Latest Highlight

မြန်မာပြည်ဖွား သြစတြေးလျနိုင်ငံသားတစ်ဦး စစ်ရာဇ၀တ်မှုများအတွက် ဖြောင့်ချက်ပေး

သြစတြေးလျနိုင်ငံတွင် နေထိုင်လျက်ရှိသည့် မြန်မာဒုက္ခသည်တစ်ဦးက မြန်မာစစ်အစိုးရသူလျှိုအဖြစ် အလုပ်လုပ်ကိုင်စဉ်အတွင်း လုပ်ကြံသတ်ဖြတ်မှု ၂၄ ခုအား ကျူးလွန်ခဲ့ပြီး အနည်းဆုံး လူသတ်မှု ၁၀၀ တွင် ပါဝင်ပတ်သက်ခဲ့သည့်ဟု ၀န်ခံလိုက်သည်။

ယခုလက်ရှိတွင် သြစတြေးလျနိုင်ငံသားဖြစ်သည့် ထူးထူးဟန်က လူထောင်ပေါင်းမျာစွာ သေကြေပျက်စီးခဲ့ရသည့် ၁၉၈၈ ခုနှစ် အရေးအခင်းကာလအတွင်း လုပ်ကြံသတ်ဖြတ်မှုများတွင် သူ ပါဝင်ခဲ့သည်ဟု ပြောကြားလိုက်သည်။ `ကျွန်တော် ဒါတွေ လုပ်ခဲ့မိပါတယ်။ ကျွန်တော်ဟာ စစ်ရာဇ၀တ်ကောင်တစ်ဦးပါ´ ဟု ထူးထူးဟန်က ပြောသည်။ `တိရိစ္ဆာန်တစ်ကောင်လို ကျွန်တော် အချိန်အကြာကြီး နေခဲ့ပါတယ်။ အခုတော့ နှစ်ပေါင်း ၂၀ ကျော်အကြာမှာ ကျွန်တော်သိမ်းဆည်းထားခဲ့တဲ့ အဖြစ်တွေကို ဖွင့်ဟချင်လာပါတယ်။ ကျွန်တော် သတ်ဖြတ်ခဲ့တဲ့လူတွေရဲ့ အဖေတွေနဲ့ အမေတွေအတွက် ကျွန်တော် ၀မ်းနည်းကြောင်း ပြောချင်ပါတယ်´


ဆန္ဒပြကျောင်းသားများအဖြစ် အသွင်ပြောင်းပြီး ဟန်ဆောင်ဆန္ဒပြခဲ့ကြသည့် အဖွဲ့တစ်ခုကို သူဦးဆောင်ခဲ့သည်ဟု ထူးထူးဟန်က ပြောကြားသည်။ အဆိုပါအဖွဲ့၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ၁၀၀ ထက်မနည်းသော သတ်ဖြတ်မှုများတွင် သွယ်ဝိုက်ပတ်သက်နေခဲ့ကြောင်းလည်း ၀န်ခံသွားခဲ့သည်။ `ကျောင်းသားတွေကို ကျွန်တော်တို့ ချေမှုန်းခဲ့ပါတယ်။ ချေမှုန်းတယ်ဆိုတာက သတ်ပစ်တာကို ပြောတာပါ´ ဟု သူက ဆိုသည်။

သူသတ်ဖြတ်ခဲ့သူများအား နောက်စေ့သို့ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး အရှင်လတ်လတ် မြေမြှုပ်ခြင်း မီးလောင်တိုက်သွင်းခြင်းများကိုလည်း သူတွေ့ခဲ့ရသည်ဟု ထူးထူးဟန်က ပြောကြားသည်။
`သေနတ်နဲ့ အလွယ်တကူ ပစ်လိုက်တာပါပဲ။ နှိပ်စက်ညှင်းပမ်းတာတွေတော့ ကျွန်တော် မလုပ်ခဲ့ပါဘူး´ ဟု သူက ဆိုသည်။

ယခုအခါ အသက် ၄၄ နှစ်ရှိပြီဖြစ်သော ကလေးသုံးယောက်ဖခင် ထူးထူးဟန်က သူ ယခုကဲ့သို့ ရှေ့ထွက်လာရခြင်းမှာ သူ့အပြစ်များနှင့်အတူ ရှေ့ဆက်အသက်ရှင်နိုင်စွမ်း မရှိတော့ခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားသည်။ သူ့အပြစ်များအား ရင်ဆိုင်ဖြေရှင်းရန်နှင့် သြစတြေးလျအာဏာပိုင်များထံသို့ သူ့ကိုယ်သူအပ်နှံရန် အသင့်ရှိသည်ဟု သူက ပြောသည်။

မြန်မာစစ်ထောက်လှမ်းရေး၏ သူလျှိုအရာရှိတစ်ယောက်အနေဖြင့် ၁၉၈၇ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး သတ်ဖြတ်မည့် ပစ်မှတ်များအား ရွေးချယ်သတ်မှတ်ရန် အဓိကတာဝန်ယူထားသည့် အဖွဲ့တစ်ခုအား သူဦးဆောင်ခဲ့ရသည်ဟု ထူးထူးဟန်က ဆိုသည်။

ဆယ်စုနှစ်တစ်စုကျော်ကြာ သြစတြေးလျနိုင်ငံသားအဖြစ် နေထိုင်ခဲ့ပြီးဖြစ်သည့် ထူးထူးဟန်က သြစတြေးလျသို့ မလာခင်ကပင် သူ၏ ယခင်မြန်မာစစ်တပ် အရာရှိများအား ကျောခိုင်းခဲ့ပြီး ကိုယ့်ဘ၀အတွက်ကိုယ်ရုန်းကန်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သြစတြေးလျသို့ ရောက်ချိန်မှစ၍ ယခင်အစိုးရဟောင်းအပေါ် ဆန့်ကျင်သောလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပြီး ကျောင်းများတွင် ဟောပြောခြင်း၊ ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများအား သူ၏ အနုပညာအရည်အသွေးများကို အသုံးချကာ ဖော်ထုတ်တင်ပြခြင်းများ ပြုလုပ်ခဲ့သည်။ သူက သြစတြေးလျနိုင်ငံတွင် နေထိုင်စဉ်အတွင်း မည်သည့်ရာဇ၀တ်မှုမျိုးနှင့်မျှ ပတ်သက်ခဲ့ခြင်းမရှိကြောင်းမူ အခိုင်အမာပြောကြားသည်။

၂၀၀၃ ခုနှစ်၊ သြစတြေးလျတွင် သူပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို လူအများသိရှိလာစေရန် ရည်ရွယ်သော နိုင်ငံရေးလှုပ်ရှားမှုတစ်ခုနှင့်ပတ်သက်သည့် မှတ်တမ်းရုပ်ရှင်ကို SBS Television က ထုတ်လွှင့်ခဲ့သည်။ ထူးထူးဟန်က နှစ်ရှည်ထောင်ဒဏ်အပါအ၀င် မည်သည့်အပြစ်ပေးမှုကိုမဆို ရင်ဆိုင်ရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။ သူ၏ ကလေးများနှင့်လည်း ပြန်တွေ့ရကောင်းမှ တွေ့ရလိမ့်မည်ဖြစ်ကြောင်းလည်း သူက ၀န်ခံခဲ့ပြီး၊ သူ၏အပြုအမူအား ၎င်းတို့ နားလည်လာလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။

`ဒါတွေအတွက် ကျွန်တော် ပြင်ဆင်ထားပြီးပါပြီ။ ကျွန်တော့် မိန်းမနဲ့ကလေးတွေ အသည်းအသန် ငိုနေကြမှာတော့ အမှန်ပါပဲ။ ဒါပေမဲ့ မြန်မာပြည်မှာက ထောင်ပေါင်းများစွာသော မိခင်တွေ ငိုနေကြရတာပဲမဟုတ်လား´ ဟု သူက ပြောကြားခဲ့သည်။ ထူးထူးဟန်က သူ၏ဇာတ်လမ်းအား ပြောပြရန် မီဒီယာများသို့ အရင်ချဉ်းကပ်ခဲ့ရခြင်းမှာ အာဏာပိုင်များထံ တိုက်ရိုက်သွားခဲ့လျှင် ယခုကဲ့သို့ ဖွင့်ဟခွင့်မရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု ဆိုသည်။

AAP

credit : EastwindBurma


Write A Comment

Rohingya Exodus