Latest Highlight

လူမျိုးတုန်းသတ်ဖြတ်မှု(Genocide) ဆီ ဦးတည်နေပြီလား | နေဘုန်းလတ်

Thursday, 14 June 2012 02:00
Written by နေဘုန်းလတ်




ယဉ်ကျေးမှုတိုင်းလိုလိုမှာ လူမျိုး၊ ဘာသာ၊ နိုင်ငံသား၊ အသားအရောင်၊ လိင် စတဲ့ ကွဲပြားခြားနားမှုတွေကို အခြေပြုပြီး ငါတို့နဲ့သူတို့ဆိုတဲ့ '' Us and Them'' ခွဲခြားမှုတွေ ရှိတတ်ပါတယ်။ ရန်၊ ငါ စည်းခြားတယ်လို့လဲ ဆိုနိုင်တာပေါ့။ ငါတို့ ဂျာမာန်တွေ၊ သူတို့က ဂျူးတွေ၊ ငါတို့က ဟူတူတွေ၊ သူတို့က တွတ်စီတွေ စသည်ဖြင့် လူလူချင်း အမျိုးအစား ခွဲခြားလိုက်ခြင်း (Classification) ဟာ Genocide လို့ခေါ်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုများ ဖြစ်ရခြင်းရဲ့ အစမှတ်လို့ဆိုနိုင်ပါတယ်။ ရောယှက်နေသော ဆက်နွယ်မှုတွေရှိမနေတဲ့ လူမျိုးစုနှစ်ခု ဒါမှမဟုတ် နှစ်ခုထက် ပိုပြီးရှိကြတဲ့ နိုင်ငံတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်နိုင်ချေများပါတယ်။ ဒီလိုမဖြစ်ဖို့ ကာကွယ်နိုင်ချေရှိတဲ့ အဓိက စွမ်းအားကတော့ လူမျိုးရေး ခွဲခြားမှုတွေ၊ အသားရောင် ခွဲခြားမှုတွေကိုကျော်လွန် သွားတဲ့၊ အချင်းချင်းအပြန်အလှန် စိတ်ရှည်သည်းခံမှုနဲ့ နားလည်မှုတွေကို တိုးပွားစေတဲ့၊ ပိုင်းခြားမှုတွေကို ကျော်သွားတဲ့ အမျိုးအစား ခွဲခြားခြင်းကိုသာအားပေးတဲ့ ကမ္ဘာလုံးဆိုင်ရာ အစုအဖွဲ့၊ အဆောက်အအုံတွေ ဖွံ့ဖြိုးလာဖို့ပဲဖြစ်ပါတယ်။ အဲဒီ့လို့ဖွံ့ဖြိုးလာခြင်းက ဘုံရပ်တည်ချက်တွေကို မဖြစ်မနေ ရှာဖွေလာရပြီး ... အဲဒီ့ အချက်ကိုက လူမျိုးတုန်း သတ်ဖြတ်မှုတွေကို တားဆီးနိုင်တဲ့ အဓိက စွမ်းအားဖြစ်လာပါတယ်။ အရိုးဆုံး နဲ့ အရှင်းဆုံးပြောရရင်တော့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေ များများ လုပ်ပြီး အချင်းချင်း နွယ်ယှက်နေသော အကျိုးစီးပွားတွေ များများရှိနေတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြဖို့ပါ။

အမျိုးအစား ခွဲခြားခြင်း (Classification) ဟာ အမျိုးအစားခွဲခြားထားရုံနဲ့တော့ သိပ်ပြဿနာ မရှိသေးပါဘူး။ သူ့နောက်ကနေ ထပ်ချပ်မကွာလိုက်လာတဲ့ ... အမည်တပ်တံဆိပ်ကပ်ခြင်း (Symbolization) ကြောင့် အခြေအနေတွေက ပိုပြီးရှုပ်ထွေးလာပါတယ်။ အုပ်စုတစ်ခုခုက အခြားအုပ်စု တစ်ခုခုကို အမည်နာမတစ်ခု ဒါမှမဟုတ် တံဆိပ်တစ်ခု ကပ်လိုက်ပါတယ်။

အသားအရောင်ကို လိုက်ပြီးဖြစ်စေ၊ အဝတ်အစားကိုလိုက်ပြီး ဖြစ်စေ၊ မတူညီသော ဘာသာရေး၊ ယဉ်ကျေးမှုတွေကို လိုက်ပြီးဖြစ်စေ အခြား သူများကို အုပ်စု တစ်စုထဲ သွတ်သွင်းလိုက်ပြီး ... သူတို့ဟာ ဂျူးတွေပဲ၊ သူတို့ဟာ ဂျစ်ပစီတွေပဲ၊ သူတို့ဟာ နီဂရိုးတွေပဲ စသည်ဖြင့် တံဆိပ် တစ်ခု ကပ်လိုက်ခြင်းအားဖြင့် ... ခွဲခြားမှုဟာပိုပြီး ပီပြင် ထင်ရှားလာပါတယ်။ နာဇီတွေအုပ်စိုးစဉ်ကာလက ဂျူးတိုင်းကို အ၀ါရောင် ကြယ်ပုံ တံဆိပ် တပ်ခိုင်းထားတာမျိုး၊ ကမ္ဘောဒီယားမှာ ခမာနီတွေ အုပ်စိုးစဉ်ကာလက အရှေ့ပိုင်းဇုံမှာရှိတဲ့ လူတွေကို အပြာရောင် လည်စည်း စီးပေးထားတာမျိုးတွေ ဟာ ထင်ရှားတဲ့ ဥပမာတွေ ဖြစ်ပါတယ်။ အခုပြောသွားပြီးဖြစ်တဲ့ အမျိုးအစား ခွဲခြားခြင်းနဲ့ အမည်တပ် တံဆိပ် ကပ်ခြင်း နှစ်ခုဟာ လူသားတွေ လုပ်လေ့လုပ်ထ ရှိတဲ့အလုပ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းတဲ့ လုပ်ရပ်မျိုးတွေ လုပ်ဆောင်ခြင်း (Dehumanization) ဆိုတဲ့ နောက်တစ်ဆင့်ကို ဦးမတည်သေးသရွေ့တော့ မျိုးတုန်း သတ်ဖြတ်ခြင်းတစ်ခု ဖြစ်မလာနိုင်ပါဘူး။

အမည်အမှတ် တံဆိပ်တပ်ခြင်းတွေ ပပျောက်ဖို့ကတော့ မုန်းတီးမှုကို ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတတွေကို တရားဥပဒေအရကို တားမြစ်ဖို့လိုပါတယ်။ ဂိုဏ်းကဏ္ဍ တစ်ခုခုကိုကိုယ်စားပြုတဲ့ အ၀တ်အစားတွေ ဝတ်ဆင်ခြင်းကိုလဲ ကန့်သတ်သင့်ပါတယ်။ ပြဿနာ တစ်ခုရှိတာက ဥပဒေအရ ကန့်သတ် တားမြစ်ခြင်းတွေဟာ လူကြိုက်များနေတဲ့ ယဉ်ကျေးမှုဆိုင်ရာ အင်အားတွေရဲ့ ထောက်ပံ့မှုမျိုးကို မရတဲ့ အခါ အရာမထင်တတ်ပါဘူး။ ဥပမာအားဖြင့် ... ဟူတူ၊ တွတ်စီ စတဲ့စကားလုံးတွေဟာ ... ၁၉၈၀ ခုနှစ်အထိ ရဝမ်ဒါ ဘာသာ စကားအရ တားမြစ် ကန့်သတ်ထားပေမယ့် ... အများက လက်ခံသုံးစွဲ ခဲ့တာကြောင့် အတည်ဖြစ်ခဲ့ပါတယ်။

တတိယအဆင့်ဖြစ်တဲ့ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်း (Dehumanization) ဖြစ်စဉ်ကတော့ အားကြီးတဲ့ အုပ်စုက အားနည်းတဲ့ အုပ်စုရဲ့ လူသား ဖြစ်တည်မှုကို ငြင်းဆန်ချင်လာရာကနေ စပါတယ်။ အမျိုးအစား ခွဲခြားပြီး အမည်တံဆိပ် တစ်ခုခု တပ်လိုက်တဲ့ အစုအဖွဲ့လေးတွေကို တိရစ္ဆာန်တွေ၊ ရောဂါသည်တွေ၊ အဆင့်နိမ့်သူတွေနဲ့ တတန်းတစား တည်းထားလိုက်ပြီး ... လူသား အဖြစ်ကနေ ယုတ်လျော့သူတွေအဖြစ် သတ်မှတ်လိုက်ကြပါတယ်။ လူဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်းဟာ ... သာမာန်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေထက် အများကြီးပိုဆိုးပါတယ်။ အဲဒီ့အဆင့်မှာဆိုရင် ... အမုန်းတရားကို တိုးပွားစေတဲ့၊ ဒေါသကို လှုံ့ဆော်ပေးတဲ့ ဝါဒဖြန့်စာတွေ၊ ပုံတွေ၊ အသံလွှင့်မှုတွေကို ခပ်များများ သုံးလေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ ... လူထုအနေနဲ့ မြင်ရကြားရသမျှတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု တွေကိုဦးတည်တဲ့ လှုံ့ဆော်မှုတွေ လား၊ အမှန်တကယ် လူထုကို ကာကွယ် စောင့်ရှောက်လိုစိတ်နဲ့ ပြောတာတွေလားဆိုတာကို ခွဲခြားတတ်ဖို့လိုပါတယ်။



လူမျိုးတုန်း သတ်ဖြတ်မှုတွေဖြစ်ကြတဲ့ လူ့အဖွဲ့အစည်းတွေမှာ ... လှုံ့ဆော်မှုတွေကို တန်ပြန်ချေဖျက် ပစ်နိုင်တဲ့ စည်းစနစ်ကျသော၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်သော ကာကွယ်မှု၊ သတင်း ထုတ်ပြန်မှုတွေ အားနည်းတာကို တွေ့ရပါတယ်။ လှုံ့ဆော်မှုတွေ တောက်လျှောက် လုပ်နေတဲ့ အမုန်းတရား တိုးပွားစေသော ဝါဒဖြန့်မှုတွေကို အမြန်ဆုံး တားမြစ်ကန့်သတ်နိုင်ဖို့ အရေးကြီးပါတယ်။ အမုန်းတရားနဲ့ ကျူးလွန်သော ရာဇ၀တ်မှုတွေ၊ ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်မှုတွေကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဖို့လည်း လိုအပ်ပါတယ်။

အမျိုးအစားခွဲခြားခြင်း၊ တံဆိပ်ကပ်ခြင်း၊ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းစတဲ့ အဆင့်တွေ နောက်မှာတော့ မိမိတို့ မဟုတ်သော အခြား အုပ်စုကို နှိပ်ကွပ်ဖျက်သိမ်းပစ်လိုတဲ့ အစုအဖွဲ့တစ်ခုခုက ... နောက်လာမယ့်အဆင့်တွေကို လုပ်နိုင်ဖို့အတွက် ... အခိုင်အမာဖွဲ့စည်းခြင်း (Organization) ဆိုတဲ့ အလုပ်ကို စလုပ်ပါတော့တယ်။ များသောအားဖြင့် ... လူမျိုးတုန်းသတ်ဖြတ်မှုတွေကို အစိုးရ တစ်ရပ်ရပ် (သို့မဟုတ်) အကြမ်းဖက် အုပ်စု တစ်ခုခုက စုစည်း ဆောင်ရွက်တာ ဖြစ်ပါတယ်။ ပြီးတော့ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန် ဖို့အတွက် တိုက်ခိုက်ရေး အစုအဖွဲ့လေးတွေဖွဲ့ပြီး လေ့ကျင့်ပေးတာမျိုး၊ လက်နက် တပ်ဆင်ပေးတာမျိုးတွေကို စတင်ဆောင်ရွက်ပါတယ်။ နောက်ပြီး ... လူမျိုးတုန်း သတ်ဖြတ်မှုတွေအတွက် အစီအစဉ်ကို စနစ်တကျ ရေးဆွဲပါတယ်။ ဒီလိုအဆင့်မျိုးကို ကာကွယ်ဖို့ကတော့ ... အဲဒီ့လို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး တရားဥပဒေအရ အပြစ်ပေးဖို့ပဲဖြစ်ပါတယ်။

အုပ်စုများ ခွဲထုတ်ခြင်း (Polarization) လို့ခေါ်တဲ့ဖြစ်စဉ်မှာတော့ ... အစွန်းရောက်တွေက အမုန်းတရားကို တိုးပွားစေတဲ့ ဝါဒဖြန့်မှုတွေကို သုံးပြီး အုပ်စုတွေ အများကြီးဖြစ်အောင် ခွဲထုတ်လိုက်ပါတယ်။ အချို့နိုင်ငံတွေမှာဆိုရင် ... လူမျိုးခြား မယူရ၊ လူမျိုးခြားနှင့် မဆက်ဆံရ စတဲ့ ဥပဒေတွေတောင် ထုတ်ပြန်လေ့ ရှိပါတယ်။ အစွန်းရောက်သမားတွေဟာ ... ကြားအမြင်ရှိသူတွေကိုလည်း ပစ်မှတ်အဖြစ် သတ်မှတ်ပါ တယ်။ ဒါကြောင့် ... ကြားအမြင်ရှိသူတွေကို ကာကွယ်ခြင်း၊ အစွန်းမရောက်သော သမာသမတ်ကျတဲ့ အမြင်မျိုးတွေကို များများပြန့်နှံ့ စေခြင်းနဲ့ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ပံ့ပိုးကူညီခြင်းအားဖြင့် ... အစွန်းရောက် အမြင်တွေကနေ ကင်းလွတ်နိုင်ပါတယ်။ အစွန်းရောက်သမားတွေဟာ ... ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ အစုအဖွဲ့ တစ်ခုခုကို သူတို့ရဲ့ ကွဲပြားခြားနားမှုတွေကို အကြောင်းပြု ခွဲခြားရွေးထုတ် (Identification) ပြီး သတ်ဖြတ်ရမယ့် စာရင်းကိုပါ ရေးဆွဲလေ့ရှိပါတယ်။



ကျူးလွန် ခံကြရတော့မယ့် လူအုပ်စုဟာ တံဆိပ်တစ်ခုခု ကပ်ခံရတာမျိုး၊ တစ်နေရာရာကို အတင်းပို့ ခံရတာမျိုးတွေ ဖြစ်လာပါတယ်။ နာဇီတွေ ဂျူးလူမျိုးတွေ အားလုံးကို ... ချွေးတပ် စခန်းတွေဆီ ပို့တာမျိုး၊ ဂတ်တိုလို့ ခေါ်တဲ့ သီးခြား ရပ်ကွက်တွေဆီပို့တာမျိုး၊ စားနပ်ရိက္ခာ ခေါင်းပါးပြီး ငတ်ပြတ် သေသွားနိုင်တဲ့ နေရာတွေဆီ အင်အားသုံး ပို့ဆောင်တာမျိုးတွေဟာ ခွဲခြားရွေးထုတ်ခြင်း (Identification) ရဲ့လက္ခဏာတွေဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ Genocide လို့ခေါ်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေဟာ လျှင်လျှင်မြန်မြန် တရားဝင် စတင်လာပါတော့တယ် ...။

ဒီဖြစ်စဉ်ကို သတ်ဖြတ်သူတွေ ဘက်ကတော့ သူတို့ရဲ့ ပစ်မှတ် သားကောင်တွေကို လူအဖြစ် မသတ်မှတ်တော့တာကြောင့် အမြစ်ဖြတ် ချေမှုန်းခြင်း (Extermination) လို့အမည်တပ်ကြပါတယ်။ အဲဒီ့လို အဖြစ်အပျက်မှာ ကျူးလွန်ခံရတဲ့ သူတွေဘက်က ရှိတဲ့အားနဲ့ ပြန်ပြီး တုံ့ပြန်တာမျိုးတွေ ဖြစ်လာတဲ့အခါ အပြန်အလှန် သတ်ဖြတ်မှုတွေ ဖြစ်လာပြီး နှစ်ဦးနှစ်ဖက် လူမျိုးတုံး သတ်ဖြတ်ခြင်း သံသရာထဲကို ကျရောက် သွားနိုင်ပါတယ်။



နောက်ဆုံး အဆင့်အနေနဲ့တော့ ... (Denial) လို့ခေါ်တဲ့ ငြင်းပယ်ဖုံးကွယ်ခြင်း အဆင့်ဖြစ်ပါတယ်။ ဒါဟာ လူမျိုးသုဉ်း သတ်ဖြတ်ခြင်း ဖြစ်စဉ်တွေ အပြီးမှာ ကျူးလွန်သူတွေတိုင်းလိုလို ပြုလုပ်တတ် ကြတဲ့အဆင့်ဖြစ်ပါတယ်။ သတ်ဖြတ်ခံရ သူတွေရဲ့ အသက်မဲ့ ခန္ဓာတွေကို ကျင်းကြီးတွေ တူးပြီး မြှုတ်နှံခြင်း၊ မီးရှို့ဖျက်စီးခြင်း၊ အထောက်အထားတွေကို ဖျောက်ဖျက်ခြင်း၊ မျက်မြင် သက်သေများအား ခြိမ်းခြောက် နှုတ်ပိတ်ခြင်း တွေကိုပြုလုပ်လေ့ရှိပါတယ်။ နောက်ပြီး ... သူတို့ဟာ သူတို့တွေ ပြစ်မှု ကျူးလွန်ခဲ့ကြတယ် ဆိုတာကို ငြင်းဆန်တတ်ကြပြီး ... အမြဲလိုလို အကျူးလွန် ခံရသူတွေအပေါ် ပြစ်တင် ပြောဆိုတာမျိုးတွေ လုပ်တတ်ပါတယ်။

ကျူးလွန်သူအများစုဟာ ... ပြဿနာကို အမြဲ ရှောင်လွှဲပြီး အခြားသူတွေအပေါ် ပုံချဖို့ကြိုးစား တတ်ကြပါတယ်။

ကျနော်တို့တိုင်းပြည်မှာ အခု ဖြစ်နေတဲ့ အဖြစ်အပျက်တွေဟာ ... လူမျိုးတုန်း သတ်ဖြတ်မှုတွေဆီ ဦးတည်သွားနိုင်လား ...။ ဦးတည်နေတယ် ဆိုရင်လည်း အဲဒီ့လို မဖြစ်ရအောင် ကျနော်တို့တွေ ဘယ်လို ကာကွယ်ကြမလဲ။ ကျနော်တို့ နိုင်ငံအနေနဲ့ အထက်မှာ ရေးထားတဲ့ အဆင့်တွေထဲက ဘယ်အဆင့်ကို ရောက်နေပြီလဲ ဆိုတာလေးကို အားလုံး ဝိုင်းစဉ်းစားကြည့်ကြဖို့ လိုမယ်ထင်ပါတယ်။ ဘယ်သူကမှ ဘယ်သူ့ကို အပြီးသတ် ချေမှုန်းပစ်ဖို့ မလိုအပ်ဘူးလို့ ကျနော် ယူဆပါတယ်။ ကိုယ့်လူမျိုးကို ချစ်ကြောင်း သေချာစေဖို့ ကျနော်တို့တွေ အခြားလူမျိုးတွေကို မုန်းတီးပြနေဖို့လည်း မလိုပါဘူး။

အခုလောလောဆယ် ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ကိုင်တွယ်ပုံ မှားယွင်းရင်ဖြစ်ဖြစ်၊ ပြဿနာရဲ့ အချိန်ကြာမြင့်လာပြီး အခြားသော ဒေသတွေကိုပါ ပြန့်ပွား ဆိုးဝါးလာရင်ပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံမှာ လူမျိုးတုန်း သတ်ဖြတ်မှု (Genocide) ဖြစ်စဉ် တစ်ခု ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် ... မြန်မာနိုင်ငံသား အမြောက်အများ သေကြေပျက်စီးခြင်းနဲ့အတူ ကမ္ဘာမှာ မြန်မာနိုင်ငံ သိက္ခာကျပါလိမ့်မယ်။ ကျနော်တို့တွေ အားလုံး ဘာပဲလုပ်လုပ် ... ကိုယ့်လုပ်ရပ်တစ်ခုခုဟာ တိုင်းပြည်ကို အန္တရာယ် တစ်ခုခုဆီ တွန်းပို့နေတဲ့ လုပ်ရပ်မျိုး ဖြစ်နေမလား၊ တိုင်းပြည်ကို အန္တရာယ်မကျရောက်အောင် ကာကွယ်တဲ့ လုပ်ရပ်မျိုးလားဆိုတာကို မှန်မှန်ကန်ကန် ဝေဖန်သုံးသပ်နိုင်ကြပါစေ။

ပြီးတော့ ... ကိုယ်ရေးသမျှ၊ ကိုယ်ပြောသမျှ၊ အွန်းလိုင်းပေါ်မှာ ကိုယ်တင်သမျှတွေကိုလည်း တာဝန်ယူတတ်ကြပါစေ။

ကျေးဇူးတင်ပါတယ်။

နေဘုန်းလတ်
Gregory H.Stanton, President, Genocide Watch ရဲ့ 8 Stages Of Genocide ကို ကိုးကားပါသည်။



http://www.facebook.com/nayplatt/posts/348153945253542


Write A Comment

Rohingya Exodus