မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဂျပန်က ဆက်လက်ထောက်ခံအားပေးမည်ဟု ဂျပန်ဝန်ကြီးချုပ်ပြောကြား

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကိုကြိုဆို အားပေးကြောင်းနှင့် ထိုလုပ်ငန်းစဉ်များကို ဆက်လက်အားပေး ထောက်ခံသွားမည် ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ယူရှီဟီကိုနိုဒ က ပြောကြားသည်။
မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့၏ နှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးကို ဂျပန်အစိုးရဧည့်ဂေဟာတွင် ဧပြီ၂၁ရက် ညနေပိုင်းက ကျင်းပအပြီး ခေါင်းဆောင်နှစ် ဦးတို့က သတင်းစာ ရှင်းလင်း ပွဲပြုလုပ် ရာ တွင် ဂျပန်ဝန်ကြီးချုပ်က ယင်းကဲ့သို့ပြောကြားသွားခြင်း ဖြစ်သည်။
`ဂျပန်ဝန်ကြီး ချုပ်သည် မြန်မာအစိုးရ၏ ဒီမိုကရေစီ နှင့် အမျိုးသားပေါင်းစည်း ညီညွတ်ရေးသို့ ရှေ့ရှုသော ဆောင်ရွက်မှုများကို ကြိုဆိုကြောင်း၊အထူးသဖြင့် မှတ်မှတ်သားသား ဖြစ်စရာ ဧပြီ၁ ကြားဖြတ် ရွေးကောက်ပွဲ နှင့် များစွာသော နိုင်ငံရေး နှင့် စီးပွားရေး လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ ပိုပြီးရှေ့သို့တက်လှမ်း နိုင်ရေးအတွက် ဂျပန်ဝန်ကြီးချုပ်က ဆက်လက်ထောက်ခံ သွားမည်ဟုကတိပြုပါကြောင်း၊`ဂျပန်-မြန်မာ ထိပ်သီး ဆွေးနွေးပွဲ နှင့်ပတ်သက်၍ ပူးတွဲကြေညာချက် ထုတ်ပြန်ရာ တွင် ထည့်သွင်းဖော်ပြ ထားသည်။
သမ္မတဦးသိန်းစိန်ကလည်း ဂျပန်၏ယခုကဲ့သို့ထောက်ခံအားပေးမည် ဟု ကတိကဝတ်ပြုလိုက်ခြင်း အပေါ်နှစ်ထောင်းအားရ ဖြစ်မိပါကြောင်း နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် ဂျပန်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုအား ကောင်းလာ ရေး အတွက်လည်း ဆက်လက် ဆောင်ရွက် သွားမည်ဟု ကတိကဝတ် ပြုပြောကြားခဲ့သည်။
ဂျပန် အစိုးရသည် မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု များကိုတိုးမြှင့်ဆောင်ရွက်သွားမည် ဟု ဂျပန်ဝန်ကြီးချုပ်က ထပ်လောင်း ကတိပြုခဲ့သည်။မြန်မာနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် နယ်ပယ် များမှာ မြန်မာပြည်သူများ လူမှုဘဝ တိုးတက်ရေး၊ အရည်အချင်းများ လေ့ကျင့်တည်ဆောက်ရေး၊ စီးပွားရေး စဉ်ဆက်မပြတ် တိုးတက်ရေး အတွက်လိုအပ်သော အခြေခံ အဆောက်အအုံများ ၊ ယင်းနှင့်ဆက်နွယ် သောစနစ်များ ဖွံ့ဖြိုးတိုးတက် ရေးတို့ ဖြစ်ကြ ကြောင်း သိရှိရသည်။
ထို့အပြင် ဂျပန်၏ ပင်လယ်ရပ်ခြား အထောက်အပံ့များ မြန်မာနိုင်ငံသို့ ပြန်လည် ပေးအပ်နိုင်ရေး အတွက် ယခင်ကျန်ရှိနေသည့် ဂျပန်သို့ပေးစရာရှိသော ကြွေးမြီကိစ္စများ ပြေလည်သွားအောင် မည်သို့ပြု လုပ်ရမည်ကို ခေါင်းဆောင် နှစ်ဦး သဘော တူညီချက် ရရှိ သွားကြောင်းလည်း သတင်းထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
ထို့အပြင် မြန်မာနှင့် ဂျပန် နှစ်နိုင်ငံသည် သဘဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊၊ သိပ္ပံနှင့်နည်းပညာ၊ ဂျပန် နိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုနှင့် နှစ်ဘက်ကုန်သွယ်မှုတိုးမြှင့်ရေး၊စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ ဂျပန် ပုဂ္ဂလိက ပိုင်းကုန်သွယ်ရေး နှင့်ရင်းနှီးမြှပ်နှံရေး အတွက် အမေရိကန် ဒေါ် လာသန်း ၅ဝဝရှိ ချေးငွေ အရေးကိစ္စများကို မြှင့်တင်ဆောင်ရွက်ရေး အရေးကြီးသည်ကို အသိအမှတ် ပြုကြ ကြောင်းဖြင့်လည်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထား သည်။
ကိုကို(စက်မှုတက္ကသိုလ်)

Source :Yangon Time Media Group