပဲ နိုင်ငံရေးအကြံပေးဆိုတာတွေကို စာနယ်ဇင်းသမားတွေ၊ စီးပွားရေးသမားတွေ
ဆွဲခန့်ထားလေတော့ ဒီလို ဈေးကွက်ရှုထောင့်၊ စီးပွားရေးရှုထောင့်က စာအုပ်တွေ ဖတ်ဖို့ကိုပဲ အကြံပြုနိုင်ကြတယ် ထင်ပါရဲ့ရှင်။
ကျွန်မအမြင်ကတော့ ခုလို အချိန်မျိုးမှာ ဦးသိန်းစိန်တို့ ဖတ်သင့်တာက Ending Civil Wars တို့၊ Security Sector Reform တို့ Democratization လို ပြည်တွင်းရေးပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် သဘောတရားရေးရာစာတွေနဲ့ ကိုယ့်တိုင်းပြည် ဘယ်ရောက်လို့ ဘယ်ပေါက်နေတယ်ဆိုတာ သိနိုင်တဲ့ Global Politics စာအုပ်တွေလို့ ထင်တာပါပဲ။ မြန်မာပြည်မှာ နှစ်ပေါင်းလေးဆယ်လောက် Political Science နဲ့ Sociology ကို သင်းကွပ်ထားခဲ့မှုဟာ တိုင်းပြည်ရဲ့ အဆင့်ကို နှစ်ပေါင်းတရာလောက် နောက်ကျစေခဲ့ပြီး၊ လူ့အဖွဲ့အစည်းဖရိုဖရဲ ပျက်ယွင်းမှုတွေကို ဦးတည်သွားစေခဲ့ပြီရှင်။
စိတ်မကောင်းစရာ အတော်ကောင်းပါတယ်။
လေးစားစွာဖြင့်
ခင်မမမျိုး
Source here
ဒီမိုကရေစီဆိုတာ စနစ်တခုဖြစ်ပါတယ်။ စနစ်တခုဖြစ်တာကြောင့် တည်ဆောက်ယူရပါတယ်။ တချို့က ဒီမိုကရေစီဆိုတာကို အာဏာရှင်တွေဆီက တောင်းယူလို့ ရမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အာဏာရှင်ဆိုတာက အာဏာရှင်စနစ်ကို တည်ဆောက်နေသူများဖြစ်တာကြောင့် အာဏာရှင်ဆီမှာ မရှိတဲ့ ဒီမိုကရေစီကို တောင်းယူလို့ မရပါ။ ဒီတော့ တောင်းယူလို့ မရရင် တိုက်ယူလို့ ရမလားလို့ မေးစရာရှိလာပါတယ်။ တိုက်ယူတယ်လို့ ဆိုရင်တော့ မရပါဘူး။ တိုက်တာကတော့ တိုက်ရပါမယ်။ လူထုတိုက်ပွဲအသွင်နဲ့ပဲဖြစ်ဖြစ်၊ လက်နက်ကိုင်တိုက်ပွဲအနေနဲ့ဖြစ်ဖြစ်၊ နိုင်ငံတကာအကူအညီ ပေါင်းစပ် ပါဝင်မှုနဲ့ပဲဖြစ်ဖြစ် တိုက်ရပါမယ်။ နိုင်ငံတကာအကူအညီ ပေါင်းစပ်ပါဝင်မှုလို့ပဲ ဆိုထားပါတယ်။ နိုင်ငံတကာတိုက်ပွဲနဲ့လို့ ဆိုလိုတာ မဟုတ်ပါ။ နိုင်ငံတကာက စစ်မျက်နှာ တခုအနေနဲ့ပဲ အသုံးဝင်ပါတယ်။ ဒီလိုတိုက်ရာမှာ အာဏာရှင်စနစ်ဆိုတဲ့ စနစ်ကို တိုက်ရပါမယ်။ စနစ်ရဲ့ ဆိုးကျိုးတွေကို ဖော်ထုတ်ရပါမယ်။ အာဏာရှင်စနစ်ကို တိုက်ပြီး ဒီမိုကရေစီစနစ် ကို တည်ဆောက်ယူရပါမယ်။ ဒီမိုကရေစီ ပြောင်းလဲခြင်း ဖြစ်စဉ်မှာက သဏ္ဍာန်အမျိုးမျိုးရှိပါတယ်။
ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်အသွင်သဏ္ဍာန်များ
အချို့က ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုပေါ်မှာ အခြေတည်တဲ့ ပြောင်းလဲမှုဖြစ်စဉ်ကို လက်ခံယုံကြည်ကြပါတယ်။ ဒီဖြစ်စဉ် အရဆိုရင် ဒီမိုကရေစီစနစ် တည်ဆောက်မှု မတိုင်ခင်မှာ စီးပွားရေးတိုးတက်မှုရှိရမယ်၊ civil society အားကောင်းဖို့ လိုအပ်မယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် စီးပွားရေး၊ လူမှုရေးတိုးတက်မှုကို ဦးစားပေးလုပ်ဆောင်ရမယ်လို့ ဆိုကြပါတယ်။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ဒီမိုကရေစီ စနစ်တည်ဆောက်တဲ့အခါ ဒီလိုစီးပွားရေး၊ လူမှုရေးတိုးတက်မှုတွေ မရှိရင် ဒီမိုကရေစီစနစ်ကို ခိုင်မြဲအောင်တည်ဆောက်ဖို့ မဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုကြပါတယ်။ နိုင်ငံရေးပညာရှင် Lipset က စီးပွားရေးတိုးတက်လာတာနဲ့အမျှ ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ် အကောင်အထည်ပေါ်လာနိုင်မယ့် အခွင့်အရေးတွေကို စီးပွားရေးတိုးတက်မှုနဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ ဆက်နွယ်ပြီး အဆိုပြုထားခဲ့ပါတယ်။
ပညာရှင် Huntington ကလဲ ဒီမိုကရေစီစနစ်တည်ဆောက်ဖို့အတွက် လူထုလှုပ်ရှားမှုတွေ၊ သမဂ္ဂလှုပ်ရှားမှုတွေ နည်းပါးရမယ်လို့ အဆိုပြုထားပါတယ်။ လူထုလှုပ်ရှားမှုတွေကို ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးအဖြစ် တည်ဆောက် ပြီးမှသာ ခွင့်ပြုရမယ်လို့ သူ့ရဲ့ ခေတ်သစ် modernization theory မှာ ဖော်ပြထားပါတယ်။ ပညာရှင် Moore ကကျတော့ Lipset ရဲ့ လူမှုရေး၊ စီးပွားရေး တိုးတက်မှု လိုအပ်ချက် အခြေအနေတွေကို လက်ခံထားခဲ့ပေမယ့် လူထု လှုပ်ရှားမှုတွေကလဲ အရေးကြီးကြောင်း ပထအလှိုင်း ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်လို့ ခေါ်ဆိုကြတဲ့ အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနိုင်ငံတွေကို ဥပမာပေးပြီး ဆိုထားခဲ့ပါတယ်။ ဒီသဏ္ဍာန်ဟာ နိုင်ငံအချို့ရဲ့ ပြောင်းလဲမှုဖြစ်စဉ်မှာ မှန်ကန်ပေမယ့် ပေါ်တူဂီ၊ ဂရိ၊ ပီရူး တို့မှာကျတော့ မမှန်ကန်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံတွေမှာ စီးပွားရေး၊ လူမူရေး တိုးတက်မှု preconditions တွေ မရှိပဲ ဒီမိုကရေစီစနစ် အကောင်အထည်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံကြီးတွေဖြစ်တဲ့ အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီ၊ တောင်ကိုးရီးယားနိုင်ငံတွေမှာကျတော့ ဒီမိုကရေစီပြောင်းလဲမှုက ဒီဖွံ့ဖြိုးဆဲနိုင်ငံလေးတွေနောက်မှာမှ စတင်ခဲ့တာဖြစ်ပါတယ်။
တချို့ကကျတော့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဆိုတာကို transitology ဆိုတဲ့ elite တွေကပဲ ဦးဆောင်ပြောင်းလဲတဲ့ ဖြစ်စဉ်အနေနဲ့ ရှုမြင်ကြပါတယ်။ ဒီဖြစ်စဉ်မှာကျတော့ resurrection of Civil Society ဆိုတဲ့ အခြေအနေက အဓိကကျပါတယ်။ ဒီအခြေအနေက ပြည်သူလူထု၊ ကျောင်းသား၊ အလုပ်သမား၊ ဘာသာရေးအဖွဲ့အစည်းတွေအားလုံးက ကနဦးဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် (Initial democratization) ကို လူထုအားနဲ့ တွန်းအားပေးလိုက်တာဖြစ်ပါတယ်။ ဒီပြောင်းလဲမှုဖြစ်စဉ်မှာ လူထုရဲ့ အခန်းကဏ္ဍက Initial democratization ကို စတွန်းခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးတွေမှာ ဆန္ဒပြပွဲတွေ၊ street theatre တွေမှာ ပါဝင်မှုဖြစ်ပါတယ်။
ဒီလိုတွန်းအားပေးလိုက်တဲ့အခါမှာ အာဏာရှင်အုပ်စုနဲ့ ဒီမိုကရေစီအုပ်စုဆိုတဲ့ အင်အားစုကြီးနှစ်ရပ်ထွက်ပေါ်လာပါတယ်။ ဒီအုပ်စုနှစ်ရပ်ကနေ ခေါင်းဆောင် elite တွေ ပေါ်ထွက်လာပါတယ်။ ဒီ elites တွေဟာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးကနေ ပေါ်ထွက်လာတာဖြစ်ရုံမက လှုပ်ရှားမှုရဲ့ ရလာဒ်ကိုပါ ထိန်းချုပ်နိုင်တဲ့ အင်အားစုတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် ဆက်လက်အကောင်အထည် ဖော်ဆောင်နိုင်လား၊ ရပ်တန့်ပြီး political deadlock ဖြစ်သွားလာဆိုတာကတော့ ဒီမိုကရေစီဘက်က ခေါင်းဆောင်တွေဟာ လူထုတိုက်ပွဲအရှိန်ကောင်းစဉ်မှာ ဖွဲ့ရမယ့် အတိုက်အခံဦးဆောင်ကြားဖြတ်အစိုးရ (သို့မဟုတ်) အာဏာရှင်နဲ့ တွဲဖက်ဖွဲ့စည်းရမယ့် ပါဝါရှယ်ယာ ကြားဖြတ်အစိုးရ စတဲ့ကြားဖြတ်အစိုးရတွေကို ဖွဲ့စည်းနိုင်တဲ့ အရည်အချင်းနဲ့ အမြော်အမြင်ရှိမရှိ ဆိုတာမှာ မူတည်ပါတယ်။ ဒါကြောင့် ဒီပြောင်းလဲမှုဖြစ်စဉ် မအောင်မြင်ဖူးဆိုရင် ဒါဟာ လူထုကြီးကြောင့် မဟုတ်ပဲ လူထုကြီးရွေးချယ်လိုက်တဲ့ elite တွေရဲ့ အရည်အချင်း၊ အတွေးအခေါ်၊ စီမံလုပ်ကိုင်ပုံတွေနဲ့ပဲ ဆိုင်ပါတယ်။
ဒီလိုနဲ့ ဒီ elite တွေက ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို အကောင်အထည် မဖော်နိုင်တော့ဘူးဆိုတာ သေချာလာတဲ့အခါ နောက်တကြိမ် လူထုတိုက်ပွဲတွေ ထပ်မံ ပေါ်ထွက်ရပြန်ပါတယ်။ cycle of protests လို့ခေါ်ဆိုနိုင်ပါတယ်။ အဲဒီအခါမှာ ဒီလူထုတိုက်ပွဲတွေကနေ elite တွေ ထပ်ထွက်လာနိုင်ပါတယ်။ ဒီဖြစ်စဉ်မှာ တခုသတိထားစရာရှိတာက ရှေ့ပိုင်း လူုထုတိုက်ပွဲတွေက elite တွေရဲ့ အခန်းကဏ္ဍပဲဖြစ်ပါတယ်။ လူထုတိုက်ပွဲတွေဖြစ်လာပြီး ထပ်မံပေါ်ထွက်လာတဲ့ elite အသစ်တွေက ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို အောင်အောင်မြင်မြင် စတင်သွားမှာကို ရှေ့က တချို့ elite တွေက စိုးရိမ်တတ်ပါတယ်။ ဒီအခါမှာ ဒီလိုစိုးရိမ်တဲ့ elite တွေထဲမှာ လုပ်ဆောင်ပုံ ပုံစံနှစ်မျိုးထပ်ထွက်လာပါတယ်။ ပထမတမျိုးက လူထုတိုက်ပွဲတွေ ထပ်ပြီး မပေါ်လာအောင် နည်းမျိုးစုံနဲ့ တားဆီးတာဖြစ်ပါတယ်။ ရှေ့လဲမတက်၊ နောက်လဲ မဆုတ်တဲ့ ပိုနေမြဲ၊ ကျားနေမြဲပုံစံပါ။
ဒုတိယတမျိုးကတော့ လူထုလှုပ်ရှားမှု အားကောင်းလာတဲ့အခါ နေရာဝင်ယူဖို့ ကြိုးစားတာတွေဖြစ်ပါတယ်။ ခေါင်းဆောင်သစ်တွေ ထပ်မထွက်လာအောင် ရှေ့ပိုင်းကနေ ပိတ်ပင်ထားမှုတွေ လုပ်လေ့ရှိပါတယ်။ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် မှာ political deadlock ဖြစ်သွားတဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီ အင်အားစုတွေအကြားမှာ ဖြစ်လေ့ရှိတဲ့ နေရာယူမှုတွေ၊ အချင်းချင်း တိုက်ခိုက် ပြောဆိုမှုတွေ၊ မျိုးဆက်သစ်လက်ဆင့်ကမ်းမှု အားနည်းတာတွေ၊ မအောင်မြင်ခဲ့တဲ့ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုကိုပဲ တိုင်းတာသတ်မှတ်နေတာတွေ အားလုံးဟာ ဒီသဘောတရားမှာ အခြေတည်ပါတယ်။ ဒီမိုကရေစီအင်အားစုတွေမှာ ဒီလို elite တွေများနေရင် နောက်တကြိမ်လူထုတိုက်ပွဲကနေ ထပ်ထွက်လာမယ့် elite တွေရဲ့ အခန်းကဏ္ဍကို ကန့်သတ်လိုက်သလို ဖြစ်သွားတာကြောင့် ပြောင်းလဲမှုဖြစ်စဉ် အောင်မြင်ဖို့ ခက်ခဲတတ်ပါတယ်။ အမြော် အမြင်ကြီးမှု၊ ကိုယ်ကျိုးထက် အများအရေးကို ဦးစားပေး စဉ်းစားမှုတွေရှိဖို့က ဒီအသွင်သဏ္ဍာန်အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။
Initial democratization စတင်သွားပြီဆိုရင်လဲ လူထုလှုပ်ရှားမှုတွေက တခြားအသွင်သဏ္ဍာန်တွေနဲ့ ဆက်ရှိနေရ မှာဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ကနဦးဒီမိုကရေစီ စတင်ပြီးတဲ့အခါ နိုင်ငံတည်ဆောက်မယ့် ခေါင်းဆောင်တွေ ပေါ်ထွက်နေပြီအထင်နဲ့ လူထုလှုပ်ရှားမှုက အားနည်းသွားပါတယ်။ ဒါပေမယ့် ဒီခေါင်းဆောင်တွေက လူထုရဲ့ အနာဂတ် ဘ၀တိုးတက်မှုကို ဖန်တီးအားထုတ်တာ မပြုလုပ်ပဲ အာဏာလုမှုတွေ၊ ကိုယ်ကျိုးရှာမှုတွေ ပြုလုပ်လာတာလဲ ရှိနေတတ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်မှာတင် မဟုတ်ပါဘူး။ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တိုင်းမှာ ဖြစ်လေ့ရှိပါတယ်။ အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ ကိုလိုနီအစိုးရလက်အောက်က လွတ်မြောက်ကာစမှာ လွတ်လပ်ရေးနဲ့ အတူ ပေါ်ပေါက်လာခဲ့တဲ့ အစိုးရတွေမှာလဲ ဖောက်ပြန်တဲ့ ခေါင်းဆောင်တွေ အများကြီးပေါ်ထွက်ခဲ့ဖူးပါတယ်။
အာဏာရှင်စနစ်ကနေ ဒီမိုကရေစနစ် ပြောင်းလဲမှုဖြစ်စဉ် ကနဦးအစမှာလဲ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကို အခွင့်ကောင်းယူပြီး ခေါင်းဆောင်နေရာလုဖို့ ကြိုးစားသူတွေ၊ အာဏာရှင်ဘက်တော်သားဟောင်းတွေထဲက အုပ်ချုပ်ရေး၊ တည်ဆောက်ရေး ယန္ထရားထဲမှာ ကျန်ရစ်ခဲ့သူတွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေအကြားက ပဋိပက္ခတွေ၊ နိုင်ငံရေးသမားအချင်းချင်း စောင်းမြောင်းတိုက်ခိုက်မှုတွေ၊ ငွေကြေးအရှုပ်အရှင်းတွေ စတဲ့ အထွေထွေ ပြဿနာတွေဟာ ပေါ်ပေါက်လာမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်ဆိုတာ လူထုဆီက အာဏာသက်ဆင်းတဲ့ စနစ်ဖြစ်တာကြောင့် ဒီလိုပြဿနာတွေကို လွတ်လပ်ပွင့်လင်းတဲ့ မီဒီယာတွေ၊ အာဏာရနိုင်ငံရေးပါတီတွေကို တခြားပါတီနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ပြန်လှန်စောင့်ကြည့်မှုတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေကို ထိန်းချုပ်နိုင်တဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ ဖြေရှင်းသွားနိုင်မှာ ဖြစ်တယ်။
ဒီမိုကရေစီဆိုတာ စနစ်တခုဖြစ်ပြီး၊ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ဆိုတာက တခြားစနစ်တွေကနေ ဒီမိုကရေစီစနစ်ကို ပြုပြင်တည်ဆောက်တဲ့ ဖြစ်စဉ်တရပ်သာဖြစ်တယ်။ အာဏာရှင်စနစ်နဲ့ ကွာခြားတာက အာဏာရှင်စနစ်ကို လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ အတ္တတွေ၊ လောဘ၊ မောဟက ထိန်းချုပ်မောင်းနှင်ပြီး၊ ဒီမိုကရေစီစနစ်မှာကျတော့ စနစ်ရဲ့ တန်ဖိုးတွေ၊ ယုံကြည်ချက်တွေက လူတွေရဲ့ အတ္တတွေ၊ လောဘ၊ မောဟတွေကို ထိန်းချုပ်မောင်းနှင်တာဖြစ်တယ်။ အာဏာရှင် ဘက်တော်သားတွေက မကောင်းဘူးလို့ တထစ်ချ ပြောလို့မရသလို ဒီမိုကရေစီဘက်တော်သားတွေကိုလဲ သူတော်စင်တွေလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး။ ပိုက်ဆံလက်ထဲ မရှိခင်မှာ ဟိုလူ၊ ဒီလူ ကူညီဖို့ စဉ်းစားသူတွေဟာ လက်ထဲ ပိုက်ဆံတကယ်ရောက်လာတဲ့အချိန်မှာ ကိုယ့်အကျိုးနဲ့ ကိုယ့်မိသားစုအတွက် ပိုပြီး ဦးစားပေးကြတာပဲ။ ဒါဟာ အပြစ်ဆိုစရာမဟုတ်ဘူး။ လူ့သဘာဝပဲဖြစ်တယ်။
ဒီလို လူ့အတ္တတွေကို အာဏာရှင်စနစ်က တွန်းအားပေးတယ်။ အာဏာရယူလိုစိတ်၊ အာဏာဆုပ်ကိုင်ထားလိုစိတ်၊ အာဏာနဲ့ ပျော်မွေ့တဲ့ စိတ်တွေဟာ အာဏာရှင်စနစ်က တွန်းပို့ပေးတဲ့ စိတ်နေစိတ်ထားတွေပဲဖြစ်တယ်။ ဒီမိုကရေစီစနစ်က ကျတော့ ဒီလို လူ့အတ္တတွေကို ထိန်းချုပ်လိုက်တယ်။ လူအများ ဆန္ဒနဲ့ လူအများအကျိုးကို ဆောင်ရွက်ဖို့ လူအများက ရွေးချယ် ထားသူတွေဟာ အများအကျိုးမကြည့်ပဲ ကိုယ့်အတ္တနောက်ကိုပဲ လိုက်နေတာကို ဒီမိုကရေစီ စနစ်က ခွင့်မပြုဘူး။ ဒါကြောင့် လူထုတရပ်လုံးရဲ့ အနာဂတ်တိုးတက်ရေးကို ပြည်သူလူထုအပေါ်မှာ အခြေတည်တဲ့ ပြည်သူ့ဒီမိုကရေစီစနစ်ကသာ ဖော်ဆောင်ပေးနိုင်တာဖြစ်တယ်။
တချို့က နိုင်ငံရေးအတွေးအခေါ်နဲ့ ဘက်လိုက်မှုတွေမှာ လူကို အခြေခံပြီး စဉ်းစားဆုံးဖြတ်တတ်ကြတယ်။ စနစ်ပေါ်အခြေခံ မစဉ်းစားကြဘူး။ ဒီလိုလူမျိုးတွေဟာ ဒီမိုကရေစီအင်အားစုတွေထဲက လူတွေရဲ့ အားနည်းချက်တွေ၊ အတ္တတွေကို တွေ့လာ၊ သိလာတဲ့အခါကျတော့ ဒီမိုကရေစီလှုပ်ရှားမှုအပေါ် အထင်အမြင်လွဲလာတောတွေရှိတယ်။ ဒါဟာ လူုအပေါ်မှာ အခြေတည်စဉ်းစားမှု၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေရဲ့ ရလာဒ်တွေပဲဖြစ်တယ်။ လူ့စိတ်ဆိုတာ အင်မတန်ဆန်းကျယ်တယ်။ အချိန်၊ နေရာ၊ အခြေအနေတွေဟာ လူတွေရဲ့ စိတ်ကို လွှမ်းမိုးနိုင်တယ်။ အခြေအနေ၊ အချိန်အခါအရ လူသတ်မှုကျူုးလွန်သွားမိသူ အများစုဟာ မကျူးလွန်ခဲ့စဉ်တုန်းက လူအချင်းချင်း သတ်ဖြတ်တာဟာ မကောင်းဘူးလို့ လက်ခံခဲ့ကြသူတွေချည်းပါပဲ။ ဒါပေမယ့် အသိတခုနဲ့ မပြီးဘူး။ ဒါကြောင့် ထိန်းချုပ်ပေးဖို့ဥပဒေဆိုတာ ပေါ်လာတယ်။ ဒီမိုကရေစီ ဆိုတာလဲ ဒီလိုပဲ။ အစိုးရအုပ်ချုပ်ရေးယန္တရားနဲ့ ဒီယန္တရားထဲက လူတွေကို ထိန်းချုပ်ပေးတဲ့ စနစ်သာလျှင်ဖြစ်တယ်။
ဒီတော့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ စနစ်နဲ့ မကိုက်ညီနိုင်တဲ့ အတ္တတွေ၊ လုပ်ရပ်တွေဟာလဲ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် စလာတဲ့အခါမှာ စနစ်က ပြန်ထိန်းချုပ်သွားမှာပဲဖြစ်တယ်။ စနစ်နဲ့ မကိုက်ညီသူတွေကို စနစ်က ဖယ်ရှားပစ်လေ့ရှိတာ ဓမ္မတာသာဖြစ်တယ်။ တိုင်းပြည်တခုမှာ စနစ်ဆိုးရှိနေရင် စနစ်ဆိုးနဲ့ မကိုက်ညီသူတွေ ပြည်ပထွက်တာများပြီး brain drain ဆိုတဲ့ ဦးနှောက် ယိုစီးမှုပြဿနာဖြစ်လေ့ရှိတယ်။ စနစ်ကောင်းကို ပြန်တည်ဆောက်တဲ့အခါ brain gain ဖြစ်လာတတ်စမြဲပါပဲ။ ဒီအခါမှာ စနစ်နဲ့ မကိုက်ညီတဲ့ လူတွေရဲ့ စိတ်တွေကို စနစ်က ပြုပြင်မှာ ဖြစ်သလို၊ ပြုပြင်လို့ မရသူတွေကလဲ စနစ်ကနေ လွင့်ထွက်သွားမှာပါပဲ။ ဒါကြောင့် လူတွေကို ကြည့်ပြီး စနစ်ရေးရာကို ဆုံးဖြတ်လို့ မရဘူးဆိုတာ လူအများ သိနားလည်ဖို့ လိုအပ်ပါတယ်။
ဒီလိုလူတွေရဲ့ အာဏာ၊ ငွေကြေးနဲ့ ပတ်သက်ပြီး ဖောက်လွဲဖောက်ပြန်ဖြစ်တတ်တဲ့ သဘာဝတွေကို ထိန်းချုပ်နိုင်တဲ့ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာဖို့ အတွက် လူထုလှုပ်ရှားမှု တွေဟာ အလွန်ပဲ အရေးကြီးပါတယ်။
လူထုလှုပ်ရှားမှုနှင့် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်
လူထုလှုပ်ရှားမှုတွေဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်တလျှောက်လုံးမှာ အလွန်ပဲ အရေးကြီးလှပါတယ်။ နိုင်ငံရေးပညာရှင်တွေက လူထုလှုပ်ရှားမှုတွေရဲ့ အခန်းကဏ္ဍကို ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် အဆင့် ငါးဆင့်ခွဲပြီး ပုံဖော်ပြသကြပါတယ်။ ပထမအဆင့်ကတော့ ဆန့်ကျင်တော်လှန်ရေး (resistance) အဆင့်ဖြစ်ပါတယ်။ မိသားစုအတွင်းမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းက အစပြုလို့ အာဏာရှင်စနစ်အမြစ်တွယ်နေတဲ့ ထုံးတမ်းစဉ်လာတွေကို ဆန့်ကျင်တာ၊ နိုင်ငံရေး လှုပ်ရှားမှု ကွန်ယက်တွေတည်ဆောက်တာတွေဖြစ်ပါတယ်။ အလုပ်သမား၊ ကျောင်းသား၊ တောင်သူလယ်သမား၊ ဘာသာရေးအဖွဲ့အစည်းတွေ အပါအ၀င် လူထုလူတန်းစားအလွှာမျိုးစုံ အကြားမှာ ဒီမိုကရေစီပြောင်းလဲမှုကို ထောက်ခံ အားပေးမှုရှိလာအောင် စည်းရုံးလှုံဆော်ပေးရမှာဖြစ်ပါတယ်။ ဒီကနေတဆင့် အာဏာရှင်ဆန့်ကျင်ရေး ကွန်ယက်ကြီးကို တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီကွန်ယက်တည်ဆောက်မှုဟာ အဆုံးအဖြတ်ပေးမယ့် လူထုတိုက်ပွဲအတွက် အလွန်ပဲ အရေးကြီးပါတယ်။ ချီလီ၊ ပိုလန်၊ အာဂျင်တီးနား နိုင်ငံတွေမှာ ဘာသာရေးအဖွဲ့အစည်းတွေက ဒီမိုကရေစီ လှုပ်ရှားမှု ကွန်ယက်တွေကို ထောက်ခံပေးခဲ့ကြတယ်။ ကွန်ယက်ချိတ်ဆက်လှုပ်ရှားမှုတွေအတွက် အထောက်အကူပေးခဲ့တယ်။
တချို့ ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာကျတော့ ဒီကွန်ယက် တည်ဆောက်မှုကို အားကောင်းအောင် မတည်ဆောက်ပဲ လူထုကို အတင်းတွန်းပြီး လှုပ်ရှားခိုင်းတတ်ကြတယ်။ ဒီအဆင့်မပါပဲ လူထုတိုက်ပွဲခေါ်တတ်ကြတယ်။ သက်ဆိုင်ရာနီးစပ်သူများနဲ့ အစုအဖွဲ့လေးတွေဖွဲ့ပြီး လူထုလှုပ်ရှားမှုကို ဇောင်းတင်ကြတယ်။ အဲဒီလို လှုပ်ရှားမှုတွေက အောင်မြင်နိုင်ချေနည်းပါးတယ်။ ဘာလို့လဲဆိုတော့ ကွင်းလယ်ခေါင်မှာ ယာယီတဲလေးတွေ သွားထိုးတာနဲ့ တူလို့ပဲဖြစ်တယ်။ လေပြင်းမုန်တိုင်း လဲကျရော ဒီယာယီတဲလေးတွေက အလွယ်တကူ ပြိုပျက်သွားပြန်ရော။ အုတ်မြစ် မခိုင်ပဲ အိမ်ဆောက်လို့ မရဘူး။ အိမ်မှာမှ အထပ်ပေါင်းများစွာပါတဲ့ တိုက်ကြီးတွေ ဆိုရင် အချိန်ယူအုတ်မြစ်ချရတယ်။ တချို့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကျတော့လဲ လူထုထဲမှာ မတည်ဆောက်ပဲ နီးရာစုပြီး အဖွဲ့ဖွဲ့ကြတာတွေ သိပ်အားသန်ပြန်ရော။ ဘာနဲ့ တူလဲဆိုတော့ အိမ်မဆောက်ပဲ ခေါင်မိုး ထုတ်လုပ်ရေးလုပ်တာနဲ့ တူတယ်။ ခေါင်မိုးတွေပဲရှိပြီး အုတ်မြစ်ရှိဖို့ နေနေသာသာ၊ အိမ်ရဲ့ structure တောင် စာရွက်ပေါ်မှာ မရှိဖြစ်နေတဲ့ လှုပ်ရှားမှုတွေ အာရှနဲ့ အာဖရိကက ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ ရှိနေဆဲပဲဖြစ်တယ်။
ဒီလိုနဲ့ တည်ဆောက်မှုတွေ လုပ်ပြီး ကွန်ယက်တွေ ချိတ်ဆက်လာကြတဲ့ အခါ အခြေအနေကို ကြည့်ပြီး တိုက်ပွဲငယ်၊ တိုက်ပွဲလတ်၊ တိုက်ပွဲကြီးတွေ ပုံဖော်ရတယ်။ တိုက်ပွဲမဖော်ဆောင်ရင် ညီညွတ်ရေးဆိုတာ တည်ဆောက်လို့ မဖြစ်နိုင်တာကြောင့်ပဲ။ ညီညွတ်ရေးဆိုတာ တိုက်ပွဲနဲ့ ပေါင်းစပ်ပြီးမှ တည်ဆောက်ရတာ ဖြစ်တယ်။ တချို့ဒီမိုကရေစီ လှုပ်ရှားမှုတွေကျတော့ တိုက်ပွဲမရှိပဲ ညီညွတ်ရေးတည်ဆောက်မှုကို ဇောင်းပေးလုပ်ကြ၊ အချိန်ကုန်နေကြပြန်တယ်။ တိုက်ပွဲအဆင့်မရှိပဲ ညီညွတ်ပါတယ်ဆိုရင် ဒီညီညွတ်ရေးက တကယ့်ညီညွတ်ရေးတော့ ထွက်လာမှာ မဟုတ်ဘူး။ စာရွက်ညီညွတ်ရေးပဲ ဖြစ်လာမှာပဲ။ ကမ္ဘာမှာ အောင်မြင်ခဲ့တဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တွေမှာကတော့ ဒီစာရွက် ညီညွတ်ရေးပုံစံတွေ ခေတ်မစားခဲ့ဘူး။ အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ်၊ ဘာသာရေးလှုပ်ရှားမှု၊ မြို့ပြလူထု လှုပ်ရှားမှု၊ လယ်သမား လှုပ်ရှားမှုစတဲ့ တိုက်ပွဲတွေကနေတဆင့် တိုင်းပြည်တခုလုံးရဲ့ လူထူလူတန်းစားအလွှာ အသီးသီး ပါဝင်လာတဲ့ ညီညွတ်ရေးကို ဖော်ဆောင်နိုင်ခဲ့ကြတယ်။ ဒီအဆင့်ကို upsurge of mobilization အဆင့်လို့ ပညာရှင်တွေက သတ်မှတ်ကြတယ်။ ဒီအဆင့်မှာ လူထုတိုက်ပွဲအားကောင်းလာတဲ့အခါ အာဏာရှင် စနစ်ပြိုလဲသွားတယ်။
ဒါပေမယ့် အာဏာရှင်စနစ်ပြိုလဲတယ်ဆိုတာ အုပ်ချုပ်ရေးယန္တရားတခုလုံး ပြိုလဲသွားတာ မဟုတ်ဘူး။ ခေတ္တရပ်ဆိုင်း သွားတာပဲဖြစ်တယ်။ ဒါကို ပြန်ပြီး ဘယ်သူက အသက်သွင်းမလဲ။ အာဏာရှင်ဟောင်း ဘက်တော်သားတွေက အသက်သွင်းနိုင်မလား၊ ဒီမိုကရေစီဘက်တော်သားတွေက အသက်သွင်းနိုင်မလား။ အာဏာရှင်ဟောင်း ဘက်တော်သားတချို့နဲ့ ဒီမိုကရေစီ ဘက်တော်သားတချို့ ပူးပေါင်းပြီး အသက်သွင်းနိုင်မလား။ ဒီအဆင့် ကို transition to procedural democracy လို့ ပညာရှင်တွေက သတ်မှတ်ထားတယ်။ အဓိက ထွက်လာရမယ့် ရလာဒ်ကတော့ ကြားဖြတ်အစိုးရပဲ။ ကြားဖြတ်အစိုးရမထွက်လာမချင်း ဒီအဆင့်မအောင်မြင်သေးဘူးလို့ ဆိုနိုင်တယ်။ ကြားဖြတ်အစိုးရ ဆိုတာမှာလဲ ဒီမိုကရေစီဘက်တော်သားတွေက ဦးဆောင်ဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရ၊ အာဏာရှင်ဘက်က ပြုပြင်ပြောင်းလဲလိုသူတွေက ဦးဆောင်ဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရ၊ ဒီမိုကရေစီနဲ့ အာဏာရှင်ဘက်တော်သားတွေ ပူးပေါင်းဖွဲ့စည်းတဲ့ ကြားဖြတ်အစိုးရဆိုပြီးရှိသလို တခါတရံ ဘယ်လိုမှ ညှိမရတဲ့ ဘက်နှစ်ဘက်အကြားမှာ နိုင်ငံတကာက ခေတ္တလာအုပ်ချုပ်ပေးတဲ့ ကြားဖြတ်အစိုးရဆိုပြီး ပုံစံအမျိုးမျိုးရှိတယ်။
ဒီလိုကြားဖြတ်အစိုးရပေါ်ပေါက်လာပြီးမှ ရွေးကောက်ပွဲကျင်းပတာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးတာတွေကို လုပ်ရမှာဖြစ်တယ်။ တချို့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာကျတော့ အဆင့်တွေက တော်တော်ကျော်ကြတယ်။ Transition to procedural democracy အဆင့်ဝေးလို့၊ upsurge of mobilization အဆင့်တောင် မရောက်သေးဘူး။ resistance အဆင့်မှာ ယာယီတဲလေးတွေ ထိုးပြီးရုံလောက်နဲ့ တွေ့ဆုံဆွေးနွေးရေး၊ ဒိုင်ယာလော့ခ်ဆိုပြီး အော်တတ်ကြတယ်။ “မုန့်ဆီကြော်ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား” ဆိုသလို ဒိုင်ယာလော့ခ်အတွက် conditions တွေပါ ချတတ်ကြတယ်။ Upsurge of mobilization အဆင့် ဖြစ်သွားပြန်ရင်လဲ ကြားဖြတ်အစိုးရဖွဲ့စည်းရေးလိုလို၊ ဒိုင်ယာလော့ခ်လုပ်ရေးလိုလို သဲသဲကွဲကွဲမရှိကြပြန်ဘူး။ ဒိုင်ယာလော့ခ် ဆိုတာ ဘယ်လိုအခြေအနေ၊ ဘယ်လိုအဆင့်မှာ ခေါ်ရတယ်ဆိုတာလဲ နားမလည်ကြပြန်ဘူး။ Transition to procedural democracy အဆင့်မရောက်ပဲနဲ့ ဒိုင်ယာလော့ခ်ဆိုတာ ခေါ်လို့မရဘူး။ တောင်အာဖရိကမှာ ဒိုင်ယာလော့ခ်အောင်မြင်ခဲ့တယ်ဆိုတာက ဒီဖြစ်စဉ်မှာ နိုင်ငံတကာစစ်မျက်နှာ အားကောင်းမှုနဲ့ လူထုလှုပ်ရှားမှုကို မလွန်ဆန်နိုင်တော့ပဲ incumbent de Klerk အစိုးရက ကြားဖြတ် အိမ်စောင့်အစိုးရအနေနဲ့ transition to procedural democracy အဆင့်ကို အရင်ကျော်ဖြတ်ခဲ့ပြီးမှ ဒိုင်ယာလော့ခ်နဲ့ power-sharing coalition အစိုးရ ဖြစ်လာတယ်။ နောက်မှ နိုင်ငံတော်အစိုးရကို ရွေးကောက်ပွဲနဲ့ ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်တယ်။ ဒီလိုမဟုတ်ပဲ တချို့နိုင်ငံတွေကျတော့ အဆင့်တွေခုန်ခုန်ကျော်ပြီး၊ အမြင့်ဆုံးအဆင့် ကြားဖြတ်အစိုးရ၊ အနိမ့်ဆုံး ဒိုင်ယာလော့ခ်စတဲ့ မဟာဗျူဟာမျိုးတွေ ရောထွေး ချကြလေတော့ resistance အဆင့်ကတည်းက ဒိုင်ယာလော့ခ်အော်သူကအော်၊ upsurge of mobilization အဆင့်မှာ အော်သူကအော် ဖြစ်လာပါလေရော။ ဆိုးကျိုးကတော့ ကိုယ့်ဗျုဟာ၊ ရန်သူ့ဗျူဟာပြန်ဖြစ်ပြီး transition to procedural democracy အဆင့်ထိမရောက်ခင်မှာ ဒိုင်ယာလော့ခ်နဲ့ လမ်းလွဲတာတွေ ခံရတော့တာပါပဲ။
ဒီလို strategic failures တွေဟာ အာဏာရှင်တွေအတွက်တော့ အကောင်းဆုံးအသုံးချလက်နက်တွေပါပဲ။ နိုင်ငံရေးကိစ္စရပ်တွေလို လူသန်းပေါင်းများစွာရဲ့ အနာဂတ်ကံကြမ္မာကို ဖန်တီးပြောင်းလဲနိုင်တဲ့ မဟာဗျူဟာတွေ အသာထားလို့ လူတယောက်ဘ၀ အောင်မြင်တိုးတက်ရေးမှာတောင် အဆင့်ကျော် ဖြတ်လမ်းလိုက်လို့မရပါဘူး။ တက်နေချိန်မှာ မသိသာပေမယ့် ပြုတ်ကျတဲ့အချိန်မှာ တလိမ့်ခေါက်ကွေး နဲ့ ဘယ်လိုမှ ပြန်တည်ဆောက်ယူလို့မရအောင် ပြုတ်ကျတတ်ပါတယ်။ ဒါကြောင့် အခြေခံအုတ်မြစ်တည်ဆောက်မှုဟာ အရမ်းကို အရေးကြီးလှပါတယ်။
ဒီလိုနဲ့ transition to procedural democracy အဆင့်မှာ ကြားဖြတ်အစိုးရတွေလဲ ပေါ်ပေါက်ပြီး အမျိုးသားရင်ကြားစေ့ရေးတွေ၊ တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်ပေါက်လာပြီးတဲ့အခါကျတော့ နောက်တဆင့်ဖြစ်တဲ့ democratic consolidation အဆင့်ကို တက်လှမ်းရပါတော့တယ်။ ဒီအဆင့်အောင်မြင်ဖို့ဆိုတာကလဲ လူထုလူတန်းစားအားလုံးရဲ့ တန်းတူရည်တူအခွင့်အရေးတွေကို အာမခံချက်ပေးနိုင်မယ့် ပြည်သူ့ဒီမိုကရေစီကို စွဲစွဲမြဲမြဲယုံကြည်လက်ခံသူတွေ ပေါ်ပေါက်လာမှ ဖြစ်နိုင်ပါတယ်။ လူဆိုတာကလဲ လောဘ၊ မောဟတွေနဲ့ မကင်းနိုင်ပါဘူး။ ရာထူး၊ အာဏာ၊ ဂုဏ်သိက္ခာတွေကို သိပ်မြတ်နိုးတတ်ကြပါတယ်။ ငွေကြေးမမက်မောပါဘူး၊ အာဏာမမက်မောပါဘူး၊ နေရာမလိုချင်ပါဘူးလို့ ဘယ်လောက်ပဲပြောနေပါစေ၊ လက်ထဲ ဒါတွေ ရောက်လာတဲ့အခါ၊ လုပ်ပိုင်ခွင့်တွေ ရောက်လာတဲ့အခါကျမှ ပြောခဲ့တဲ့စကားတွေကို မေ့သွားတတ်သူတွေ တကမ္ဘာလုံးမှာ ဒုနဲ့ဒေးပဲဖြစ်ပါတယ်။
လူ့သဘာဝဆိုတာကလဲ အစွဲအလန်းက ကြှီးတတ်ပါတယ်။ တခြား ဥစ္စာ၊ အာဏာမဆိုထားနဲ့။ နေထိုင်ရာ အိမ်လေးက ထိုင်နေကျ ကုလားထိုင်လေးကို သူတပါးဝင်ထိုင်နေရင်တောင် ရက်ကြာလာတဲ့အခါ စိတ်ထဲ စနိုးစနောင့်ကတော့ ဖြစ်တတ်ကြစမြဲ။ ဘာမဟုတ်တဲ့ အလုပ်လေးမှာတောင် နာမည်လေးနဲ့ ရာထူးလေးရဲ့အပေါ်မှာ ကိုယ့်လက်မှတ်လေး ထိုးလိုက်ရတာကို အရသာတွေ့တတ်ကြစမြဲ။ အလုပ်က ထွက်လိုက်ရရင်၊ ဒါမှ မဟုတ် ပင်စင်ယူလိုက်ရတယ်ဆိုရင်တောင် တခါတရံမှာတော့ ပြန်တွေးရင်း တသသ ဖြစ်တတ်ကြစမြဲ။ ဒီလိုသဘောသဘာဝရှိနေတဲ့ လူ့လောကမှာ ရာထူး၊အာဏာ၊ လုပ်ပိုင်ခွင့်တွေကို တမ်းတမက်မောတတ်ကြတာ၊ ကုလားထိုင်တွေကို ထိုင်ပြီးရင် နေရာဖယ်မပေးချင်ကြတာ အဆန်းတော့ မဟုတ်ပါ။ ဒီအစွဲတွေဟာ ရေရှည်ကြာရင် အာဏာရှင်အသွင်ဆောင်သွားတာကြောင့် ဒီမိုကရေစီစနစ်နဲ့ ပြန်ထိန်းချုပ် ပေးကြရတာပါ။
ဒါကြောင့် ဒီအဆင့်အောင်မြင်ဖို့မှာ စာနယ်ဇင်းမီဒီယာတွေ၊ ဒီမိုကရေစီစနစ်ကို ယောင်ပြအပေါ်ယံ ယုံကြည်ချက် မဟုတ်ပဲ အမှန်တကယ်ယုံကြည်သူတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ စစ်ဘက်- အရပ်ဘက် ဆက်ဆံရေးတွေ၊ ဒီမိုကရေစီစနစ်အပေါ် အခြေတည်တန်ဖိုးထားတဲ့ နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံခြားဆက်ဆံရေး မူဝါဒတွေ၊ နိုင်ငံသုံးစရိတ်ခွဲဝေမှုတွေ၊ ဒီမိုကရက်တစ် functioning နဲ့ ကိုက်ညီမယ့် ကျင့်ထုံးတွေ၊ good governance ကျင့်ထုံးတွေ ပေါ်ထွက်လာဖို့ တည်ဆောက်ယူရပါတယ်။ အတတ်ပညာရှင်တွေနဲ့ အသိပညာရှင်တွေ အချိုးညီညီ ပေါ်ထွက်လာဖို့ လိုအပ်လှပါတယ်။ Civil Society အားကောင်းလာဖို့ လိုပါတယ်။ ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီမယ့် နိုင်ငံရေးယဉ်ကျေးမှု နဲ့ အတွေးအခေါ်တွေ ထွန်းကားလာအောင် ပြုပြင် တည်ဆောက်ရပါမယ်။ တချို့နိုင်ငံတွေမှာ democratic consolidation အဆင့်ရောက်ပြီးမှ အာဏာရှင်စနစ်ကို ပြန်ရောက်သွားတတ်ပါတယ်။
ဒီလို democratization's derailment ဖြစ်ရတဲ့ အကြောင်းရင်းတွေကို ပညာရှင်များက လေ့လာဖော်ထုတ်ကြရာမှာ အချက်ကြီး ငါးချက်ကို တွေ့ရှိကြရပါတယ်။ ပထမအချက်က နိုင်ငံတော်ရဲ့ ကာကွယ်ရေးအင်အားစုဖြစ်တဲ့ တပ်မတော်က နိုင်ငံရေးမှာ ၀င်ရောက်စွက်ဖက်မှုဖြစ်ပါတယ်။ ဒီလိုစွက်ဖက်နိုင်မှုတွေ ဖြစ်ပွားရတာကတော့ နိုင်ငံတော်အရေးပေါ် အခြေအနေတွေမှာ power of the command of the army ဟာ အရပ်သား နိုင်ငံတော်အကြီးအကဲ လက်ထဲမှာ မရှိလို့ပဲဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမှာ တိုင်းပြည်ဟာ စစ်အာဏာရှင်လက်အောက်ကို ပြန်လည်ကျရောက် သွားတတ်ပါတယ်။ နောက်တချက်ကတော့ ပြည်ပနိုင်ငံများရဲ့စွက်ဖက်မှုဖြစ်ပါတယ်။ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မှာ ပေါ်ပေါက်လာတဲ့အစိုးရဟာ ပြည်ပနိုင်ငံတခုခုရဲ့ သြဇာခံ အစိုးရဖြစ်လို့မရပါဘူး။ ပြည်သူလူထုအကျိုးကိုပဲ ပထမဦးစားပေးကြည့်ရှုတဲ့ အစိုးရဖြစ်ရပါမယ်။ ဒီလိုမဟုတ်ပဲ လက်ဝဲ၊ လက်ယာအင်အားကြီးနိုင်ငံတွေရဲ့ ရုပ်သေးအစိုးရတွေဖြစ်လာတဲ့အခါမှာ မူဝါဒရေးရာတွေမှာ conflict of interests ဖြစ်တာတွေ၊ အင်အားကြီးနိုင်ငံတွေရဲ့ မူဝါဒရေးရာ၊ ဒေသတွင်းရေးရာ အားပြိုင်မှုတွေကနေ ပေါ်လာတဲ့ proxy political conflicts တွေဖြစ်ပြီး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ဟာ နှောင့်နှေးသွားတာတွေ ဖြစ်တတ်ပါတယ်။
နာက်တချက်ကတော့ ပြည်တွင်းစစ်ဖြစ်ပါတယ်။ ပြောင်းလဲမှုကာလမှာ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့ ဆုံးဖြတ်သုံးသပ်မှုတွေဟာ အလွန်အရေးကြီးပါတယ်။ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုများတဲ့ တိုင်းပြည်တွေမှာ နိုင်ငံတည်ထောင်မှုသဏ္ဍာန်နဲ့ စနစ် မှန်ကန်ဖို့ လိုပါတယ်။ state formation conflicts တွေ ရှိတဲ့အခါမှာ စနစ်တကျမဖြေရှင်းနိုင်ရင် ရေရှည် ပြည်တွင်းစစ်ဖြစ်လာပါတယ်။ ပြည်တွင်းစစ်ပွဲတွေ များလာတာနဲ့အမျှ တပ်မတော်အခန်းကဏ္ဍကလဲ တိုးမြင့်လာပါတယ်။ ကြာလာတော့ ပြည်တွင်းစစ်နဲ့အတူု တပ်မတော်က အင်အားကြီးလာပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို နောက်ပြန်ဆွဲသလိုဖြစ်ပါတော့တယ်။ စစ်အသုံးစရိတ်က ကြီးမြင့်လာတော့ စီးပွားရေးတိုးတက်မှုက နှောင့်နှေးလာပြန်ပါတယ်။ စီးပွားရေးတိုးတက်မှုနှောင့်နှေးတော့ နိုင်ငံရေး မတည်ငြိမ်မှုတွေက ဖြစ်လာပါလေရော။ ဒီလိုနဲ့ပဲ အာဏာရှင်နိုင်ငံဖြစ်လိုက်၊ ဒီမိုကရေစီနိုင်ငံဖြစ်လိုက်နဲ့ သံသရာလည်နေကြတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီးပါပဲ။
က်တချက်က တရားဥပဒေစိုးမိုးရေးဖြစ်ပါတယ်။ အပြောလွယ်သလောက် လက်တွေ့မှာ အလွန်ခဲယဉ်းတဲ့ ကိစ္စရပ်တခုပါ။ အာဖရိကနိုင်ငံတွေရဲ့ ဒီမိုကရေပြောင်းလဲမှုဖြစ်စဉ် တုံ့နှေးနေရခြင်း အကြောင်းရင်းတွေမှာ ဒီအချက်က အဓိကဖြစ်ပါတယ်။ အာဏာရှင်စနစ်လက်အောက်မှာ နှစ်ပေါင်းများစွာ ကျရောက်ခဲ့တဲ့ နိုင်ငံတွေမှာ organized crimes တွေ ကြီးစိုးပါတယ်။ အာဏာရှင်ဘက်တော်သားတွေကော၊ ဒီမိုကရေစီဘက်တော်သားတွေပါ လူကုန်ကူးမှုတွေ၊ စိန်နဲ့ ကျောက်မျက်ရတနာ ခိုးထုတ်မှုတွေ၊ သစ်ခိုးထုတ်မှုတွေ အပါအ၀င် တခါတရံမှာ ဘိန်းကုန်ကူးမှုတွေနဲ့ပါ ဆက်စပ်တတ်တာတွေ ရှိပါတယ်။ ဥပမာဆိုရင်- အာဖရိကတိုက်မှာ အာဖရိကအနောက်ပိုင်းဒေသဟာ အရှေ့တောင်အာရှ ဘိန်းဖြူသယ်ယူရေးရဲ့ port of entry ဖြစ်ပြီး၊ အာဖရိကတောင်ပိုင်းဒေသဟာ တကမ္ဘာလုံးက ခိုးယူထားတဲ့ယာဉ်နဲ့ ယာဉ်အပိုပစ္စည်းတွေရဲ့ ကုန်သွယ်မှုဇုံဖြစ်ပါတယ်။
နာ
ဒီလို ဥပဒေပြင်ပ စီးပွားရေးတွေဟာ ဒီမိုကရေစီစနစ်နဲ့ good governance practices တွေကို လာဘ်ပေးလာဘ်ယူမှုတွေ၊ အကြမ်းဖက်မှုတွေ၊ money laundering activities တွေနဲ့ undermine လုပ်လေ့ရှိပါတယ်။ တခါတရံမှာဆိုရင် အမတ်လောင်းတွေကို နောက်ကွယ်က ကျားကန်ပေးပြီး မူဝါဒရေးရာမှာ ကြိုးဆွဲမှုတွေ ရှိလာတတ်ပါတယ်။ ဒါကြောင့် ဥပဒေပြင်ပလုပ်ငန်းတွေကို နှိမ်နင်းတဲ့အခါမှာ တရားဥပေဒေစိုးမိုးရေးပြဿနာကနေ နိုင်ငံရေး၊ လူမျိုးရေးပြဿနာ မတက်အောင် စနစ်တကျ ကိုင်တွယ်ဖြေရှင်းတတ်မှုတွေ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင် နိုင်ငံက စစ်ဘုရင်နိုင်ငံ (warlords state) ဖြစ်သွားတတ်ပါတယ်။ ဒီအချက်ဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ democratic consolidation ကို ခြိမ်းချောက်မှုပေးနိုင်တဲ့ အန္တရာယ်ပဲဖြစ်ပါတယ်။
က်တချက်ကတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဖြစ်တယ်။ လူအချင်းချင်းလေးစားမှုနဲ့ လူအချင်းချင်း ကိုးကွယ်မှု အသွင်သဏ္ဍာန်မတူဘူး။ လေးစားမှုက ဒီမိုကရေစီသဘောတရားပေါ် အခြေခံပြီး၊ ကိုးကွယ်မှုက အာဏာရှင် သဏ္ဍာန်ဆန်တယ်။ လူတယောက်ကို လေးစားသူက ဆက်ဆံရေးမှာလဲ လေးစားစွာ ဆက်ဆံတယ်။ ပြုမူဆောင်ရွက်မှုတွေမှာလဲ ကိုယ့်အမြင်ကို ပြတ်ပြတ်သားသား တင်ပြတယ်။ ဝေဖန်စရာရှိရင် ဝေဖန်ရေးလုပ်တယ်။ သူတပါးဝေဖန်သံကြားရင်လဲ အပြုသဘောလား၊ အပျက်သဘောလား ခွဲခြမ်းဆုံးဖြတ်တယ်။ ကိုးကွယ်သူကျတော့ အဲလိုမဟုတ်တော့ဘူး။ ဘာလုပ်လုပ်ထောက်ခံတယ်။ စိတ်ထဲမှာ မမှန်ဘူးထင်ရင်တောင် သူလုပ်တာဆိုရင် မမှားလောက်ပါဘူး။ ငါပဲ မှားတာပါလို့ တွက်ပြန်တယ်။ ကိုယ်က မဝေဖန်သလို သူတပါးက ဝေဖန်ရင်လဲ မကြိုက်ဘူး။ ကြက်ခေါင်းဆိတ်မခံ လိုက်ထိုးနှက်တတ်တယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်လုပ်ငန်းဆောင်တာ ဆိုတာ မရှိတော့ဘူး။ ကိုးကွယ်သူရဲ့ ဆုံးဖြတ်ချက်၊ အတွေးအေခါ်၊ လုပ်ငန်းဆောင်တာကိုပဲ အတည်ပြုတယ်၊ အကောင်အထည်ဖော်တယ်။
နာ
ဒီလိုအခြေအနေမျိုးက စီးပွားရေး၊ လူမှုဆက်ဆံရေးမှာဆိုရင်တောင် လောင်းရိပ်မိနေတတ်တယ်။ မိသားစုရေးမှာတောင် သားသမီးက မိဘကို ကိုးကွယ်မှု လွန်ကဲနေရင် မိဘမရှိချိန်မှာ မလုပ်တတ်၊ မကိုင်တတ်နဲ့ မိဘလက်ငုတ်လက်ရင်း စီးပွားရေးကိုတောင် ဆက်မထိန်းနိုင်ဖြစ်တတ်တယ်။ လူဆိုတာ အသက်အရွယ်အရ ရင့်ကျက်လာရတယ်။ ငယ်စဉ်ကာလမှာ “ငါ့ဖေဖေပဲ တော်တယ်၊ တတ်တယ်“ ဖြစ်တတ်တာ သဘာဝပေမယ့် အရွယ်ရောက်လာချိန်မှာ ငါ့အဖေက ဘယ်နေရာမှာတော်တယ်၊ ဘယ်နေရာမှာ ချော်တယ်၊ ဘယ်နေရာမှာ အားသာချက်ရှိတယ်၊ ဘယ်နေရာမှာ အားနည်းချက်ရှိတယ်၊ မှန်တယ်၊ မှားတယ် ဆိုတာကို သုံးသပ်ရတော့တယ်။ သူပြောတဲ့စကားတွေထဲက ဘယ်စကားကိုဆောင်ရမယ်၊ ဘယ်စကားကို ပယ်ရမယ်ဆိုတာကိုလဲ လက်ရှိအခြေအနေနဲ့ကိုက်ညှိပြီး စဉ်းစားရတော့ မှာဖြစ်တယ်။ ဒီလိုဆိုလို ဒါဟာ မလေးစားတာ မဟုတ်ဘူး။ ဖခင်အနေနဲ့ လေးစားမှုက သပ်သပ်၊ သူ့အပြော၊ သူ့လုပ်ရပ်ကို သုံးသပ်လေ့လာမှုက သပ်သပ်ဖြစ်တယ်။ ဒီလိုမဟုတ်ပဲ မျက်ကန်းကိုးကွယ်မှုလုပ်ရင် ကိုယ့်ဘ၀၊ ကိုယ့်အခြေအနေနဲ့ မကိုက်ညီတဲ့ လိုက်နာဆောင်ရွက်မှုတွေ ဖြစ်လာတတ်တယ်။ ဒါက လူတယောက် ဘ၀ရေးရာတွေမှာတင်ဖြစ်တယ်။
လူတယောက် ဘ၀ရေးရာမှာတောင် ဒီလောက်အရေးကြီးရင် နိုင်ငံတခုကံကြမ္မာမှာကျတော့ ပိုဆိုးတယ်။ ခေါင်းဆောင်ဆိုတာ လေးစားရမယ့် လူသားတွေဖြစ်တယ်။ ဒါပေမယ့် ကိုးကွယ်ပြီး ထိုင်ကန်တော့နေရမယ့် လူတွေ မဟုတ်ဘူး။ ပြောသမျှ ကိုယ့်စိတ်က ပါပါ၊ မပါပါ ခေါင်းညိမ့်လက်ခံနေရမယ့် သူတွေ မဟုတ်ဘူး။ သူဆိုထားသမျှ လိုက်နာဖော်ဆောင်ရမယ် မဟုတ်ဘူး။ သူနှုတ်ထွက်စကားမှန်သမျှ အမိန့်မဟုတ်ဘူး။ လက်တွေ့အခြေအနေနဲ့ ကိုက်ညီသလား၊ ဖြစ်နိုင်ချေရှိသလားဆိုတာ သုံးသပ်ရမယ်။ ပြန်လှန် ဆွေးနွေးမှုလုပ်ရမယ်။ တခြားဖြစ်နိုင်ချေတွေကို စဉ်းစားရမယ်။ ဝေဖန်ဆွေးနွေးရမယ်။ အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြရမယ်။ အဲလိုမဟုတ်ပဲ ခေါင်းဆောင်ကြီးဆိုပြီး ပုဂိံ္ဂုလ်ရေး ကိုးကွယ်မှုတွေဟာ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို နှောင့်နှေးစေတတ်တယ်။ တခုက ဒီလိုကိုးကွယ်ခံရသူတွေ မရှိတော့တဲ့အခါ ဖြစ်စဉ်တရပ်လုံး ကသောင်းကနင်းဖြစ်သွားတတ်တာဖြစ်ပြီး၊ နောက်တမျိုးကတော့ “မမှားသောရှေ့နေ၊ မသေသောဆေးသမား“ ဆိုသလိုပဲ သူတို့ရဲ့ မှားနေတဲ့ အတွေးအခေါ်၊ လုပ်ရပ်တွေကို လိုက်ပါ လုပ်ဆောင်မိတာဖြစ်တယ်။
ဒီလို ဒီမိုကရေစီစနစ်အမြစ်တွယ်ခိုင်မာရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ကျော်လွှားနိုင်ပြီး democratic consolidation အဆင့်ကို ဖြတ်သန်းပြီးတဲ့အခါ expansion to post-representative democracy ဆိုတဲ့ အဆင့်ကိုရောက်ပါတယ်။ ဒီအဆင့်ကတော့ နိုင်ငံတကာ governance system ကို democratic reform ဖြစ်ရေးတွေနဲ့ နိုင်ငံတော်အဆင့်မှာ participatory democracy, deliberative democracy တွေကို စမ်းသပ်အကောင်အထည်ဖော်ပြီး representative democracy ကို transcend လုပ်တာဖြစ်ပါတယ်။
နိဂုံး
အခုဆောင်းပါးမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသဏ္ဍာန်တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မစခင်မှာ preconditions တွေအနေနဲ့ စီးပွားရေး၊ လူမှုရေးတိုးတက်မှုတွေ လိုအပ်တယ်ဆိုတဲ့ modernization သီအိုရီနဲ့ လူထုလှုပ်ရှားမှုကနေ Elite တွေပေါ်ထွက်လာပြီး Initial democratization စတင်နိုင်မယ့် transitology တို့ကို ဆွေးနွေးထားပါတယ်။ လူထုလှုပ်ရှားမှုနဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်တို့အကြားက ဆက်နွယ်မှုတွေနဲ့ ပြောင်းလဲမှုဖြစ်စဉ် အဆင့်ဆင့်ကို တင်ပြထားသလို ဒီမိုကရေစီ စနစ် အမြစ်တွယ်ခိုင်မာမှုကို အနှောင့်အယှက်ဖြစ်စေမယ့် အကြောင်းရင်းတွေကို ထည့်သွင်းဆွေးနွေးထားပါတယ်။ တခြားမူကွဲသဏ္ဍာန်တခုဖြစ်တဲ့ political liberalization အကြောင်းကိုတော့ လူထုလှုပ်ရှားမှုနဲ့ မသက်ဆိုင်တဲ့အတွက် ထည့်သွင်းဆွေးနွေးထားခြင်းမရှိပါဘူး။ Political liberalization ကနေ democratic consolidation ကို ကူးပြောင်းရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုပုံသဏ္ဍာန်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို တော့ နောက်ထပ်ဆောင်းပါးတခုမှာ ဆက်လက်တင်ပြပေးပါမယ်။
ခင်မမမျိုး (၁၊ ၈၊ ၂၀၀၉)
ရည်ညွန်းကိုးကား-
Alagappa, M. (ed.) (2001) Civil Society and Political Change in Asia, Standford University Press, Standford
Barnes, S. & Kaase, M. et al. (1979) Political Action: Mass participation in Five Western Democracies, Sage, Beverly Hills
Bell, D., Brown, D., Jayasuriya, K. and Jones, D. (1995) (eds) Towards Illiberal Democracy in Pacific Asia, St. Martin's Press, New York
Bernhard, M. (1992)'Civil Society and Democratic Transition in East-Central Europe', Political Science Quarterly, 108 (2), p. 307- 26
Brysk, A. (1993) 'From above and below: Social movements, the International system, and Human Rights in Argentina', Comparative Political Studies, 26 (3), p. 259-85
Cavatorta, F. (2005) 'The International Context of Morocco's stalled Democratization', Democratization, 12 (4), p. 549-67
Crouch, C. (2004) Post-Democracy, Polity Press, Cambridge
Dahl, R. (1989) Democracy and its critics, Yale University Press, New Haven
Dalton, R. (2004) Democratic Challenges, Democratic Choices, Oxford University Press, Oxford
Diamond, L. (1999) Developing Democracy: Toward Consolidation, John Hopkins University Press, Baltimore
Ekiert, G. & Kubik, J. (1999) Rebellious Civil Society: Popular pretest and Democratic Consolidation in Poland, 1989- 1993, University of Michigan Press, Ann Harbour
Escobar, A. and Alvarex, S. (1992) (eds.) The makings of social movements in Latin America: Identity, Strategy and Democracy, Westview, Boulder
Foweraker, J. (1989) Making Democracy in Spain: Grassroots struggle in the South, 1955-1975, Cambridge University Press, Cambridge
Lipset, S. (1959) 'Some social requisites of democracy: Economic Development and Political Legitimacy', American Political science review, 53 (1), p. 69- 105
Moore, B. (1966) Social Origins of dictatorship and democracy: Lord and Peasant in the making of the modern world, Beacon Press, Boston
Myers, M. (1998) 'The promotion of democracy at the grassroots: The example of radio in Mali, Democratization, 5 (2), p. 200- 216
O'Donnell, G. (2007) 'The perpetual crises of democracy', Journal of Democracy, 15 (1), p. 5-19
Opp, K. (1994) 'Repression and Revolutionary Action', Rationality and Society, 6, p. 101-38
Przeworski, A. & Limongi, F. (1997) 'Modernization theories and facts', World Politics, 49, p. 155-83
Rossi, F. & Parta, D. (2009) “Social movement, trade unions and advocacy networks”, in Haerpfer, C.; Bernhagen, P.; Inglehart, R (2009) (eds.) Democratization, Oxford University Press, Oxford
Schneider, C. (1995) Shantytown Protests in Pinochet's Chile, Temple University Press, Philadelphia
Ulfelder, J. and Lustik, M/ (2007) 'Modelling Transition to and from Democracy, Democratization, 14 (3), p. 351-87
Welzel, C. (2007) 'Are levels of democracy influenced by mass attitudes?, International Political Science Review, 28 (4), p. 397- 424
ဒီစကားလုံးလေးနှစ်ခုကိုအပေါ်ယံအနေနဲ့ ကြည့်လိုက်ရင်ဆက်စပ်တယ်လို့ သိပ်မထင်ရပါဘူး။ကျန်းမာရေးဆိုတဲ့ စကားလုံးကိုကြားရသူတွေက ဆေးရုံ၊ ဆေးခန်း၊ဆရာဝန်၊ သူနာပြု၊ “ဆေးလိပ်သောက်ခြင်းသည်ကျန်းမာရေးကို ထိခိုက်စေနိုင်သည်“ဆိုတဲ့ စာသား၊ အေအိုင်ဒီအက်စ်၊ကင်ဆာစတဲ့ ရောဂါဆိုးတွေ၊ဒဗလျူအိတ်ဂ်ျအို၊ ယင်လုံအိမ်သာဆောက်လုပ်ရေး စတဲ့ အကြောင်းအရာတွေကိုပဲ မြင်ယောင်မိကြမှာဖြစ်ပါတယ်။
လုံခြုံရေးဆိုတဲ့စကားလုံးကို ကြားရသူတွေကလဲစစ်တပ်၊ ရဲ၊ လုံခြုံရေးဝန်ထမ်း၊အကြမ်းဖက်မှု၊ ဗုံးပေါက်ကွဲမှု၊ဒုစရိုက်မှုပပျောက်ရေး၊နေတိုးအဖွဲ့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ စတာတွေကိုပဲစဉ်းစားမိကြမှာ ဖြစ်ပါတယ်။
ကျန်းမာရေးလုပ်သားတွေကလဲနိုင်ငံရေး၊
နိုင်ငံတော်လုံခြုံရေးအပြည်ပြည်ဆိုင်ရာလုံခြုံရေးကိစ္စတွေဟာကိုယ်နဲ့မပတ်သက်သလိုပဲယူဆမိကြပါလိမ့်မယ်။လုံခြုံရေးလုပ်သားတွေကလဲမိသားစု ကျန်းမာရေး ကိစ္စရပ်ကလွဲရင်ပြည်သူလူထု ကျန်းမာရေးဆိုတာမိမိနဲ့ သိပ်မပတ်သက်တဲ့ရေးရာတခုလို့ပဲ သတ်မှတ်ပါလိမ့်မယ်။ ဒါပေမယ့် ၂၁ရာစုခေတ်မှီတိုးတက်တဲ့ ကမ္ဘာကြီးမှာကျတော့နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊လုံခြုံရေးကဏ္ဍတွေဟာ တခုနဲ့တခုအပြန်အလှန်ဆက်စပ်တဲ့ကဏ္ဍတွေဆိုတာကို လူအများကလက်ခံနားလည် လာခဲ့ကြရပါတော့တယ်။တိုးတက်တဲ့ နိုင်ငံများရဲ့နိုင်ငံခြားရေးမူဝါဒ၊နိုင်ငံတော်လုံခြုံရေးမူဝါဒတွေမှာ ကျန်းမာရေးကဏ္ဍကိုထည့်သွင်းလာကြရသလို၊ကျန်းမာရေးမူဝါဒမှာလဲအရေးပေါ်လုံခြုံရေးအခြေအနေတွေအကြမ်းဖက်တိုက်ခိုက်ခံရမှုအခြေအနေတွေမှာပြည်သူ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ် ငန်းဆောင်တာတွေကိုမရှိမဖြစ် ထည့်သွင်းလာကြရပါတော့တယ်။နိုင်ငံတော်လုံခြုံရေးကိုခြိမ်းချောက်တဲ့ အန္တရာယ်တွေရဲ့သဘောသဘာဝ (Natureof Threats) ကိုလေ့လာဆန်းစစ်မှုတွေမှာလဲနယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှု၊အကြမ်းဖက်မှု၊ဆင်းရဲနွမ်းပါးမှု၊အုပ်ချုပ်ရေးညံ့ဖျင်းမှုစတာတွေနဲ့အတူ ပြည်သူ့ကျန်းမာရေးကိုပါထည့်သွင်း ဆန်းစစ်ချက်တွေပြုလုပ်လာကြရပါတော့တယ်။
Read More here

Human Migration ဆိုတာ ယနေ့ကမ္ဘာမှာ အရေးပါတဲ့ သဘောတရား တရပ်ဖြစ်ပေမယ့်၊ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများ စွာကတည်းက ပေါ်ပေါက်နေခဲ့ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အလုပ်အကိုင်နဲ့ ဘ၀အခြေအနေအတွက် လူအများဟာ မွေးရပ်မြေ၊ အိမ်ယာတွေကို ခွဲခွာပြီး အခြားမြို့ရွာ၊ အခြားနိုင်ငံတွေမှာ အလုပ်သွားရောက် လုပ်ကိုင်တာတွေ၊ အခြေချ နေထိုင်တာတွေ ပြုလုပ်ကြပါတယ်။ ၂၀ ရာစုနှောင်းပိုင်းကာလရောက်တော့ ဂလိုဘယ်လိုင်းဇေးရှင်း အရှိန်အဟုန် မြင့် တက်လာတာနဲ့အမျှ အာရှ၊ အာဖရိက၊ တောင်အမေရိကနဲ့ အရှေ့ဥရောပနိုင်ငံများကနေ အနောက်ဥရောပ၊ သြစတြေး လျနဲ့ မြောက်အမေရိကနိုင်ငံများဆီကို migration လုပ်မှုတွေ များပြားလာပါတယ်။ ဒေသတွင်းမှာတင် ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေကနေ အခြားအိမ်နီးချင်းနိုင်ငံတွေကို migration လုပ်မှုတွေလဲ များပြားလာပါတယ်။ တရားဝင် ပြုလုပ်မှုတွေ ရှိသလို၊ တရားမ၀င် ပြုလုပ်တာတွေလဲ ရှိလာပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး၊ smuggling of migrants ဆိုတဲ့ ရာဇ ၀တ်ပြစ်မှုတွေကို ကျူးလွန်လာမှုတွေလဲ ရှိပါတယ်။
Smuggling of Migrants ဆိုရာဝယ်
၂၀၀၀ ခုနှစ်မှာ The United Nations Convention against Transnational Organized Crime ကို ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေညီလာခံရဲ့ Resolution 55/25 အဖြစ် ချမှတ်ခဲ့ကြပါတယ်။ ဒီကွန်ဗင်းရှင်းကို နောက်ထပ် ပရိုတို ကောလ် သုံးခုနဲ့ ထပ်ဆင့်ဖြည့်စွက်ပြီး၊ နယ်စပ်ဖြတ်ကျော်ရာဇ၀တ်မှု (Transnational Organized Crime) တိုက်ဖျက် ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ပါတယ်။ ဒီပရိုတိုကောလ်သုံးခုကတော့ the Protocol to Prevent, Suppress and Punish Trafficking in Persons, especially Women and Children; the Protocol against the Smuggling of Migrants by Land, Sea and Air; and the Protocol against the Illicit Manufacturing of and Trafficking in Firearms, their Parts and Components and Ammunition စတာတွေ ဖြစ်ပါတယ်။
The Protocol against the Smuggling of Migrants by Land, Sea and Air ရဲ့ ပုဒ်မ (၃) နဲ့ ပုဒ်မ (၆) မှာ smuggling of migrants ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ရာဇ၀တ်ပြစ်မှု မြောက်စေတဲ့ အပြုအမူတွေကို ရှင်းလင်းစွာ ထည့် သွင်းဖော်ပြ ထားပါတယ်။ Smuggling of migrants ဆိုတာ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသား မဟုတ်သော လူပုဂ္ဂိုလ်တဦး တယောက်ကို အဲဒီနိုင်ငံမှာ အခြေချနေထိုင်လို့ရအောင် ငွေကြေး (သို့မဟုတ်) အခြား တစုံတရာ အကျိုးအမြတ်များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူပြီး အကူအညီပေးခြင်း ဖြစ်ပါတယ်။ ပုဒ်မ (၆) အရ တိုင်းပြည်တခုအတွင်းသို့ ခိုးသွင်းခြင်း၊ အဆိုပါ ခိုးသွင်းခံရသူသည် ခိုးသွင်းခံရသော တိုင်းပြည်၏ နိုင်ငံသား (သို့မဟုတ်) တိုင်းပြည်တွင်းတွင် တရားဝင် နေထိုင်နိုင်ခွင့် မရှိခြင်းနှင့် ယင်းသို့ခိုးသွင်းရာတွင် ငွေကြေး (သို့မဟုတ်) အခြား တစုံတရာ အကျိုးအမြတ် များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူခြင်းဟာ ရာဇ၀တ်ပြစ်မှု မြောက်ပါတယ်။
အလားတူပဲ တိုင်းပြည်တခုအတွင်းမှာ တရားဝင်နေထိုင်ခွင့် သက်တမ်းကုန်လွန်နေသူ (သို့မဟုတ်) တရားမ၀င် ၀င် ရောက် နေထိုင်နေသူ တယောက်ကို အဆိုပါ တိုင်းပြည်တွင်းမှာ တရားမ၀င် ဆက်လက်နေထိုင်ခွင့် ရရှိအောင် (သို့မ ဟုတ်) ဥပဒေသတ်မှတ်ချက်များနှင့် ဘောင်ဝင်အောင် လိမ်လည် ကူညီပေးခြင်းနှင့် ယင်းသို့ပြုလုပ်ရာတွင် ငွေကြေး (သို့မဟုတ်) အခြား တစုံတရာ အကျိုးအမြတ်များအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူခြင်းဟာလဲ ရာဇ၀တ် ပြစ်မှု မြောက်ပါတယ်။
The Protocol against the Smuggling of Migrants by Land, Sea and Air ဟာ migrants များကို အရေးယူ ဆောင်ရွက်ရတဲ့ legal instrument တခုတော့ မဟုတ်ပါဘူး။ တခါတရံမှာ migrants တွေက ရာဇ၀တ်ပြစ်မှုကျူးလွန်ရန် ကြိုးပမ်းနေသူများရဲ့ သားကောင်တွေ ဖြစ်နေတတ်ပါတယ်။ အခြားနိုင်ငံသို့ ခိုးသွင်းပေးခြင်း (သို့မဟုတ်) နေထိုင်ခွင့် သက်တမ်း ကျော်လွန်နေသော နိုင်ငံ (သို့) တရားမ၀င် ၀င်ရောက်နေသော နိုင်ငံတခုမှာ တရားမ၀င် ဆက်လက်နေထိုင် ခွင့် ရရှိအောင် (သို့မဟုတ်) ဥပဒေသတ်မှတ်ချက်များနှင့် ဘောင်ဝင်အောင် လိမ်လည် ကူညီပေးမည်လို့ ဆိုပြီး ငွေကြေး (သို့မဟုတ်) အခြားတစုံတရာအကျိုးအမြတ်များကို ရယူတောင်းဆိုမှု လုပ်ဆောင်လာပြီဆိုရင် ဒါဟာ ရာဇ၀တ်ပြစ်မှု ကျူးလွန်ရန် ကြံစည်အားထုတ်နေသူများရဲ့ ချဉ်းကပ်မှုဆိုတာကို လူအများနားလည်မှသာ ရာဇ၀တ် ပြစ်မှုတွေရဲ့ သား ကောင်တွေဘ၀က လွတ်မြောက်မှာ ဖြစ်ပါတယ်။ Smuggling of migrants ဟာ လူကုန်ကူးမှုနဲ့ ကွဲပြားခြားနားပါတယ်။
လူကုန်ကူးမှု (Human Trafficking (or) Trafficking in Persons)
The Trafficking in Persons Protocol ရဲ့ အပိုဒ် (၃)၊ အပိုဒ်ခွဲ (က) အရ လူကုန်ကူးမှုဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုထား ရမှာ အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။ ပထမတပိုင်းကတော့ ပြုမူဆောင်ရွက်ချက် ဖြစ်ပါတယ်။ ပြုမူဆောင်ရွက်ရာမှာ လူ ကုန်ကူးမှု၏ သားကောင်ဖြစ်နိုင်သူများကို ရှာဖွေခေါ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ လက်ခံခြင်း (သို့မ ဟုတ်) ၀ယ်ယူခြင်း စတာတွေ ပါဝင်ပါတယ်။
ဒုတိယအပိုင်းကတော့ နည်းလမ်းများ ဖြစ်ပါတယ်။ လူကုန်ကူးရာမှာ အသုံးပြုတဲ့ နည်းလမ်းတွေကတော့ ဆွဲဆောင် သိမ်းသွင်းခြင်း၊ စည်းရုံးခြင်း၊ အင်အားသုံးခြင်း၊ ခြိမ်းချောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်း၊ သားကောင်ဖြစ်သူရဲ့ တစုံတရာ အားနည်းချက်ကို အသုံးပြုခြင်းနဲ့ ငွေ (သို့) အခြား တစုံတရာ အကျိုးအမြတ်များကို ပေးအပ်ပြီး၊ သားကောင်ဖြစ်သူ၏ consent ကို ရယူထိန်းချုပ်ရန် ကြိုးပမ်းခြင်း စတာ တွေ ပါဝင်ပါတယ်။
တတိယအပိုင်းကတော့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ လူကုန်ကူးမှုရဲ့ ရည်ရွယ်ချက်တွေထဲမှာ ပြည့်တန်ဆာအဖြစ် ရောင်း ချရန်၊ လူတဦးတယောက်(သို့မဟုတ်) လူအစုအဖွဲ့ တခုရဲ့ လိင်ကျေးကျွန်အဖြစ် အသုံးပြုရန်၊ ထိုက်တန်သော လစာနှင့် ခံစားခွင့် မရှိသော အလုပ်များကို စေခိုင်းရန်၊ ကျေးကျွန် (သို့မဟုတ်) ကျေးကျွန်နှင့် အလားသဏ္ဍာန်တူသော အခြေအ နေများသို့ သွတ်သွင်းရန် နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ (ဥပမာ- ကျောက်ကပ်၊ အသည်း၊ နှလုံး စသည်များ) အား ရယူ ရန် စတာတွေ ပါဝင်ပါတယ်။
ဒီလို ရည်ရွယ်ချက်တွေအတွက် လူကုန်ကူးမှုကျူးလွန်ရန် ကြိုးပမ်းအားထုတ်သူများက နည်းမျိုးစုံအသုံးပြုပြီး၊ ဒါတွေဟာ သားကောင်ဖြစ်သူရဲ့ သဘောတူညီချက်အရ ပြုလုပ်ခြင်းဆိုတဲ့ ခုခံကာကွယ်မှုကို လုပ်တတ်ကြပါတယ်။ ဒီလို သဘော တူညီချက်ဆိုရာမှာ အထက်မှာ ဖော်ပြထားတဲ့ ရည်ရွယ်ချက်တွေအတွက် ဆွဲဆောင် သိမ်းသွင်းခြင်း၊ စည်းရုံးခြင်း၊ အင် အားသုံးခြင်း၊ ခြိမ်းချောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်း၊ သားကောင်ဖြစ်သူရဲ့ တစုံတရာ အားနည်းချက်ကို အသုံးပြုခြင်းနဲ့ ငွေ (သို့) အခြား တစုံတရာ အကျိုးအမြတ်များကို ပေးအပ်ပြီး၊ သားကောင်ဖြစ်သူ၏ consent ကို ရယူထိန်းချုပ်ရန် ကြိုးပမ်းခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုထားမယ် ဆိုရင် ဒီသဘောတူညီချက်တွေက အလိုအလျောက် ပျက်ပြယ်ပါတယ်။
ခြားနားချက်များနှင့် ကွင်းဆက်များ
Smuggling of migrants နဲ့ လူကုန်ကူးမှုဟာ ကွဲပြားခြားနားပါတယ်။ အဓိကကတော့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ Smuggling of migrants က ငွေကြေး (သို့မဟုတ်) တစုံတရာ အကျိုးအမြတ်အတွက် ဖြစ်ပါတယ်။ လူကုန်ကူးမှု ကြတော့ ပြည့်တန်ဆာအဖြစ် ရောင်းချရန်၊ လူတဦးတယောက်(သို့မဟုတ်) လူအစုအဖွဲ့ တခုရဲ့ လိင်ကျေးကျွန်အဖြစ် အသုံးပြုရန်၊ ထိုက်တန်သော လစာနှင့် ခံစားခွင့် မရှိသော အလုပ်များကို စေခိုင်းရန်၊ ကျေးကျွန် (သို့မဟုတ်) ကျေးကျွန် နှင့် အလားသဏ္ဌာန်တူသော အခြေအနေများသို့ သွတ်သွင်းရန် နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ (ဥပမာ- ကျောက်ကပ်၊ အသည်း၊ နှလုံး စသည်များ) အား ရယူရန် စတဲ့ အသုံးချမှုအတွက် ဖြစ်ပါတယ်။
နောက်ထပ်ကွဲပြားခြားနားမှု တခုကတော့ တိုင်းပြည်တခုအတွင်းသို့ တရားမ၀င် ၀င်ရောက်မှု (သို့မဟုတ်) တရားမ၀င် နေထိုင်မှု ဖြစ်ပါတယ်။ smuggling of migrants မှာက တိုင်းပြည်တခုကနေ အခြားတိုင်းပြည်တခုအတွင်းကို တရားမ ၀င် ခိုးသွင်းမှု (သို့မဟုတ်) တရားမ၀င် နေထိုင်နေသူများအား သက်ဆိုင်ရာ တိုင်းပြည်ရဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ အရ ဘောင်ဝင်သွားအောင် ငွေကြေးရယူ ကူညီပေးမှု စတာတွေ ပါဝင်ပါတယ်။ လူကုန်ကူးမှုမှာကျတော့ တရားဝင် ၀င် ရောက်မှု (သို့မဟုတ်) တရားဝင်နေထိုင်မှု တွေပါ အကျုံးဝင်သလို၊ တိုင်းပြည်တခုအတွင်းမှာတင် တနေရာမှ အခြားတ နေရာသို့ ပို့ဆောင်အသုံးချမှုတွေလဲ ဖြစ်ပွားနိုင်ပါတယ်။
နောက်ထပ်ကွဲပြားခြားနားမှု တခုကတော့ သားကောင်ကိုယ်တိုင်ဖြစ်ပါတယ်။ Smuggling of migrants မှာ သားကောင် ကိုယ်တိုင်ရဲ့ လိုက်လိုက်လျောလျော သဘောတူညီချက် ပါဝင်ပါတယ်။ ဒါကြောင့်လဲ smuggling of migrants ပြစ်မှုကို ကျူးလွန်သူအချို့က သားကောင်ရဲ့ ဆန္ဒသဘောထားပါဝင်ပြီး၊ နှစ်ဦးနှစ်ဘက် အကျိုးရှိစေတာကြောင့် ဒါဟာ ပြစ်မှုမ မြောက်ဘူးလို့ ထင်မှတ်မှားနေတတ်တာတွေ ရှိပါတယ်။ သို့ပေမယ့် နိုင်ငံတကာ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဒါဟာ ရာဇ၀တ်ပြစ်မှု ဖြစ်ပါတယ်။ လူကုန်ကူးမှုမှာကျတော့ သားကောင်ရဲ့ သဘောတူညီချက် ပါဝင်ရင်တောင် အထက် မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ ရယူထားတာ ဖြစ်ပါတယ်။
လူကုန်ကူးမှုနဲ့ smuggling of migrants တို့အကြားမှာ အခုလို ကွဲပြားခြားနားချက်တွေ ရှိပေမယ့် ဆက်စပ်မှုတွေလဲ ရှိ တတ်ပါတယ်။ အချို့သားကောင်တွေဟာ အခြားတိုင်းပြည်ကို ခိုးဝင်ဖို့ ကိုယ်တိုင်ကိုယ်ကျ ငွေပေးခဲ့တာ ဖြစ်ပေမယ့်၊ သက်ဆိုင်ရာ နိုင်ငံကို ရောက်သွားချိန်မှာ ရောင်းစားခံရတာတွေ ရှိနိုင်ပါတယ်။ လူကုန်ကူးမှု ကျူးလွန်သူများက smuggling လုပ်ပေးနေသူများအနေနဲ့ ဟန်ဆောင်အသွင်ယူထားခြင်းတွေ ရှိသလို၊ ရာဇ၀တ်မှုကျူးလွန်သူများ အချင်း ချင်း အစကနဦး ကတည်းက ချိတ်ဆက်ထားမှုတွေလဲ ရှိနိုင်ပါတယ်။ တခါတရံမှာ လမ်းကြောင်းတကြောင်းထဲမှာ smuggling လုပ်ခံရသူများနဲ့ လူကုန်ကူးခံရသူများ အတူတွဲပြီး ပါဝင်နေတတ်ပြီး၊ ပြစ်မှူကျူးလွန်နေသူများဟာ လူကုန် ကူးမှုနဲ့ smuggling of migrants နှစ်မျိုးလုံးကို ကျူးလွန်နေတဲ့ ကွင်းဆက်တရားခံများ ဖြစ်နေနိုင်ပါတယ်။
Smuggling of migrants ဆိုင်ရာ ရာဇ၀တ်မှု သဏ္ဌာန်များ
migrants တွေကို အခြားနိုင်ငံတွင်းသို့ ခိုးသွင်းရာမှာ ပြစ်မှုကျူးလွန်သူတွေ အသုံးပြုလေ့ရှိတဲ့ ရာဇ၀တ်မှုသဏ္ဌာန်တွေ မတူညီပါဘူး။ ပထမ တမျိုးကတော့ အရေးပေါ် ခိုးသွင်းပေးမှု ဖြစ်ပါတယ်။ ဒီသဏ္ဌာန်မှာ migrants တွေကို နိုင်ငံ (အေ) ကနေ နိုင်ငံ (ဘီ) ကို ခိုးသွင်းဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ organized trip မပါဝင်ပါဘူး။ သူတို့တတွေဟာ နိုင်ငံ (အေ) အတွင်းမှာ တရားဝင် လှုပ်ရှားသွားလာပြီးမှ၊ နိုင်ငံ (ဘီ) နဲ့ အနီးဆုံး နယ်စပ်ကို ရောက်ရှိသွားကြပါတယ်။ အဲဒီ ကနေ ဒေသခံတွေကို ငွေပေးပြီး၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်ရေးအတွက် အသုံးပြုကြပါတယ်။ ဒီရာဇ၀တ်မှုမှာ လူတ ဦး တယောက် (သို့မဟုတ်) လူတစုကို အခြားနိုင်ငံအတွင်းသို့ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်သွားနိုင်ရေး အတွက် ငွေကြေးရယူပြီး ဆောင်ရွက်ပေးသူများဟာ လူတဦးတယောက်၊ တဖွဲ့တည်းတင် မကပဲ လူများစွာ၊ အဖွဲ့များစွာ အဆင့်ဆင့် ပါဝင်နေတတ်ပါတယ်။
နောက်ထပ် သဏ္ဌာန်တမျိုးကတော့ စာရွက်စာတမ်း အတုများ အသုံးပြုမှု ဖြစ်ပါတယ်။ နိုင်ငံ (အေ) ကနေ နိုင်ငံ (ဘီ) ကို migrants တွေ ခိုးသွင်းရန် (သို့မဟုတ်) နိုင်ငံ (ဘီ) အတွင်းသို့ တရားမ၀င် ရောက်နေသူများ နိုင်ငံတွင်းတွင် ဆက်လက် နေထိုင်နိုင်ရန် အတွက် နိုင်ငံ (အေ) မှာ နေထိုင်သူကဖြစ်စေ၊ နိုင်ငံ (ဘီ) မှာ နေထိုင်သူကဖြစ်စေ စာရွက်စာတမ်း အတု များ ပြုလုပ်ပေးမှု ဖြစ်ပါတယ်။ ဒီရာဇ၀တ်မှုမှာ နိုင်ငံကူးလက်မှတ် အတုများ၊ ဗွီဇာအတုများနဲ့ အခြားဆက်စပ် စာရွက် စာတမ်း အတုများ ပြုလုပ်ပြီး ခိုးသွင်းမှု (သို့မဟုတ်) ဆက်လက်နေထိုင်နိုင်ရန် ကြိုးပမ်းပေးမှုတွေ ပါဝင်ပါတယ်။
စာရွက်စာတမ်း အတုများ ပြုလုပ်ပေးမှုမှာ အတုအယောင် လက်ထပ်ခြင်းနဲ့ နိုင်ငံရေးဒုက္ခသည်များအဖြစ် လိမ်လည်ခံ ယူရန် ငွေကြေးများ ရယူဆောင်ရွက်ပေးမှု စတာတွေ ပါဝင်ပါတယ်။ စာရွက်စာတမ်း အတုများဆိုရာမှာ ပတ်စ်ပို့အတု များ၊ ပတ်စ်ပို့ ဓာတ်ပုံများခွာယူ၍ အသစ်ပြန်ကပ်မှုများ၊ ခိုးယူထားသော ပတ်စ်ပို့များတွင် အချက်အလက်များ ပြင်ဆင် ထည့်သွင်းမှုများ၊ နိုင်ငံရေးဒုက္ခသည် မခံယူခင် ပတ်စ်ပို့များအား ဖျက်ဆီးလွှင့်ပစ်ရန် အကြံပေးချက်များ၊ ဖျောက်ဖျက် ပေးမှုများ စတာတွေ ပါဝင်ပါတယ်။
နောက်ထပ်ရာဇ၀တ်မှု သဏ္ဍာန်တမျိုးကတော့ ကြိုတင်ပြင်ဆင်ထားမှုများ ပါဝင်သော stage- to – stage smuggling ဖြစ်ပါတယ်။ ဒီသဏ္ဍာန်မှာ နိုင်ငံ (အေ) ကနေ နိုင်ငံ (ဘီ) (လမ်းခရီးတွင် အခြားနိုင်ငံများတွင်လည်း transit လုပ်ရမှုများ ရှိနိုင်သည်) သို့ ခိုးဝင်ရမယ့် သူများဟာ လမ်းခရီးအတွက် ကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားရန် မလိုအပ်ပါဘူး။ သက် ဆိုင်ရာနိုင်ငံအလိုက် stage co-ordinators များ ရှိပါတယ်။ ဒီလူတွေဟာ ကွန်ယက်သဏ္ဌာန် ချိတ်ဆက်ထားပြီး၊ တခါ တရံမှာလဲ တဖွဲ့တည်း ဖြစ်နေတတ်ပါတယ်။
ဥပမာ- နိုင်ငံ (အေ) ကနေ လူတယောက်ကို နိုင်ငံ(စီ)ကို ပို့ပေးသူက တယောက်၊ နိုင်ငံ (စီ) မှာ ခေတ္တ ၀ှက်ထားပေးပြီး၊ နိုင်ငံ (ဒီ) သို့ သွားရမည့် အိုင်ဒီ အတု စီစဉ်ပေးသူက တယောက်၊ နိုင်ငံ (ဒီ) ရောက်ချိန်တွင် အခြား အိုင်ဒီ အတုများ ထပ်မံစီမံပြီးမှ နိုင်ငံ (ဘီ) သို့ ပို့ဆောင်ပေးသူများက တယောက်၊ နိုင်ငံ (ဘီ) သို့ ရောက်ချိန်တွင် ကြိုဆို လက်ခံထား သူက တယောက်၊ နိုင်ငံ (ဘီ)တွင် အိုင်ဒီအတုများ ဖျောက်ဖျက်ပေးပြီး၊ တရားဝင် နေထိုင်ခွင့် ရရှိစေရန် လုပ်ဆောင် ပေးသူများက တယောက် ဖြစ်နေတတ်ပါတယ်။ ဒီလူတွေ အားလုံးဟာ ချိတ်ဆက်မှုနှင့် ဖြစ်စေ၊ အဖွဲ့တခုတည်း အနေ နှင့်ဖြစ်စေ stage- to- stage smuggling process ကြီး တခုလုံးမှာ ပါဝင်ပြီး ရာဇ၀တ်မှုကျုးလွန်ကြသူများ ဖြစ်ပါတယ်။
smuggling process တွင် ပါဝင်သူများ
smuggling process မှာ အော်ပရေးရှင်းတခုလုံး (သို့မဟုတ်) အဆင့်တဆင့်ကို ကြိုးကိုင်စီမံကြတဲ့ co-ordinators တွေ ရှိပါတယ်။ co-ordinators တွေမှာ အဆက်အသွယ်များစွာ ရှိပြီး၊ ဆက်သွယ်ရေးစနစ်၊ နေရာချထားရေး အစီအမံ၊ လမ်း ကြောင်း စတာတွေအားလုံးကို တာဝန်ယူကြီးကြပ်စီမံလေ့ရှိကြပါတယ်။ co-ordinators တွေဟာ နောက်ကွယ်ကနေ ကြိုးကိုင်စီမံလေ့ရှိကြတဲ့အတွက် သူတို့ကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်သေအထောက်အထားများ ရယူ ရန် ခဲယဉ်းတာကြောင့် co-ordinators များကို ပစ်မှတ်ထားပြီး စုံစမ်းသူများဟာ covert နည်းလမ်းတွေကို အသုံးပြု လေ့ရှိကြပါတယ်။
နောက်ထပ် တမျိုးကတော့ recruiters တွေ ဖြစ်ပါတယ်။ သူတို့တတွေက smuggling လုပ်မယ့်သူတွေနဲ့ migrants တွေ အကြားမှာ ဆက်သွယ်ပေးရသူများ ဖြစ်ပါတယ်။ migrants များနဲ့ recruiters တွေဟာ လူမျိုးတူတွေ ဖြစ်တာများပြီး၊ တခါတရံ အိမ်နီးချင်းတွေ၊ အသိမိတ်ဆွေတွေ ဖြစ်တတ်ပါတယ်။ တရားမ၀င် ခိုးသွင်းမှုမှာ ပါဝင်ပတ်သက်နေတဲ့ recruiters တွေဟာ မိခင်နိုင်ငံတွေမှာ အခြေချနေထိုင်သူများ ဖြစ်လေ့ရှိပြီး၊ ရံဖန်ရံခါမှာတော့ နိုင်ငံရပ်ခြားမှ အလည်အ ပတ် ပြန်လာသူများလဲ ဖြစ်တတ်ပါတယ်။
Recruiters တွေဟာ မိခင်နိုင်ငံမှာ နေထိုင်သူများထဲမှ နိုင်ငံရပ်ခြားသို့ တရားဝင် သွားရောက်ရန် ခက်ခဲနေသူများကို သတင်းအချက်အလက် မှားများပေးခြင်း၊ မက်လုံးများပေးခြင်း (နိုင်ငံဘီတွင် သွားရောက် အလုပ်လုပ်ပါက ဘယ်နှစ်နှစ် အတွင်း ချမ်းသာမည် စသည်များ)ဖြင့် သွားရောက်နိုင်ရန် ကူညီပေးမည်ဆိုကာ smuggling process ထဲသို့ သွတ်သွင်း တတ်ပါတယ်။ နိုင်ငံတွင်း တရားမ၀င်နေထိုင်မှုမှာလဲ recruiters တွေဟာ လူမျိုးတူတွေ ဖြစ်တာများပြီး၊ လူ့အဖွဲ့အစည်း ထဲမှာ စိမ့်ဝင်နေတတ်ပါတယ်။ တရားမ၀င်နေထိုင်သူများ၊ တရားဝင်နေထိုင်ရန် အခက်အခဲဖြစ်နေသူများကို ပစ်မှတ် ထားပြီး စည်းရုံးလေ့ရှိပါတယ်။ အဲဒီကနေတဆင့် migrants smuggling လုပ်နေသူများနဲ့ ထပ်မံဆက်သွယ်ပေးကြ ပါတယ်။
နောက်ထပ်တမျိုးကတော့ လမ်းခရီး သယ်ယူပို့ဆောင်ရေးမှာ အဆင်ပြေဖို့အတွက် လုပ်ဆောင်ပေးတဲ့ transporters တွေနဲ့ လမ်းပြတွေ ဖြစ်ပါတယ်။ လမ်းခရီးအဆင့်ဆင့်မှာ လမ်းပြတယောက် (သို့မဟုတ်) တစု ရဲ့ လက်ထဲကနေ အခြား လမ်းပြတွေရဲ့ လက်ထဲကို ထပ်မံလွှဲပြောင်းပေးမှုတွေလဲ ရှိနိုင်ပါတယ်။ ကားမောင်းသမားတွေ၊ လမ်းပြတွေ (သို့မဟုတ်) လေယာဉ်နဲ့ လူအများကို ဦးစီးခေါ်ဆောင်သူတွေဟာ smuggling operation ကို လုပ်ဆောင်နေတဲ့ အဖွဲ့ဝင်တွေ ဖြစ် နိုင်သလို၊ ကန်ထရိုက်အနေနဲ့ လုပ်ကိုင်သူများလဲ ဖြစ်တတ်ပါတယ်။
နောက်ထပ်တမျိုးကတော့ အခြေအနေကို စောင့်ကြပ်ကြည့်ရှုပေးရတဲ့ spotters တွေ ဖြစ်ပါတယ်။ ရဲ၊ စစ်တပ်၊ လူဝင် မှုကြီးကြပ်ရေး တို့ရဲ့ လှုပ်ရှားမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုပေးရပြီး၊ လှုပ်ရှားလို့ ရနိုင်မယ့် အခြေအနေနဲ့ အချိန် အခါတွေကို မီးစိမ်းပြပေးရသူများ ဖြစ်ပါတယ်။ နောက်ထပ်တမျိုးကတော့ လာဘ်စားသော ပြည်သူ့ ၀န်ထမ်းတွေ ဖြစ် ပါတယ်။ ရဲတပ်ဖွဲ့၊ စစ်မှုထမ်း၊ လူဝင်မှုကြီးကြပ်ရေး စသူများက လာဘ်စားပြီး၊ smuggling operation တွေကို မသိ ချင်ယောင်ပြီး လွှတ်ပေးတာတွေ ရှိပါတယ်။
နောက်တမျိုးကတော့ smuggling process အဆင့်ဆင့်မှာ တည်းခိုနေထိုင်ခွင့်ပြုထားတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဟို တယ်၊ တည်းခိုခန်းနဲ့ လူနေအိမ် စတာတွေ ပါဝင်ပါတယ်။ ဒီလို ရာဇ၀တ်မှုတွေမှာ တည်းခိုခန်းပိုင်ရှင်တွေပါ ပါဝင်ပတ် သက် နေတဲ့အခါ စုံစမ်းအရေးယူသူများအတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်။ နောက်တမျိုးကတော့ smuggling process အောင်မြင်သွားစေရန်အတွက် ငွေကြေးရယူပြီး သတင်းထိန်ချန်ထားသူများ ဖြစ်ပါတယ်။ ကားလက်မှတ်နဲ့ ရထားလက်မှတ် ရောင်းသူများ၊ တက္ကဆီကားမောင်းသူများ၊ လေကြောင်းဝန်ထမ်းများ၊ လှေပိုင်ရှင်များနှင့် လှေသားများ၊ ကားစက်ပြင်များ ပါဝင်နိုင်ပါတယ်။ နောက်ထပ်တမျိုးကတော့ ရာဇ၀တ်မှုများကနေ ရလာတဲ့ ငွေမည်းတွေကို ငွေဖြူ ဖြစ်အောင် ပြုလုပ်ရာမှာ ကူညီလုပ်ဆောင် ပေးသူများ ဖြစ်ပါတယ်။
ဒီလို active role မှာ ပါဝင်သူတွေအပြင် passive role မှာ ပါဝင်နေသူတွေလဲ ရှိပါတယ်။ ဥပမာ- တက္ကဆီမောင်းသမား တယောက်ဟာ လူအုပ်စုကို မြင်ချိန်မှာ illegal immigrants တွေမှန်း သိမြင်ပေမယ့်၊ safe house ကို လိုက်လံ ပို့ဆောင်ပေးပြီး ပုံမှန်ကြေးပဲ တောင်းယူခဲ့ပေမယ့်၊ သက်ဆိုင်ရာကို သတင်းအချက်အလက် ပေးပို့မှု မရှိပဲ blind eye လုပ်ခဲ့ရင် ဒါဟာလဲ passive role မှာ ပါဝင်ပတ်သက်ခြင်းပဲ ဖြစ်ပါတယ်။
နိဂုံး
smuggling of migrants ဆိုတဲ့ ရာဇ၀တ်မှု ပေါ်ပေါက်လာရတဲ့ အခြေခံအကြောင်းရင်းတွေဟာ အလုပ်အကိုင်ရှားပါးမှု၊ ဆင်းရဲနွမ်းပါးမှု စတာတွေကနေ ရုန်းထွက်ဖို့အတွက် ဘ၀အခြေအနေ ပိုမိုကောင်းမွန်စေနိုင်မယ့် တိုင်းပြည်တွေကို migration လုပ်မှုတွေပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကို ငွေကြေး (သို့မဟုတ်) အခြားတစုံတရာ အကျိုးအမြတ် အတွက် အခွင့်ကောင်းယူပြီးဖြစ်စေ၊ နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့အလုပ်လို့ ထင်မြင်၍ ဖြစ်စေ လုပ်ဆောင်ကြရာကနေ smuggling operations တွေမှာ ရာဇ၀တ်မှုမှန်းသိရက်နဲ့ ဖြစ်စေ၊ မသိ၍ပဲဖြစ်စေ ပါဝင် ပတ်သက်နေသူတွေ အများ အပြား ရှိလာပါတယ်။ ဒေါသကြောင့်ဖြစ်တဲ့ လူသတ်မှုတခုမှာ သတ်မိသူကို စာနာနားလည် ပေးလို့ ရနိုင်ပါတယ်။ သို့ပေမယ့် သက်သေအထောက်အထား ဖျောက်ဖျက်ပေးရင်တော့ လူသတ်မှု ကြံရာပါ ဖြစ်သွားနိုင် ပါတယ်။
ဆင်းရဲနွမ်းပါးမှုကနေ ပေါ်ထွက်သွားတဲ့ လုယက်မှုတခုမှာ လုယက်သူရဲ့ ဘ၀အခြေအနေကို စာနာနားလည် ပေးကြလို့ ရနိုင်ပါတယ်။ သို့ပေမယ့် ဆင်းရဲနွမ်းပါးသူတွေ လုယက်ကြပါလို့ အားပေးလှုံ့ဆော်တာတွေ၊ လုယက်လာတဲ့ ပစ္စည်းတွေ ကို ထုခွဲရောင်းချ ပေးတာကိုတော့ ဘယ်လိုနိုင်ငံရဲ့ ဥပဒေကမှ ခွင့်ပြုကြမှာ မဟုတ်ပါဘူး။ ဒီအတိုင်းပါပဲ။ smuggling of migrants ဟာ (၂၁) ရာစုကမ္ဘာရဲ့ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို နှိမ်နင်းရေးဆိုင်ရာ ရာဇ၀တ်ပြစ်မှု တခုဖြစ်တဲ့ အတွက် smuggling operations တွေမှာ သိရက်နဲ့ ဖြစ်စေ၊ မသိဘဲ ဖြစ်စေ ပါဝင်ပတ်သက်ခြင်းများကို ရှောင်ရှားပြီး၊ လူ့အဖွဲ့အစည်းအတွင်းမှာ Rule of Law ရှိလာအောင် ၀ိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါ တယ်။
ခင်မမမျိုး (၁၆၊ ၈၊ ၂၀၁၁)
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ၊ အထူးသဖြင့် အာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းမှုရာခိုင်နှုန်းက အတော်များပြားပါတယ်။ အာရှဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းက ကျေးလက်ဒေသမှာ ရှိပြီး၊ အာဖရိကဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၆၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ရှိကြောင်း ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းတွေမှာ တွေ့ရှိရပါတယ်။ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု မြင့်တက်လာတာနဲ့အမျှ မြို့ပြသို့ ပြောင်းရွှေ့နေထိုင် အခြေချမှုတွေ များပြားလာတဲ့အတွက် မြို့ပြဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်း မြင့်မားလာစေနိုင်တဲ့ အချက်တချက်ဖြစ်ကြောင်း ပညာရှင်တွေက သုံးသပ်ပြောဆို ထားကြပါတယ်။ ကျေးလက်ဒေသ အခြေခံအဆောက်အအုံကို လျစ်လျူရှုထားခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရအသုံးစရိတ်ရာခိုင်နှုန်း နည်းပါးခြင်း၊ လယ်ယာမြေများကို အတင်းအဓမ္မသိမ်းယူခြင်း စတဲ့ အုပ်ချုပ်ရေးယန္တရား လစ်ဟာချက်တွေကြောင့် ကျေးလက်ဆင်းရဲနွမ်းပါးမှုတွေ မြင့်တက်လာပြီး၊ မြို့ပြဆင်းရဲနွမ်းပါးမှုတွေပါ ထပ်ဆင့် မြင့်တက်လာတတ်ပါတယ်။
ကျေးလက်ဆင်းရဲနွမ်းပါးမှုဆိုရာဝယ်
ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၀င်ငွေ၊ အလုပ်အကိုင်၊ အသုံးစရိတ်တွေအားလုံးဟာ စိုက်ပျိုးမွေးမြူရေး၊ တံငါနဲ့ ကျေးလက်အခြေပြု စက်မှုလုပ်ငန်း၊ ၀န်ဆောင်မှု စတာတွေအပေါ်မှာ တည်မှီနေပြီး၊ အများစုကတော့ စိုက်ပျိုးရေးကဏ္ဍမှာ ဖြစ်ပါတယ်။ ဒီလိုစိုက်ပျိုးရေးကဏ္ဍမှာ တည်မှီနေတဲ့အတွက် စိုက်ပျိုးရေးကဏ္ဍရဲ့ ကြိုတင်မမြင်နိုင်သော အခက်အခဲတွေဖြစ်တဲ့ ရာသီဥတုဖောက်ပြန်မှု၊ မိုးခေါင်ရေရှားမှု၊ လေမုန်တိုင်းကျမှု၊ ရေကြီးမှု စတာတွေ ဖြစ်ပွားပြီး၊ လယ်ယာမြေတွေ ပျက်စီးသွားတဲ့ အခြေအနေတွေ ဖြစ်ပွားလာတဲ့အခါ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးကို ထိခိုက်လာတတ်ပါတယ်။
ကျေးလက်ဒေသရဲ့ သွင်ပြင်လက္ခဏာတရပ်က လူဦးရေထူထပ်မှု (population density) လျော့နည်းခြင်း ဖြစ်ပါတယ်။ ဒီလို လျော့နည်းမှုတွေဟာ အခြေခံအဆောက်အအုံ (basic infrastructure)၊ ၀န်ဆောင်မှု အားနည်းချက် စတာတွေနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိတာကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေအတွက် အရံအတား ဖြစ်လာစေပါတယ်။ ကျေးလက်ဒေသထုတ်ကုန်တွေကို မြို့ပြကို တင်ပို့တဲ့အခါ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ကြီးမားတာကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု (market competitiveness) ကျဆင်းလာပါတယ်။ ဒါကြောင့် ကျေးလက်နေပြည်သူတွေရဲ့ assets accumulation နဲ့ income volatility management ကို ထိခိုက်စေပါတယ်။
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုမှာ ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေကလဲ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ မြို့ကြီးများနဲ့ နီးစပ်တဲ့ ကျေးလက်ဒေသ (Peri-urban areas) တွေမှာ ဈေးကွက်များသို့ ၀င်ရောက်နိုင်မှု အခွင့်အလမ်း များပြားခြင်း၊ အခြေခံအဆောက်အအုံနှင့် ၀န်ဆောင်မှုများရှိခြင်း စတာတွေကြောင့်၊ ဝေးလံခေါင်ဖျား ကျေးလက်ဒေသတွေမှာ ဖြစ်ပွား တတ်တဲ့ ဆင်းရဲနွမ်းပါးမှုသဏ္ဍာန်တွေနဲ့ ကွဲပြားခြားနားပါတယ်။ စစ်မက်ဖြစ်ပွားရာဒေသမှာ နေထိုင်ကြတဲ့ ကျေးလက် ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှုကလဲ အခြားဒေသတွေထက် ပိုပြီး ဆိုးရွားမှု ရှိနိုင်ပါတယ်။
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုကို ပိုမိုးဆိုးရွားစေတဲ့ အရာတွေကတော့ ဓနရှင်မြေပိုင်ရှင်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ အစိုးရရဲ့ လယ်ယာမြေမူဝါဒဆိုင်ရာ အားနည်းချက်များ၊ လယ်ခွန်၊ ယာခွန် ကောက်ခံမှုများ၊ လယ်ယာမြေများကို မတရားရား သိမ်းယူမှု၊ လယ်ယာထုတ်ကုန်များကို လက်ဝါးကြီးအုပ်မှု စတာတွေ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ rural dualism ပြဿနာကြောင့် ကျေးလက်နေပြည်သူအများအပြား အတိဒုက္ခရောက်ခဲ့ကြရပါတယ်။ ကျေးလက်ဒေသတွေမှာ လယ်သမား၊ ယာသမားတွေနဲ့ subsistence farming system အပြင် မြေပိုင်ရှင်ကြီးတွေနဲ့ commercial production system တွေကပါ အတူတကွ ယှဉ်တွဲတည်ရှိနေပါတယ်။
အကျိုးဆက်ကတော့ ဆင်းရဲနွမ်းပါးတဲ့ လယ်သမား၊ ယာသမားတွေဟာ အရင်းရှင်၊ မြေရှင်တွေ၊ ငွေတိုး ချေးစားသူတွေရဲ့သွေးစုပ်ခြယ်လှယ် အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ခါးစည်းခံရကြရတာပဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေ ဆိုးတွေကို လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဗျူရိုကရက်ယန္တရားက အားဖြည့်လိုက်တဲ့အခါ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေဟာ ဆင်းရဲတွင်းထဲကနေ ရုန်းထွက်နိုင်ဖို့ ခဲယဉ်းလာကြရပါတော့တယ်။ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်း၊ ဥပဒေဘက်တော်သားများက မြေရှင်၊ အရင်းရှင်များဘက်မှ ဘက်လိုက်ခြင်း၊ ဆင်းရဲနွမ်းပါးသူများရဲ့ အသံများကို အလေးမထားခြင်း၊ ပြည်ပပို့ကုန်များအား ဦးစားပေးစိုက်ပျိုးစေခြင်း စတာတွေဟာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု သံသရာလည်နေစေတဲ့ အကြောင်းတရားတွေပါပဲ။
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများ
(၁) စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုရှိခြင်းအားဖြင့် စိုက်ပျိုးရေးမဟုတ်သော အခြားကဏ္ဍများရဲ့ တိုးတက်ရေးကို stimulate လုပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။ စိုက်ပျိုးရေးကို အခြေခံတဲ့ agroindustries တွေကနေ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အစားအစာ ဈေးနှုန်းများ ကျဆင်းစေခြင်း၊ ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့အခြေချနေထိုင်မှုနှုန်းကို လျှော့ချပေးခြင်း စတာတွေကြောင့် မြို့ပြဆင်းရဲနွမ်းပါးမှုကိုပါ လျှော့ချပေးနိုင်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်ပေမယ့်၊ ထိရောက်စွာ လျှော့ချပေးနိုင်ရေးအတွက် အခြေအနေအချို့ကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ သဘာဝအရင်းအမြစ်များ ပိုင်ဆိုင်မှုကို အာရုံစိုက်ခြင်းအားဖြင့် မြေယာဈေးကွက် (land markets) နဲ့ အရင်းအနှီးဈေးကွက် (Capital markets) တွေကို ထိခိုက်စေခြင်း မရှိရပါဘူး။ အရင်းအနှီးဈေးကွက်ကို ဖိနှိပ်မှုတွေ လုပ်လာတဲ့အခါ ဈေးကွက်ကို ထိခိုက်ပြီး ဖွံ့ဖြိုး တိုးတက်ရေးကို နှောင့်နှေးစေတတ်ပါတယ်။
ဈေးနှုန်း၊ အခွန်ကောက်ခံမှုနဲ့ ငွေလဲလှယ်နှုန်းဆိုင်ရာ မူဝါဒတွေကို စိုက်ပျိုးရေးကဏ္ဍတွေကို penalize လုပ်ခြင်း မရှိရပါဘူး။ ကျေးလက်ဒေသရဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးဝန်ဆောင်မှုတွေကို တိုးမြှင့်ပေးဖို့နဲ့ ကျေးလက်ဒေသရဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တနိုင်ငံလုံးအနှံ့ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဆင်းရဲ နွမ်းပါးသူတွေအတွက် safety nets တွေနဲ့ လူမှုထောက်ကူပြု အစီအစဉ်တွေကိုလဲ ဖန်တီးပေးရမှာ ဖြစ်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒတွေ ချမှတ်ရာမှာ ဈေးကွက်နဲ့ အခြေခံအဆောက်အအုံ ဆိုင်ရာ အချက်အလက်တွေကို ပဏာမထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေနဲ့ သက်ဆိုင်တဲ့ ဈေးကွက်တွေမှာ ထုတ်ကုန် (products), inputs နဲ့ ဘဏ္ဍာရေးဆိုပြီး ဈေးကွက် (၃) မျိုး ပါဝင်ပါတယ်။ အခြေခံ အဆောက်အအုံ ဆိုရာမှာ စီးပွားရေးအဆောက်အအုံ (လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးပေးရေး) နဲ့ လူမှုရေးအဆောက်အအုံ (ကျန်းမာရေး၊ ပညာရေး၊ ရေအလုံအလောက် ရရှိရေး) စတာတွေ ပါဝင်ပါတယ်။
ဒီအချက်အလက်တွေအပြင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေကို မိမိပိုင်လယ်ယာမြေအနည်းငယ်ကို ထွန်ယက် စိုက်ပျိုးသူများ၊ အခြားသူများ ပိုင်ဆိုင်သော လယ်ယာမြေများကို ငှားရမ်းပြီး ထွန်ယက်စိုက်ပျိုးသူများ၊ farm sector နှင့် non-farm sectors များတွင် အလုပ်လုပ်ကိုင်နေရသော မြေယာမဲ့အလုပ်သမားများ နဲ့ အမျိုးသမီးများ စတဲ့ အုပ်စုကြီး လေးမျိုး ခွဲခြားပြီး၊ အုပ်စုတခုချင်းစီအလိုက် သင့်လျော်မယ့် မူဝါဒတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
(၂) Land Inequality လျှော့ချခြင်း
မြေယာမဲ့ခြင်းနဲ့ လယ်ယာမြေအလုံအလောက်မရှိခြင်းတို့ဟာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းတခုဖြစ်ပါတယ်။ လယ်ယာမြေ အရည်အသွေး၊ အကြွေးရယူနိုင်မှုနှင့် ဈေးကွက်အခွင့်အလမ်းများ နည်းပါးခြင်း၊ ပြည်သူ့ရေးရာဝန်ဆောင်မှု အားနည်းခြင်း စတာတွေလဲ ပါဝင်ပေမယ့် land inequality ကတော့ predominant feature ဖြစ်ပါတယ်။ land inequality လျှော့ချခြင်း၊ မြေယာအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ share-cropping tenancy contracts တွေကို စနစ်တကျ စီမံဆောင်ရွက်ခြင်း စတာတွေ ရှိမှသာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
(၃) Microfinance (အသေးစားငွေချေး) စနစ် ကျင့်သုံးခြင်း
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူ အများစုဟာ စိုက်ပျိုးရေးကဏ္ဍရဲ့ အလုပ်အကိုင်တွေပေါ်မှာပဲ မှီခိုနေကြရပါတယ်။ အိမ်ထောင်စုဝင်ငွေ နည်းပါးပြီး၊ ၀င်ငွေရဖို့ ရိတ်သိမ်းချိန်ကို စောင့်ဆိုင်းရတာတွေ ရှိပါတယ်။ ဒီလိုအချိန်မှာ ဓနရှင်၊ မြေရှင်၊ ကုန်သည်ပွဲစားတွေဆီက အကြွေးရယူသုံးစွဲရပြီး၊ ၀င်ငွေ ရလာချိန်မှာ အကြွေးတွေကို ပြန်ဆပ်ရတာကြောင့် ကြွေးယူသံသရာထဲကနေ ရုန်းမထွက်နိုင်ပဲ ဖြစ်တတ်ပါတယ်။ ဒါကို ဓနရှင်၊ မြေရှင်တွေက အခွင့်ကောင်းယူပြီး အဆမတန် များပြားလှတဲ့ အတိုးနှုန်းတွေနဲ့ သွေးစုပ်ချယ်လှယ်ကြတာကြောင့် လယ်သမား၊ ယာသမားတွေဟာ နင်းပြားဘ၀ကို ကျရောက် ကြရပြန်ပါတယ်။ ဒီလို ဂုပ်သွေးစုပ်နေသူတွေ လျော့နည်းစေရေးအတွက် ကျေးလက်ဒေသမှာ Micro Finance Institutions (MFI) တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ အသေးစားငွေချေးစနစ်ကို လူ့အဖွဲ့အစည်းအခြေပြု အစီအစဉ်တွေနဲ့ အကောင်အထည်ဖော်ဆောင်ခြင်းအားဖြင့် target groups တွေကို ထိထိရောက်ရောက် အကူအညီပေးနိုင်ပါတယ်။
(၄) အခြေခံအဆောက်အအုံ (Infrastructure) ဖွံ့ဖြိုးတိုးတက်မှု
ကျေးလက်ဒေသရဲ့ အခြေခံစီးပွားရေးအဆောက်အအုံနဲ့ လူမှုရေးအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှုပြုခြင်းဟာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို ရေရှည်မှာ ဖြစ်ထွန်းလာစေနိုင်ပါတယ်။ ဒီလို အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာရေးမှာ အစိုးရတွေရဲ့ အခန်းကဏ္ဍက အရေးကြီးသလို၊ လူမှုရေး အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းဖို့ လိုအပ်ပါတယ်။
စာတတ်မြောက်နှုန်း မြင့်မားရေး၊ မူလတန်းကျောင်းများ ကျေးရွာအနှံ့ ပေါ်ထွက်လာရေး၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများသို့ တက်ရောက်နိုင်ရန် လမ်းပန်းဆက်သွယ်ရေး ကူညီစောင့်ရှောက်မှုများ (ဥပမာ- အခမဲ့ကျောင်းကားများ ထားရှိရေး၊ ခရီးသည်တင်ကားများအား အခမဲ့ စီးနင်းခွင့် ရရှိရေး စသည်)၊ ကျေးလက်ဒေသ ဆရာ၊ ဆရာမများ အတွက် လစာနှင့် ခံစားခွင့်များ တိုးမြှင့်ပေးခြင်းဖြင့် ဆရာ၊ ဆရာမ ရှားပါးမှု ပြဿနာများအား ဖြေရှင်းခြင်း၊ ကျေးလက်ဆေးပေးခန်းများ တိုးမြှင့်ဖွင့်လှစ်ရေး၊ ဒေသခံပြည်သူများအတွက် ပြည်သူ့ကျန်းမာရေး ပညာပေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ရေး၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်များ ရေးဆွဲချမှတ်ရာတွင် သက်ဆိုင်ရာ ဒေသခံ ပြည်သူများ၏ အကြံဥာဏ်များအား တောင်းယူခြင်း စတာတွေဟာ ကျေးလက်ဒေသ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ကူပြုပါတယ်။
(၅) စိုက်ပျိုးရေးနည်းပညာများအား သုတေသနပြုခြင်းနှင့် ဖြန့်ဖြူးအသုံးပြုခြင်း
စိုက်ပျိုးရေး နည်းပညာ စတာမှာ အများအားဖြင့် မြေယာနှင့် ရေအရင်းအမြစ်၊ ဇီဝဓာတုနဲ့ စက်မှု ဆိုတဲ့ ကဏ္ဍသုံးခု ပါဝင်ပါတယ်။ မြေယာနှင့် ရေအရင်းအမြစ် ကဏ္ဍမှာတော့ မြေဆီလွှာပျက်သုဉ်းမှု လျော့နည်းရေး၊ တသီးစားမှသည် နှစ်သီးစား၊ သုံးသီးစား နိုင်ရေး၊ စိုက်ပျိုးရေ အလုံအလောက်ရရှိရေး စတာတွေ ပါဝင်ပါတယ်။ ဇီဝဓာတု ကဏ္ဍမှာတော့ ဓာတ်မြေသြဇာအသုံးပြုခြင်း၊ သီးနှံအမျိုးအစားသစ်များပေါ်ထွက်ရေး၊ ထုတ်ကုန်များ အရည်အသွေး မြင့်မားရေး စတာတွေ ပါဝင်ပါတယ်။ စက်မှုကဏ္ဍမှာတော့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကဏ္ဍသို့ တိုးမြှင့်ရေး စတာတွေ ပါဝင်ပါတယ်။ နည်းပညာသစ်များကို လုပ်ငန်းရှင်များ အကူအညီနဲ့ သုတေသန ပြုပြီးတဲ့အခါ အချို့သော လုပ်ငန်းရှင်များက နည်းပညာများကို တောင်သူလယ်သမားများကို ဖြန့်ဖြူးအသုံးချစေခြင်း မရှိပဲ၊ လက်ဝါးကြီးအုပ်ထားတာတွေလဲ ရှိတတ်ပါတယ်။ ဒီလို အခြေအနေတွေ ဖြစ်လာတဲ့အခါ အစိုးရက ၀င်ရောက်စွက်ဖက်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
(၆) အစားအစာ လုံခြုံရေး (Food Security)
အစားအစာ လုံခြုံရေးဟာ ၂၁ရာစု ကမ္ဘာရဲ့ အမျိုးသားလုံခြုံရေး မူဝါဒတွေမှာ ထည့်သွင်းစဉ်းစားလာရတဲ့ အချက်ဖြစ်ပါတယ်။ ဥစ္စာဖြို၊ စားဖိုက ဆိုတဲ့ မြန်မာစကားရှိပါတယ်။ စားဝတ်နေရေးမှာ အစားအစာဟာ အိမ်ထောင်စုဝင်ငွေရဲ့ အများဆုံး ပမာဏကို အမြဲတစေ ဖြိုယူနေတဲ့ အရာဖြစ်ပါတယ်။ ထုတ်လုပ်မှု၊ ကုန်ဈေးနှုန်း၊ လုပ်ခလက်စာ၊ အလုပ်အကိုင် အတက်အကျတွေ ဖြစ်ပွားလာတဲ့အခါမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ အစားအစာ လုံခြုံရေးကို ထိခိုက်လာစေပါတယ်။ အစာအဟာရ မပြည့်စုံမှုကြောင့် လူသားတွေရဲ့ စွမ်းရည်တွေကို ကျဆင်းစေပါတယ်။ လူသားတွေရဲ့ စွမ်းရည်တွေ ကျဆင်းလာတာနဲ့အမျှ ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။ အစားအစာ လုံခြုံမှု မရှိခြင်း (သို့မဟုတ်) လုံလောက်မျှတမှု မရှိခြင်းဟာ လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့ negative externalities ပဲ ဖြစ်ပါတယ်။
ဒါကြောင့် အစားအစာ လုံခြုံရေး မရှိတဲ့အခါ အစားအစာ ကူညီထောက်ပံ့မှု (food subsidies) တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အစားအစာ ကူညီထောက်ပံ့မှု လုပ်နိုင်တဲ့ သဏ္ဍာန်တွေကတော့ ရိက္ခာများ ထုတ်ပေးခြင်း၊ food stamps လို့ခေါ်တဲ့ လူတဦးချင်းစီအလိုက်၊ အိမ်ထောင်စုအလိုက် အစားအစာတွေ ၀ယ်ယူနိုင်တဲ့ ငွေကြေးပမာဏ တခုနှင့် ညီမျှသော အစားအစာ ၀ယ်ယူခွင့် လက်မှတ်များ ထုတ်ပေးခြင်း၊ ကျေးရွာအလိုက် supplementary feeding programs များ ဖော်ဆောင်ခြင်း စတာတွေ ဖြစ်ပါတယ်။
အချို့နိုင်ငံတွေမှာတော့ အိမ်ထောင်စုတခုချင်းစီရဲ့ ၀င်ငွေပေါ် မူတည်ပြီး ၀င်ငွေနည်းပါးသူများကို အစားအစာ ကူညီထောက်ပံ့ပေးမှုတွေ၊ အသက် ငါးနှစ်အောက် ကလေးသူငယ်များနဲ့ ကိုယ်ဝန်ဆောင်မိခင်များအတွက် ကူညီထောက်ပံ့ ပေးမှုတွေ၊ ဒေသတခုချင်းအလိုက် လိုအပ်ချက်ပေါ်မှာ မူတည်ပြီး ဖြည့်ဆည်းပေးမှုတွေ ပြုလုပ်ကြပါတယ်။ အစိုးရတွေက ဦးဆောင်တဲ့ လုပ်ငန်းဆောင်တာတွေအပြင် အန်ဂျီအိုတွေနဲ့ အခြားစေတနာရှင်များက ကူညီထောက်ပံ့ပေးမှုတွေလဲ ရှိတတ်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုတာ မြို့ပေါ်က ချမ်းသာသူတွေဆီက အလှူငွေ ကောက်ခံပြီး၊ ကျေးလက်ဒေသ ပြည်သူတွေအတွက် အသုံးပြုခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ နိုင်ငံတော်က ဦးဆောင်ပြီး သင့်လျော်မယ့် အစိုးရဘတ်ဂျက်များ ချမှတ်အသုံးပြုခြင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင့်လျော်သော မူဝါဒများ ချမှတ်ခြင်း၊ အခြေခံအဆောက်အုံ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊ land inequality လျှော့ချခြင်း၊ အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းလာစေခြင်း၊ အစားအစာ လုံခြုံရေးအတွက် အန်ဂျီအိုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တရားဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်ခြင်း၊ မြေရှင်၊ အရင်းရှင်များကို ဘက်လိုက်သော တရားစီရင်ရေး စနစ်များနှင့် ဥပဒေများကို ဖယ်ရှားခြင်း၊ ဘက်လိုက်သော ဥပဒေဘက်တော်သားများကို အရေးယူခြင်း၊ rural dualism ပြဿနာများကို တိုက်ဖျက်ခြင်း၊ ဗျူရိုကရက် မြေရှင်စနစ်ကို ဖယ်ရှားခြင်း စသည့် မူဝါဒများ၊ လုပ်ငန်းဆောင်တာများဖြင့်သာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု သံသရာစက်ဝန်းကို ရပ်တန့်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၁၄၊ ၈၊ ၂၀၁၁)
ရည်ညွှန်းကိုးကား။
Behrman, J. (1993) “Macroeconomic policies and Rural Poverty: Issues and Research Strategies”, in Quibria, M.G. (ed) Rural Poverty in Asia, Oxford University Press, Hong Kong
Ashley, C. and S. Maxwell (2001) ‘Rethinking Rural Development’, Development Policy Review, 19 (4), Overseas Development Institute, London
Lipton, M. (2004) ‘New directions for agriculture in reducing poverty: the DFID initiative’.
Marsh, S. P. and T. G. Macaulay (2002) ‘Land reform and the development of commercial agriculture in Vietnam: policy and issues’, Agribusiness Review, Volume 10.

နိဂုံးချုပ်ဆိုရသော် ယနေ့ လက်ရှိ ကာလသည် အတွေးအခေါ်များ အလွန် ရှုပ်ထွေးနေသည့် ကာလတခု ဟု ဆိုရပေမည်။ အာဏာရှင်များဘက်မှ political liberalization ကို အကောင်အထည် စတင်ဖော်လိုက်သည်ဖြစ်ရာ အဆိုပါ political liberalization ကို လက်ခံမည်လား၊ လက်မခံဘူးလား၊ အဆိုပါ အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ရနိုင်သည်လား၊ မရနိုင်ဘူးလား၊ အစဉ်အဆက် ကျင့်သုံးခဲ့ကြသော အာဏာရှင်စနစ်ဖြိုချရေး အတွေးအခေါ်ကို ဆုပ်ကိုင်ထားမည်လား၊ မဆုပ်ကိုင်ထား ဘူးလား၊ ဆုပ်ကိုင်ထားလျှင်ကော အောင်မြင်မည်လား၊ မအောင်မြင်ဖူးလား စသည်တို့ကို တွေးတော ငြင်းခုန်နေကြရုံသာမက အတွေးအခေါ် နှစ်ခုကို ရောသမ မွှေထားသည့် အတွေးအခေါ်သစ်များပင် ထွန်းကားလာသည့် ကာလတခုဖြစ်ပါသည်။ လက်ရှိနိုင်ငံရေးကို လွှမ်းမိုးထားသည့် အတွေးအခေါ်များနှင့် အုပ်စုများကို ခွဲခြားလိုက်ပါက အုပ်စုကြီး ခြောက်ခု ထွက်ပေါ်လာပါသည်။
(၁) Initial Transition အတွေးအခေါ်ကို လက်ခံ၍၊ အဆိုပါ အတွေးအခေါ်က ဦးဆောင်သည့် လမ်းစဉ်များဖြစ်သော လူထုလှုပ်ရှားမှုများ၊ လူထုတိုက်ပွဲများကို ဖော်ဆောင်ကာ ရေတိုပန်းတိုင်အနေဖြင့် ကြားဖြတ်အစိုးရ (၀ါ) ပြည်သူ့အစိုးရ အသွင်သဏ္ဍာန် တမျိုးမျိုး ပေါ်ထွက်ရမည်ဟု စဉ်းစားသူများ။
(၂) Political Liberalization အတွေးအခေါ်ကို လက်ခံ၍၊ အာဏာရှင်တို့ဘက်မှ ဖွင့်ပေးလိုက်သော political space များကို အသုံးချကာ နိုင်ငံရေးစည်းဝိုင်းအတွင်းသို့ ၀င်ရောက်ပြီး၊ တစတစ ပြောင်းလဲတိုးတက်မှုများမှတဆင့် ဒီမိုကရေစီ ပန်းတိုင်သို့ လျှောက်လှမ်းမည်ဟု စဉ်းစားသူများ။
(၃) Political Liberalization မှ democratic consolidation ဖြစ်အောင် ပြောင်းလဲ တည်ဆောက်ရာတွင်ဖြစ်စေ၊ initial transition မှ democratic consolidation ဖြစ်အောင် တည်ဆောက်ရာတွင်ဖြစ်စေ၊ civil society မှာ အဓိကကျသဖြင့် နိုင်ငံရေးရာများတွင် ပါဝင်ပတ်သက်ခြင်း မရှိပဲ civil society အားကောင်းလာစေရန် ကြိုးပမ်းမည်ဟု စဉ်းစားသူများ။
(၄) ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော ဆိုသည့် သဘောပိုက်ကာ ဖြစ်လာသည့် အခြေအနေတွင် အာဏာ၊ ရာထူး၊ နေရာ၊ အမည်ကောင်း၊ ကိုယ်ကျိုးစီးပွား စသည့် အကျိုးအမြတ်များအား မည်သို့ ရှာမည်နည်း ဆိုသည်ကို စဉ်းစားသူများ။
(၅) Initial transition အတွေးအခေါ်ကိုလည်း အပြည့်အ၀ လက်ခံခြင်းမရှိ၊ political liberalization အတွေးအခေါ်ကိုလည်း အပြည့်အ၀ လက်ခံခြင်း မရှိသော ရောသမမွှေများ
(၆) political liberalization အတွေးအခေါ်ကို အသုံးပြု၍ အာဏာကို တတ်နိုင်သမျှ ဆွဲဆန့်ထားရန် ကြိုးပမ်းနေသော အာဏာရှင်များနှင့် အပေါင်းအပါများ။
အဆိုပါ အုပ်စုခြောက်မျိုးတွင် နိုင်ငံတော်၏ အနာဂတ်ကံကြမ္မာအတွက် အာဏာရှင်နှင့် အပေါင်းအပါများ နည်းတူ ကြောက်မက်ဖွယ်ကောင်းသော အုပ်စုမှာ ရောသမမွှေများ ဖြစ်ပါသည်။ political liberalization အတွေးအခေါ်ကို လက်ခံပြီး၊ political space ကို အသုံးပြုလိုသူများမှာ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်လေမည်လားဟု စမ်းလိုသော စေတနာပါသဖြင့် ရောသမမွှေများလောက် ကြောက်ဖို့မကောင်းလှပါ။ အာဏာရူးအခွင့်အရေးသမားများမှာလဲ ၄င်းတို့ ရူးကြောင်းကို လူထုက သိနေပြီး ဖြစ်သဖြင့် နိုင်ငံတော်ကံကြမ္မာအတွက် အန္တရာယ် မရှိလှပါ။
ရောသမမွှေများမှာကား Initial transition အတွေးအခေါ်ကို ဆုပ်ကိုင်ထားသူများဟု လူအများက မြင်ထားလေ့ရှိသော်လည်း ထိုသူများသည် initial transition ၏ ရေတိုပန်းတိုင်ဖြစ်သော ကြားဖြတ်အစိုးရ ပေါ်ထွက်ရေးကို လက်ခံခြင်းမရှိကြ။ လူထုလှုပ်ရှားမှု လမ်းစဉ်များ၊ တော်လှန်ရေး လမ်းစဉ်များကိုလဲ လက်ခံယုံကြည် ဖော်ဆောင်ခြင်း မရှိကြ။ political liberalization အတွေးအခေါ်အရ ပေါ်ထွက်လာသော political space တွင်လည်း ပါဝင်ခြင်း မရှိကြ။ သို့ရာတွင် political liberalization အရ ချဲ့ထွင်လာသော public space အခွင့်အရေးကို ယူရန် ကြိုးပမ်းကြသည်။ ယင်းသို့ ကြိုးပမ်း၍ တော်လှန်ရေးပေါ်ပေါက်လာစေပြီး initial transition အတွေးအခေါ်၏ ရေတိုပန်းတိုင်ဖြစ်သော ကြားဖြတ်အစိုးရ ပေါ်ထွက်ရေးကို ဆက်လက်ကြိုးပမ်းမည်လားဆိုတော့လဲ မဟုတ်ပြန်။ civil society အားကောင်းလာရေးကိုပဲ ဦးစားပေး လုပ်တော့မည် ဖြစ်လာပြန်သည်။
ယင်းသို့ဆိုလျှင် မည်သို့သော Civil Society ကို တည်ဆောက်ရမည်လဲဆိုသည်က မေးစရာရှိလာသည်။ အင်အားစုတိုင်း အင်အားဖြစ်သည် မဟုတ်ပါ။ တိုက်ခိုက်ရေးအင်အားနှင့် ထူထောင်ရေး အင်အားအတွက် တည်ဆောက်မှုသဏ္ဍာန်၊ ပြင်ဆင်မှု သဏ္ဍာန် မတူညီနိုင်ပါ။ evolution အတွေးအခေါ်အရ ပေါ်ထွက်လာသော အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု (collaboration) ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား၊ အစိုးရနှင့် လူ့အဖွဲ့အစည်းအကြားတွင် စေ့စပ်ညှိနှိုင်းပေးမှု (Mediation) ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား၊ အစိုးရနှင့် ပတ်သက်ခြင်း မရှိသော autonomous model ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား၊ သို့တည်းမဟုတ် နောင်ချိန်ခါ revolution တရပ်အတွက် ကြိုတင်ပြင်ဆင်ရေးအတွက် ဆန့်ကျင်မှု၊ ထိပ်တိုက်ရင်ဆိုင်မှု (confrontational model) ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား ဆိုသည်ကို ကွဲပြားစွာ သိဖို့ လိုအပ်လာပါသည်။
သို့မဟုတ်လျှင် အတွေးအခေါ်ရှုပ်ထွေးမှုများဖြစ်၍ အင်အားစုသော်လည်း အင်အား မဖြစ်ထွန်းပဲ ဖြစ်သွားတတ်သည်။ အခြေအနေအရ လိုသလို ပြောင်းယူလို့ရသည့် အင်အားဆိုသည်မှာ အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ ဖောင်တိန်ကိုင်သူများကို ချက်ချင်း သေနတ်ကိုင်ခိုင်းလို့ မရ။ သေနတ်ကိုင်နေသူများကို ချက်ချင်း ဖောင်တိန်ကိုင်ခိုင်းလို့မရ။ တူကိုင်နေသူများကို ချက်ချင်းဓားကိုင်ခိုင်းလို့မရ။ ဓားရေး ကျွမ်းနေသူများကို ချက်ချင်း တူကိုင်ခိုင်းလို့မရ။ ပြန်လည်ပြင်ဆင်လေ့ကျင့်ယူရပြန်သည်။ လေ့ကျင့်နေဆဲမှာပဲ အင်အားက ပြန်ကွဲထွက်သွားပြီး၊ အခြေအနေနှင့် သဟဇာတ မတည့်ပဲ ပြန်ဖြစ်သွားတတ်ပြန်သည်။
အလုပ်နှင့် အတွေးအခေါ်များကို ရောသမမွှေလိုက်လျှင် လမ်းလျှောက်ရင်း လမ်းပျောက်သွားတတ်ပါသည်။ ပမာဆိုရလျှင် မြစ်ကမ်းတဘက်ဆီတွင် လမ်းလျှောက်ရင်း၊ ရှေ့ဆက်မသွားပဲ ဟိုဘက်ကမ်းသို့ လှေနှင့် ကူးလိုက်၊ ဒီဘက်ကမ်းသို့ လှေနှင့် ကူးလိုက် လုပ်နေသည်နှင့် တူလှသည်။ လှေရှိသူများက ကူးချည်သန်းချည် လုပ်ရန် မခက်ခဲသော်လည်း နောက်က တကောက်ကောက် လိုက်သူများမှာကား ရေထဲ ကျလိုကျ၊ မောပြီး ကမ်းပါးမှာ ငုတ်တုပ်ထိုင်သူက ထိုင်နှင့် ဘာလုပ်ရမည်မှန်းလဲ မသိ၊ ခရီးမတွင်ပဲ ဖြစ်ကြရတော့သည်။ ပိုဆိုးသည်က revolution နှင့် evolution အတွေးအခေါ် နှစ်ရပ်လုံးကို ရောသမမွှေထားလိုက်လျှင် Initial Transition အတွေးအခေါ်က ဦးဆောင်သည့် လမ်းများမှာလဲ ဖြောင့်ဖြောင့်တန်းတန်းမရှိ၊ political liberalization အတွေးအခေါ်က ဦးဆောင်သည့် လမ်းများပေါ်တွင်လည်း ကန့်လန့်ကန့်လန့်သဏ္ဍာန် ဖြစ်လာတတ်ပါသည်။
အိမ်ကို ဖြိုချပြီး ပြန်ဆောက်ရမည်လား၊ ဖြိုမချပဲ ဆေးသုတ်ပြင်ဆင်မှု လုပ်ရမည်လား ဆိုသည်ကို ရွေးချယ်ဆုံးဖြတ်ကြရာတွင် တခုတည်းကိုပဲ ရွေးချယ်ရမည် ဖြစ်ပါသည်။ ဖြိုချပြီး ပြန်ဆောက်ရမည် ဆိုလျှင် ဆေးသုတ်ပြင်ဆင်ခြင်းသည် အချိန်ကုန်၊ လူပမ်းပြီး အကျိုး မရှိသည့်လုပ်ရပ်များ ဖြစ်သကဲ့သို့၊ ဆေးသုတ်ပြင်ဆင်မည်ဆိုလျှင်လဲ ဖြိုချရန် အားထုတ်ခြင်းသည် အချိန်ကုန်၊ လူပမ်းပြီး အကျိုး မရှိသည့်လုပ်ရပ်များသာ ဖြစ်သည်။ ဆောက်လုပ်ရေးပရောဂျက်တခုတွင် ခေါင်းဆောင် တယောက်က ဖြိုချရမည် ပြောလိုက်၊ နောက်ခေါင်းဆောင်တယောက်က ပြင်ဆင်ရမည် ပြောလိုက် လုပ်နေကြလျှင် နောက်မှ အလုပ်သမားများက ဘယ်လို ကိရိယာတန်ဆာပလာကို ကောက်ကိုင်ကြရမည်နည်း။
အဆိုပါ အတွေးအခေါ် ရှုပ်ထွေးမှု အခြေအနေများသည် နိုင်ငံတော်အနာဂတ် ကံကြမ္မာအတွက် အန္တရာယ်ကြီးပါသည်။ မည်သည့် အတွေးအခေါ်ကို ကျင့်သုံးသင့်သည် ဆိုသည်မှာ လူတယောက်၊ အဖွဲ့အစည်းတခု၏ ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်ပါသည်။ လူ့သဘာဝအရ အမြင်မတူလျှင် အပြန်အလှန် စွပ်စွဲမှုကတော့ ပေါ်ထွက်နေမည်သာ ဖြစ်သည်။ initial transitionအတွေးအခေါ် ရှုထောင့်မှ ကြည့်လျှင် political liberalization အတွေးအခေါ်ကို ကိုင်စွဲကာ political space တွင်းသို့ ၀င်သွားသူများသည် အရှုံးပေး၊ အညံ့ခံသူများ ဖြစ်ပြီး၊ political liberalization အတွေးအခေါ်မှ ကြည့်လျှင် initial transition ကို လက်ခံသူများသည် compromise မလုပ်လိုသော နိုင်ငံရေးအစွန်းရောက်များ ဖြစ်ပါသည်။ ယင်းသို့ အပြန်အလှန်ရှုမြင်ပြီး၊ အပြန်အလှန် စွပ်စွဲပိုင်ခွင့် ရှိသော်ငြား ထိုသို့ စွပ်စွဲရင်းဖြင့် အချိန်မကုန်ကြစေလိုပါ။ initial transition လက်ခံသူများကလဲ ပါးစပ်ဖြင့် အာနေခြင်းများကို လျှော့ချ၍ ကြားဖြတ်အစိုးရ အသွင်သဏ္ဍာန်တမျိုးမျိုး ပေါ်လာရေးကို ကြိုးပမ်းသင့်ကြပါသည်။ political liberalization လက်ခံသူများကလဲ ချဲ့ထားသည့် political space လေးတွင်းသို့ ဘယ်လိုနည်းဖြင့် ၀င်ရ၀င်ရ၊ ရအောင်ဝင်ပြီး ဒီမိုကရေစီ ပန်းတိုင်ကို အပြောမဟုတ်ပဲ လက်တွေ့ချီတက်နိုင်အောင် ကြိုးပမ်းသင့်ကြပေသည်။
ပန်းတိုင်မရောက်ခင် တက်မထောင်ချင်သော မြန်မာလူမျိုးတို့၏ အစဉ်အလာဆိုးကြီးကို အလုပ်ဖြင့် သက်သေပြ၍ ဖျောက်ဖျက်ကြဖို့ အချိန်တန်နေပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပန်းတိုင်သို့ initial transition က ဆောင်ကျဉ်းပေးနိုင်မည်လား၊ political liberalization က ဆောင်ကျဉ်းပေးနိုင်မည်လား ဆိုသည်မှာကား မူအရဆိုလျှင် အဖြေထွက်သော်လည်း လူအရဆိုလျှင် အဖြေမရှိပါ။ မည်သူမျှ တပ်အပ်သေချာ ပြောနိုင်မည်လည်း မဟုတ်သဖြင့် ငြင်းခုန်ရင်း အချိန်မဖြုန်းသင့်ကြတော့ပါ။ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့စွဲများကို ဖယ်ရှား၍ အတွေးအခေါ် တခုကို ရွေးကြရမည့် အချိန်ဖြစ်ပါသည်။
ယင်းသို့ ရွေးချယ်ရာတွင် အခြေအနေနှင့် လားရာကို သဘောပေါက်ပြီးမှ၊ ပန်းတိုင်ကို သိပြီးမှသာ ရွေးချယ်မှုများ ပြုလုပ်သင့်ပါသည်။ ရွေးချယ်ပြီးလျှင်လည်း ရှင်းလင်းသည့် အတွေးအခေါ်က ဦးဆောင်သော ပြတ်သားသည့် လမ်းစဉ်များကို ချမှတ်ရပါမည်။ လမ်းကြောင်းများကို လျှောက်လှမ်းရပါမည်။ အတွေးအခေါ် ရှုပ်ထွေးနေလျှင် လမ်းစဉ်များေ၀၀ါးနေတတ်သဖြင့် ပန်းတိုင်နှင့်လဲ အစဉ်အမြဲ ဝေးနေဦးမည်သာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
ခင်မမမျိုး (၂၇၊ ၁၀၊ ၂၀၁၀)
(စာကြွင်း (၁)- ဤစာကို ရေးသားရာတွင် ကော်ဖီနှင့် လက်ဖရည် ဘယ်အရာက ပိုကောင်းသလဲ ဆိုသော မေးခွန်းသဏ္ဍာန်ကို ဖြေရာ၌ ကော်ဖီ၏ ကောင်းကျိုး၊ ဆိုးကျိုးနှင့် လက်ဖရည်၏ ကောင်းကျိုး၊ ဆိုးကျိုး နှစ်မျိုးစလုံးကို ယှဉ်တွဲဖြေဆိုသော ရှုထောင့် မှ ရေးသားထားသည်။ ကော်ဖီနှင့် လက်ဖရည် ဘယ်အရာကို ပိုကြိုက်သလဲ ဆိုသော ပုဂ္ဂိုလ်ရေး မေးခွန်းသဏ္ဍာန်ကို စာဖတ်သူတဦးဦးမှ မေးလာပါလျှင်ကား initial transition နှင့် political liberalization အတွေးအခေါ် နှစ်ရပ်တွင် စာရေးသူ ယနေ့အချိန်အထိ လက်ခံကျင့်သုံးနေသော အတွေးအခေါ်မှာ initial transition အတွေးအခေါ် ဖြစ်ပြီး၊ လမ်းစဉ်မှာ လူထုတိုက်ပွဲလမ်းစဉ်ဖြစ်သည်။ ရေတိုပန်းတိုင်မှာ အတိုက်အခံများက ဦးဆောင်သော ကြားဖြတ်အစိုးရ (သို့မဟုတ်) လူထုတိုက်ပွဲတွင် ပြည်သူများနှင့် ပူးပေါင်းလာသော မျိုးချစ် တပ်မှူးများနှင့် အတိုက်အခံများ ပူးတွဲဖွဲ့စည်းသော ကြားဖြတ်အစိုးရဖြစ်ပါသည်။
စာကြွင်း (၂)- မူရင်းဆောင်းပါး၏ နိဂုံးအား စာနှစ်ပိုဒ် ထပ်မံ ဖြည့်စွက်ထားပြီး (၂၅၊ ၇၊ ၂၀၁၁) တွင် ပြန်လည်ဖြန့်ဝေပါသည်။)
ရည်ညွှန်းကိုးကား
ABDELNASSER, Gamal. (2004): “Egypt: Succession Politics,” Volker Perthes (ed.), Arab Elites: Negotiating the Politics of Change, (ed.), Boulder: Lynne Rienner Publishers.
Alesina, Alberto, and Allan Drazen (1991), “Why Are Stabilizations Delayed?” American Economic Review 81 (5), 1170-1188.
Anderson, Lisa. (1999). Transitions to Democracy. New York: Columbia University Press.
Avant, Deborah. (1994) Political Institutions and Military Change: Lessons from Peripheral Wars. Ithaca, NY: Cornell University Press
Brownlee, Jason. (2007). Authoritarianism in an Age of Democratization. New York, NY:
Cambridge University Press.
Barro, Robert J. (1996), “Democracy and Growth,” Journal of Economic Growth 1 (1), 1-27.
Campos, Nauro (1999), Back to the Future: The Growth Prospects of Transition Economies
Reconsidered, William Davidson Institute Working Paper No. 229, Ann Arbor, MI.
Denizer, Cevdet (1997), Stabilization, Adjustment and Growth Prospects in Transition Economies, Policy Research Working Paper No. 1855, The World Bank, Washington, DC.
CHASE, Robert S.; HILL, Emily B. ve KENNEDY, Paul (1996): “Pivotal States and U.S. Strategy,” Foreign Affairs, 75: 33-51.
Finer, Samuel. (1962). The Man on Horseback: The Role of the Military in Politics. New York, NY: Penguin Books.
Fitch, J. Samuel. (1998). The Armed Forces and Democracy in Latin America. Baltimore: Johns Hopkins University Press.
GALA, Amin A. (1995): Egypt's Economic Predicament: A Study in the Interaction of External Pressure, Political Folly and Social Tension in Egypt. 1960-1990. New York, E. J. Brill.
Heybey, Berta, and Peter Murrel (1999), “The Relationship between Economic Growth and the Speed of Liberalization During Transition,” Journal of Policy Reform 3 (2), 121-137.
Halpern, Manfred. 1963. The Politics of Social Change in the Middle East and North Africa. Princeton: Princeton University Press.
KRAMER, Gudrun (1996): “The Integration of the Integrists,” Ghassan Salame (ed.), Democracy without Democrats, London, New York, I.B. Tauris.
LINZ, Juan J. ve STEPAN, Alfred (1996): Problems of Democratic Transition and Consolidation, Southern Europe, South America, and Post-Communist Europe, Baltimore, The Johns Hopkins University Press.
Lipset, S.M. (1959), “Some Social Requisites of Democracy: Economic Development and Political Legitimacy,” American Political Science Review 53, 69-105.
Monshipouri, Mahmood. (1995) Democratization, Liberalization and Human Rights in the Third World. London: Lynne Rienner Publishers
Parry, Geraint and Moran, Micheal, eds. (1994) Democracy and Democratization. New York: Routledge
Przeworski, Adam, and Fernando Limongi (1993), “Political Regimes and Economic Growth,” Journal of Economic Perspectives 7 (3), 51-69.
Rodrik, Dani (1995), “The Dynamics of Political Support for Reforms in Economies in Transition,” Journal of the Japanese and International Economies 9 (4), 403-425.
Shleifer, Andrei (1998), “Government in Transition,” European Economic Review 41 (3-5),
385-410.
Wolff, Holger C. (1999), Transition Strategies: Choices and Outcomes, Princeton Studies in International Finance No. 85 (June), Department of Economics, Princeton University, Princeton, NJ.

(၁) Civil Society ဆိုင်ရာ အခက်အခဲများ
political liberalization ကို အကောင်အထည်ဖော်ခဲ့သည့် နိုင်ငံအများစုတွင်civilsocietyအဖွဲ့အများစုကိုအာဏာရှင်တို့က ကြိုတင်ဖွဲ့စည်း ထိန်းချုပ်ထားသည်။ လူ့အဖွဲ့အစည်းအတွင်းတွင် civil society အားကောင်းလာစေရန် ပညာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများမှ ထိုးဖောက်နေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား ပုံမှန် စောင့်ကြည့်လေ့ရှိပြီး၊ အဆိုပါ အဖွဲ့များနှင့် လူပုဂ္ဂိုလ်များသည် အာဏာရှင်တို့နှင့် ကြိုးကိုင်အဖွဲ့များအား ထိပ်တိုက်ရင်ဆိုင်လာမည့် အခြေအနေရှိမရှိကို အကဲဖြတ်လေ့ရှိသည်။
political liberalization အတွေးအခေါ်ကို ကိုင်စွဲ၍ ဒီမိုကရေစီ ပန်းတိုင်သို့ သွားရန် ကြိုးပမ်းမှုတွင် civil society ၏ အခန်းကဏ္ဍမှာ အလွန် အရေးပါလှသည်။ နိုင်ငံတော်မှ ကြိုးကိုင်ခြယ်လှယ်မှု ကင်းရှင်းသည့် အစုအဖွဲ့များ၊ လူထုလှုပ်ရှားမှုများနှင့် ပညာတတ်လူပုဂ္ဂိုလ်များ ပါဝင်သော active civil society ရှင်သန်လာရေးသည် အရေးကြီးလှသော လိုအပ်ချက်တရပ်ဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းများသည် လူ့အဖွဲ့အစည်းမှ ဒီမိုကရေစီ စံများကို နားလည်ကျင့်သုံးလာစေရေး၊ ကွဲပြားခြားနားမှုများအကြားမှ ညီညွတ်မှုကို နားလည်လက်ခံလာစေရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာစေရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ နိုင်ငံတော်၏ ၀င်ရောက်စွက်ဖက် ကြိုးကိုင် ချယ်လှယ်မှုများနှင့် တတ်နိုင်သမျှ ကင်းရှင်းရမည် ဖြစ်လေသည်။ သို့မှသာ နိုင်ငံတော်၏ ပါဝါချိန်ခွင်လျှာကို တဘက်တလမ်းမှ ထိန်းကျောင်းနိုင်မည်ဖြစ်ပြီး၊ လူ့အဖွဲ့အစည်းအား နိုင်ငံတော်မှ ထိန်းချုပ်ထားမှုကို အားပျော့စေမည် ဖြစ်သည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (အန်ဂျီအို) များသည် state နှင့် society တို့ အကြားတွင် buffer zone အဖြစ် ရပ်တည်ကြရမည်ဖြစ်သည်။
အာဏာရှင်ရွေးကောက်ပွဲများ ကျင်းပ၍ နိုင်ငံတကာရေးရာတွင် international legitimacy ရစေရန် ကြိုးပမ်းထားသော ကြိုးကိုင်အစိုးရများ၏ ရပ်တည်မှုကို ထိခိုက်လာနိုင်သည်ဟု ယူဆပါက public space ကို ပြန်လည်ကန့်သတ်သည်။ လိုအပ်လာပါက အမျိုးသားလုံခြုံရေး (national security concerns) ကို အကြောင်းပြ၍ civil society ကို ဖိနှိပ်ရန်နှင့် အာဏာပြန်သိမ်းနိုင်ရန် ဥပဒေများ သတ်မှတ်ပြဌာန်းထားသည်။ သို့ဖြစ်ရာ အာဏာရှင်တို့၏ political liberalization ကို အခွင့်အရေးဟု သတ်မှတ်၍ ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားရန် ကြိုးပမ်းလိုသူများသည် အဆိုပါ obstacles များကို မည်သို့ ကျော်လွှားမည်နည်းဟူသော လမ်းစဉ်များကို စဉ်းစားထားကြရန် လိုအပ်သည်။
(၂) နိုင်ငံရေးယဉ်ကျေးမှုဆိုင်ရာ အခက်အခဲများ
နိုင်ငံတနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်စနစ် တည်တံ့ခိုင်မြဲနေရခြင်း အကြောင်းတရား များတွင် နိုင်ငံရေးယဉ်ကျေးမှုဆိုင်ရာ အကြောင်းအချက်များလည်း ပါဝင်လေ့ရှိသည်။ နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှုသည် ဒီမိုကရေစီ စနစ်၏ အခြေခံသဘောတရားများနှင့် ကွဲပြားခြားနားပြီး၊ အာဏာရှင်ဆန်သော လူ့အဖွဲ့အစည်းသဏ္ဍာန် ဖြစ်တည်နေပါက ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာရေးကို အတားအဆီး ဖြစ်စေနိုင်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံရေးယဉ်ကျေးမှုကို ရှေးနှစ်ပေါင်းများစွာကပင် "patrimonialism" ဆိုသော သဘောတရားက လွှမ်းမိုးထားပါသည်။"patrimonialism" ဆိုသည်မှာ နိုင်ငံရေးခေါင်းဆောင်များသည် အလုပ်အတူ တွဲလုပ်ရမည့် နိုင်ငံရေးခေါင်းဆောင်ငယ်များ၊ အုပ်ချုပ်ရေး ၀န်ထမ်းများကို သူတို့နှင့် နီးစပ်သော အသိုင်းအ၀ိုင်းအတွင်းမှ မိသားစုဝင်များနှင့် ပုဂ္ဂိုလ်ရေးအရ သစ္စာရှိသူဟု ယူဆထားသူ များကိုသာ ရွေးချယ်တာဝန် ပေးအပ်ခြင်း ဖြစ်သည်။ အာဏာရှင် အသိုင်းအ၀ိုင်းတွင်သာမက အတိုက်အခံတို့၏ နိုင်ငံရေး အ၀န်းအ၀ိုင်းတွင်ပါ ယင်းသို့ ပြုလုပ်ကြသည့်အခါ နိုင်ငံရေးခေါင်းဆောင်များ၏ အနီးတွင် ရှိနေသူများသည် လိုအပ်လျှင် ခေါင်းဆောင်များကို ဝေဖန်အကြံပြုချက်များ ပေးနိုင်မည့် အရည်အချင်းရှိ ပုဂ္ဂိုလ်များ မဟုတ်ပဲ ခေါင်းဆောင်များ အလိုကျ ခေါင်းညိမ့်လက်ခံပြီး ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု လုပ်နေသူများသာ ရှိလာသည်။နိုင်ငံရေးရာများတွင် အရည်အသွေးက အဓိကမကျပဲ မည်သူ့သားသမီး၊ မည်သူ့ဆွေမျိုးသားချင်း ဆိုသည်က အရေးပါလာသည်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်သူများကသာ များပြီး၊ ဝေဖန် ပိုင်းခြားဥာဏ်ဖြင့် သတိပေးနိုင်သူများက အနီးတွင် မရှိသည့်အခါ ခေါင်းဆောင်များ၏ ငါတကော ကောကာ လုပ်ဆောင်မှုများ ပေါ်ထွက်လာတတ်သည်။ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင်များပင်ဖြစ်စေကာမူ ဤသဘောတရား၏ လွှမ်းမိုးမှုများကို ခံရပါက အာဏာရှင်ဆန်ဆန် ပြုမူမှုများ ရှိလာတတ်သည်။ "patrimonialism" သဘောတရား လွှမ်းမိုးခံရသည့် လူ့အဖွဲ့အစည်းတွင် နိုင်ငံရေးအခွင့်အလမ်းနှင့် စီးပွားရေး အခွင့်အလမ်းမှာ ယှဉ်တွဲနေတတ်သည်။လူ့အဖွဲ့အစည်းမှာလည်း ကိုယ်ပိုင်အရည်အချင်းနှင့် တက်လမ်းရှာဖွေခြင်းကို အားပေးလေ့မရှိ။ နိုင်ငံရေးအရ အခွင့်အလမ်း ရှိနေသော အုပ်ချုပ်သူများ၏ အသိုင်းအ၀ိုင်းများအား မှီခိုမှုများကို အားပေးလေ့ရှိသည်။ ဥပမာ- စစ်အာဏာရှင်စနစ် ဖြစ်လျှင် နိုင်ငံရေးအခွင့်အာဏာရှိနေသော စစ်တပ်တွင်း၌ အရေးပါသော ရာထူးများ ရရှိစေရန် အားပေးချီးမြှောက်သည့် လူအများ ပေါ်ထွက်လာမည်။ ဒီမိုကရေစီ ဘက်တော်သားများက နိုင်ငံရေးအာဏာ ရပြန်လျှင်လည်း အဆိုပါ လူအများသည်ပင် ဒီမိုကရေစီ ခေါင်းဆောင်များအား ထောက်ခံအားပေးကြမည်ဖြစ်သည်။ "patrimonialism" သဘောတရား လွှမ်းမိုးခံရသော လူ့အဖွဲ့အစည်းတွင် ယင်းသို့သော လူများ အများအပြား ပါဝင်လေ့ရှိသည်။အဆိုပါ သဘောတရားသည် နိုင်ငံရေးအာဏာကို မှီတွယ်ခြင်း စိတ်သဘောနှင့် ဆက်စပ်နေလေရာ နိုင်ငံရေးအာဏာကို ပြန်လည် ထိန်းညှိမည့် inherent logic of strong civil society ကို ထောက်ခံ အားပေးခြင်း မရှိ။ သို့ဖြစ်ရာ civil society အဖွဲ့အစည်းများ အများအပြား လိုအပ်သည့် political liberalization ကို နှောင့်နှေး ကြန့်ကြာစေမှုများ ဖြစ်လာစေနိုင်သည်။ အဆိုပါ သဘောတရား၏ လွှမ်းမိုးမှု လျော့နည်းလာသော လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မှသာ political liberalization အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားနိုင်မည်ဖြစ်သည်။
(၃) စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အခက်အခဲများ
အာဏာရှင်များဘက်မှ ရွေးကောက်ပွဲများ ကျင်းပပေးခြင်း၊ နိုင်ငံရေး ပါဝင်ပတ်သက်ခွင့် အနည်းငယ် ပေးလာခြင်း စသည်တို့တွင် နိုင်ငံစီးပွားရေး အခြေအနေနှင့် ပတ်သက်သော အခြေအနေများ ပါဝင်လေ့ရှိသည်။ နိုင်ငံတနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းများပြီး၊ အလုပ်လက်မဲ့ရာခိုင်နှုန်း မြင့်မားနေပါက အရပ်သားပြည်သူလူထုကို နိုင်ငံရေးပါဝင်ပတ်သက်ခွင့် အနည်းငယ် ပေး၍ စိတ်ဝင်စားမှု အာရုံပြောင်းပေးရသည်။ ယင်းသို့ မဟုတ်လျှင် စီးပွားရေး ဆုပ်ယုတ်မှု အခြေအနေပေါ်မူတည်၍ အာဏာရှင်ဆန့်ကျင်ရေး စနစ် လှုပ်ရှားမှုများ ပေါ်ထွက်လာနိုင်သည်။အချို့က ဆိုတတ်ကြသည်။ အာဏာရှင်များက ရွေးကောက်ပွဲ မလုပ်ပေးပဲ အာဏာဆက်သိမ်းလျှင်လဲ ရပါလျက် ရွေးကောက်ပွဲပြုလုပ်ပေးသည်မှာ အာဏာရှင်ဘက်က သဘောထား ပျော့ပျောင်းလာခြင်းဖြစ်သည် ဟု ဆိုတတ်ကြသည်။ အာဏာရှင်တို့ဘက်မှ စတင်သည့် political liberalization ဖြစ်ရပ်အချို့အတွက် ဤအဆိုမှာ မှန်ကောင်းမှန်မည် ဖြစ်သော်လည်း ဖြစ်ရပ်တိုင်း တွင်ကား မဟုတ်ချေ။ ခွေးတကောင်ကို အပြင်သို့ ခေါ်၍ လမ်းလျှောက်ထွက်ပါက လက်ထဲတွင် အတင်းဆုပ်ပြီး ကိုင်ထား၍ မရ။ မထင်မှတ်ချိန်တွင် လွတ်ထွက်သွားနိုင်သည်။ လမ်းလျှောက်ခွင့်၊ ပြေးခွင့် အနည်းငယ်ကိုတော့ ပေးရသည်။ ကိုင်ထားသော ကြိုးကို လိုသလို အဆွဲအဆန့် လုပ်နိုင်ဖို့သာ လိုသည်။ political liberalization ဆိုသည်မှာလည်း ဤနည်းနှယ်နှယ်ပင်။ လွတ်ထွက်သွားမည်စိုး၍ ကြိုးတန်းလန်းဖြင့် လွတ်လပ်ခွင့် ပေးလိုက်ခြင်းသာ ဖြစ်သည်။၁၉၇၃ ခုနှစ်က အီဂျစ်နိုင်ငံတွင် Sadet က တံခါးဖွင့် စီးပွားရေး မူဝါဒကို ကျင့်သုံးခဲ့သည်။ တံခါးဖွင့် စီးပွားရေး မူဝါဒ ကျင့်သုံးချိန်တွင် ပြုလုပ်ရန် လိုအပ်သည့် အခြားသော macro-economic arrangements များကို မပြုလုပ်သောကြောင့် လက်တဆုပ်စာ လုပ်ငန်းရှင် တစုသာ ပေါ်ထွက်လာပြီး၊ တိုင်းပြည်တွင် ဆင်းရဲချမ်းသာ ကွာဟနှုန်းက မတရား ထိုးတက်သွားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် အခြေခံစားသောက်ကုန် ဈေးနှုန်းများက တရဟော ထိုးတက်သွားပြန်ရာ နိုင်ငံနှင့် အ၀ှမ်း ဆန္ဒပြပွဲများ ပေါ်လာတော့သည်။ အဆိုပါ အခြေအနေများ ထပ်မံ ပေါ်ပေါက်လာခြင်း မရှိစေရန် အီဂျစ်အစိုးရက အတိုက်အခံပါတီများကို ပါတီထောင်ခွင့် ပေးလိုက်သည်။ လူအများကို လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆိုခွင့် အနည်းငယ် ပေးလိုက်သည်။စိတ်ပညာသဘောအရ လူတယောက်၏ စိတ်ထဲတွင် ပိတ်လှောင်မွန်းကြပ်နေမှုကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် ပေးလိုက်သည့်အခါ ထိုလူ၏ စိတ်ထဲတွင် ပေါ့ပါးသွားလေ့ရှိရာ အာဏာရှင်အစိုးရသို့ စုပြုံလာသော မကျေနပ်မှုများကို ဖော်ထုတ်ခွင့်ပြု လိုက်ခြင်းဖြင့် မကျေနပ်မှုများ ပေါက်ကွဲထွက်သွားပြီး ဆန့်ကျင်သည့် အဆင့်သို့ မတက်လှမ်းတော့ပဲ ပြီးသွားတတ်သည်။ အီဂျစ်နိုင်ငံအပါအ၀င် အရှေ့အလယ်ပိုင်း နိုင်ငံအများစုတွင် တတိယလှိုင်း ဒီမိုကရေစီ လှိုင်းလုံးကြီးနှင့် မျောမပါပဲ အာဏာရှင်အစိုးရများ ရပ်တည်နေနိုင်သည့် အကြောင်းအချက်များတွင် ဤအချက်ကလဲ တချက် အပါအ၀င်ပင်ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများတွင် political liberalization အတွေးအခေါ် လွှမ်းမိုးခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီး၊ ဒီမိုကရေစီ ပန်းတိုင်သို့ တက်လှမ်းခြင်း မရှိပဲ ရပ်တန့်နေခဲ့သည်မှာလဲ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ မည်သို့ဆိုစေ political liberalization အတွေးအခေါ်သည် အာဏာရှင် အစိုးရများမှ အာဏာကို အသွင်သဏ္ဍာန်တမျိုးဖြင့် ဆက်လက်ချုပ်ကိုင်ထားနိုင်စေရေးအတွက် ဆေးကောင်းတခွက်ပင် ဖြစ်သည်။ စီးပွားရေး အကျပ်အတည်း ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် အာရုံပြောင်းပေးနိုင်သည့် မျက်လှည့် ဆရာ တပါး ဟုလည်း ဆိုနိုင်မည်ဖြစ်သည်။သို့ရာတွင် political liberalization နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့သည် လုံးဝ ဆက်စပ်ခြင်း မရှိသည်ကား မဟုတ်။ political liberalization လုပ်ချိန်နှင့် တပြိုင်နက်တည်းတွင် economic liberalization ကိုပါ ပူးတွဲလုပ်ဆောင်ရန် လိုအပ်သည်။ အသွင်ပြောင်းကာလ စီးပွားရေး အခြေအနေကို မှန်ကန်သော မူဝါဒများ ချမှတ်၍ ရလဒ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ရန် လိုအပ်သည်။ Transition-induced contraction ကြောင့် ဖြစ်လာနိုင်သော ထုတ်လုပ်မှုနှုန်း ကျဆင်းခြင်းကို ကြိုတင်ကာကွယ်ထားနိုင်မည့် မူများ ချရမည်။ supplier-buyer relationship ကို ဖရိုမရဲ မဖြစ်စေရန် ထိန်းကျောင်းပေးရမည်။အသွင်ကူးကာလ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် အရေးကြီးသော ဧရိယာ သုံးမျိုးဖြစ်သော liberalization of internal markets, liberalization of external markets, privatization and restructuring စသည်တို့တွင် သင့်လျော်သော မူဝါဒများ ချမှတ်ရန် လိုအပ်သည်။ အသွင်ကူးကာလ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာ နှစ်မျိုးဖြစ်သည့် shock therapy နှင့် gradual reform strategy တို့အနက် အချိန်ကာလနှင့် ကိုင်ညီသည့် မဟာဗျူဟာကို ရွေးချယ်နိုင်မှုကလည်း အရေးကြီးလေသည်။စီးပွားရေးအခြေအနေဆိုးရွားမှုကြောင့် political liberalization စတင်လာခြင်း ဖြစ်သော်လည်း၊ တက်လာသည့် အစိုးရသစ်မှ အခြေအနေနှင့် ကိုက်ညီမည့် စီးပွားရေးမူဝါဒများကို မှန်မှန်ကန်ကန် အသုံးချနိုင်လျှင် liberalization နှင့် economic growth တို့အကြားတွင် positive relationship ဖြစ်လာနိုင်သည်ဖြစ်ရာ economic reform များ၏ adverse effects များကို ထိန်းချုပ်ရန် နည်းလမ်းများကို ရှာဖွေကြရမည်ဖြစ်သည်။ ဒီမိုကရေစီနှင့် economic growth တို့အကြားမှ ဆက်စပ်မှုမှာ positive တခုတည်း မဟုတ်ကြောင်းကိုလည်း သတိပြုကြရန် လိုအပ်သည်။ political liberalization နှင့် economic liberalization တို့ တပြိုင်တည်း ဖြစ်မလာပါက negative marginal effects များ ပေါ်ထွက်လာတတ်ပါသည်။အရေးကြီးဆုံးအချက်မှာ ဒီမိုကရေစီသည် နိုင်ငံရေး မသေချာမှုနှင့် ဆက်စပ်နေခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရများသည် ရွေးကောက်ပွဲများဖြင့် မူဝါဒ ချမှတ်နိုင်ရေးကို ကြိုးပမ်းကြရသည်ဖြစ်ရာ စီးပွားရေး မူဝါဒ သက်တမ်းများသည် ရွေးကောက်ပွဲသက်တမ်းဖြင့် အချိန်မတူညီပဲ economic reform ၏ ရေတို adverse effects များ နောက်တကြိမ် ရွေးကောက်ပွဲမတိုင်မီ ပေါ်ထွက်လာပြီး၊ ရွေးကောက်ပွဲသစ်တွင် နိုင်ငံရေးအရ backlash ဖြစ်မည်ကို အာဏာရပါတီများက စိုးရိမ်လေ့ရှိကြပါသည်။
သို့ဖြစ်ရာ ရေတိုတွင် နှောင့်နှေးသော်လည်း ရေရှည် အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မည့် မူဝါဒများကို ရှောင်ကြဉ်၍ ရေတိုအကျိုးစီးပွားကိုသာ ကြည့်တတ်ကြလေရာ ဒီမိုကရေစီ အခြေခံသဘောတရားဖြစ်သည့် ရွေးကောက်ပွဲပြုလုပ်ခြင်းကပင်လျှင် ရေရှည်စီးပွားရေး တိုးတက်မှုကို ပြန်လည် ထိခိုက်လာသည်များလည်း ရှိတတ်ပါသည်။အထက်ပါ အချက်များအပြင် political liberalization အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားရေးတွင် အခက်အခဲဖြစ်စေနိုင်မည့် ပထ၀ီဝင် နိုင်ငံရေး အခြေအနေများ၊ နိုင်ငံတကာကုန်သွယ်ရေး၊ နိုင်ငံခြားရေး အခြေအနေများနှင့် လူမှုရေး အခြေအနေများစွာလဲ ရှိပါသေးသည်။ Political liberalization ဆိုင်ရာ ကျမ်းတစောင် မဟုတ်၍ အကျယ်မချဲ့လိုတော့ပါ။ Political liberalization အတွေးအခေါ်ကို ကိုင်စွဲ၍ ဒီမိုကရေစီ ပန်းတိုင်ကို အရောက်ချီရန် ရည်ရွယ်သူများအနေဖြင့် အဆိုပါ အခြေအနေများကို နားလည်သိရှိထားကြရန် လိုအပ်ပေလိမ့်မည်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး
-
"Although mass killings and exterminations of human races were some sort of things that the world experienced during Nazi German p...
-
More than 400,000 Rohingya have fled from Myanmar to neighbouring Bangladesh By BBC News September 17, 2017 Myanmar's de ...
-
ပါလီမန်အမတ်ဦးရွှေမောင်ပြည်သူ့လွတ်တော်တွင်ရခိုင်ပြည်နယ်၌ဖြစ်ပွါးခဲ့သောအရေးအခင်းနဲ့ ပတ်သက်၍ဆွေးနွေးတင်ပြခြင်း။ (14th day of regular ses...
-
RB News March 31, 2018 Minbya, Arakan State : On March 30 morning, a Prayer Leader or Imam was brutally beaten and injured by a Rakh...
-
Read letter here Read history of Rohingya here Download letter PDF here Download History of Rohingya PDF here credi...
-
ဇွန်လ ၁၇ ရက် ၊ ၂၀၁၂ Source: guardian.co.uk မြန်မာပြည်သစ်အတွက် အနာဂတ်မှာ အောင်မြင်မှာလား၊ ကျရှုံးမှာလားဆိုသည်ကို ညွှန်ပြသော စမ်းသပ်မှု တစ...
-
At Baggona, a village three miles far from and lies to the South of Maung Daw of Arakan state, more than 80 Rohingya women and girls have be...
-
RB News May 17, 2013 Maung Daw, Arakan - After the warnings on Mahasen cyclone had been issued, the displaced Rohingyas from the ...
-
12/07/2012 Joint press release HUMANITY GONE ...
-
The custodian of Two Holy Mosques King Abdullah bin Abdul Aziz Al Saud Aug 11 The custodian of Two Holy M...