Latest Highlight

အမျိုးသားရင်ကြားစေ့ရေး အတွက် အားလုံးလွှတ်ပေးပါ


မြန်မာအစိုးရ မကြာခင်ကပေးခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်သည် အကန့်အသတ်နှင့်သာ ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား အများအပြား အကျဉ်းထောင်များထဲတွင် ကျန်ရှိနေဆဲ ဖြစ်သည်။
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားမှာ ၂၀၀ ကျော်သာ ရှိသည်။
အများက မျှော်လင့်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာတို့ လွတ်မြောက်ရာတွင် မပါဝင်ပေ။ အလားတူ ကိုဇော်သက်ထွေး၊ နေဘုန်းလတ်နှင့် အရှင်ဂမ္ဘီရတို့ ကဲ့သို့သော နယ်ပယ်စုံမှ နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်သေးသည် ကိုလည်း စိတ်ပျက်ဖွယ်ရာ တွေ့ရပေသည်။
ယခုကဲ့သို့ အကျဉ်းသားလွှတ်ပေးသည့် အစိုးရ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ အချက်နှစ်ချက် တွေ့ရသည်။
ပထမ တချက်မှာ လက်ရှိ ဦးသိန်းစိန် အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေပြီ၊ ဒီမိုကရေစီ ခြေလှမ်း စတင်နေပြီဟု ပြောဆိုခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးတွင် နှောင့်နှေးနေခဲ့သည်ကို တွေ့ရသည်။
ထိုသို့ နှောင့်နှေးနေခြင်းမှာ အဘယ်ကြောင့်နည်း။
နိုင်ငံရေးအကျဉ်းသားများ အရေးကို မြစ်ဆုံဆည် စီမံကိန်းကဲ့သို့ ရဲရဲဝံ့ဝံ့ မဆုံးဖြတ်ဘဲ တွန့်ဆုတ်နေခြင်းက အစိုးရအနေဖြင့် ၎င်း၏ အနေအထားကို စိတ်မချသေးကြောင်း ထင်ရှားနေသည်။
ထို့အပြင် အစိုးရထိပ်ပိုင်း ပုဂ္ဂိုလ်များက နိုင်ငံတကာမီဒီယာများနှင့် နိုင်ငံခြား အစိုးရများကို ပြောရာတွင် နိုင်ငံရေး အကျဉ်းသား ဦးရေ တထောင်အောက်သာ ရှိသည်ဟု ဆိုသည်။
သို့သော် ၂၀၀၇ ခုနှစ် နောက်ပိုင်းမှ စတင်၍ မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၀၀၀ ခန့် ရှိသည်ဟု ပြည်တွင်း ပြည်ပက ယုံကြည်ထားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားဦးရေ အစစ်အမှန်ကို ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ထောက်လှမ်းရေးက အသိဆုံး ဖြစ်ပေလိမ့်မည်။
တချို့သော နိုင်ငံရေးအကျဉ်းသား များမှာ နိုင်ငံရေးမှုနှင့် မဟုတ်ဘဲ အမှုဆင်ခံရပြီး သာမန်ပြစ်မှု ကျူးလွန်သူများ အနေဖြင့် အစစ်ဆေးခံကြရသည်။ ထို့အပြင် အကျဉ်းထောင် များထဲတွင် တိုင်းရင်းသား နိုင်ငံရေးအကျဉ်းသားများလည်း အများအပြား ရှိနိုင်ပါသေးသည်။
ဒုတိယအချက်မှာ ယခုလွတ်မြောက်သည့် အထဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ချန်ထားခဲ့ခြင်းဖြစ်သည်။ ထိုသူများအား တမင်ချန်ထားခြင်းက သမ္မတဦးသိန်းစိန်၏ ဆုံးဖြတ်ချက်လား၊ သို့မဟုတ် သူ့အစိုးရ၏ နောက်ကွယ်တွင် ကြိုးကိုင်နေဆဲဟု ယူဆရသည့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ကြားဝင်စွက်ဖက်မှုများ ပါဝင်နေခြင်း ကြောင့်လား စသည်ဖြင့် တွေးဆစရာများ ရှိခဲ့သည်။
ယခု လွတ်ငြိမ်းချမ်းသာခွင့်အပေါ် နိုင်ငံတကာက အားရကျေနပ်မှု မရှိသော်လည်း ပြည်တွင်းတွင်မူ မျှော်လင့်ချက် များစွာ ရှိခဲ့သည်ကို တွေ့ရသည်။ လွတ်မြောက်လာသူများကိုလည်း အားရဝမ်းသာ ကြိုဆိုခဲ့ကြသည်။
အကျဉ်းသားများအား လွှတ်ပေးခဲ့ခြင်းကိုမူ ကြိုဆိုရပေလိမ့်မည်။
သို့သော် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရမည် ဖြစ်ပြီး အားလုံးလွတ်မြောက်ရေးအတွက် ဆက်လက် တောင်းဆို ကြရမည် ဖြစ်သည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ အပါအဝင် တခြားသော နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးမှသာ အမျိုးသားရင်ကြားစေ့ရေးကို တည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။




Credit :ဧရာဝတီ

Write A Comment

Rohingya Exodus