Latest Highlight

တစ်ခုခုတော့ မှားနေပြီ (အောင်တင်)




အောက်က စာပိုဒ်နှစ်ပိုဒ်နှင့် လက်ခုပ်သံတွေကို ဖတ်ကြည့်ပါ။ တစ်ခုခုတော့ မှားနေပြီလို့ မထင်ဘူးလားဗျာ။

ရခိုင်ပြည်နယ် ဖြစ်နေတဲ့ကိစ္စနှင့် ကျနော်တို့ ရှင်းလင်းတဲ့နေရာမှာ ကျနော်တို့ရဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံရဲ့ အနောက်တံခါး ကျိုးပြီလို့ ကျနော်က ပြောချင်ပါတယ်။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

ရခိုင်အမျိုးသားတွေ ကာကွယ်စောင့်ရှောက်နေတဲ့ အနောက်တံခါးကြီး ကျိုးပြီ။ ကျနော်တို့ ရခိုင်တိုင်းရင်းသားများဖြစ်တဲ့ မြို၊ ကမီး၊ သက်တွေ စောင့်ရှောက်နေတဲ့ နေထိုင်နေတဲ့ အနောက်တံခါးကြီး ကျိုးသွားပါပြီ ခင်ဗျ။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

တစ်ခုခု မှားနေပြီလို့ မထင်သေးရင် အောက်မှာ ဥပမာ သုံးခုကို ဆက်ဖတ်စေချင်ပါတယ်။

၁။ ကျနော်တို့ အမိမြန်မာနိုင်ငံတော်ကြီး ထီးကျိုး စည်ပေါက် ကျွန်သဘောက်ဘဝ ရောက်ခဲ့ရတယ်။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

၂။ ကျုပ်တို့ မွန်နိုင်ငံတော်ကြီး ပျက်သုဉ်းခဲ့ရတယ်။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

၃။ ငါတို့ အဖရခိုင်နိုင်ငံတော်ကြီး ကျဆုံးခဲ့ရတယ်။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

ဒါတွေကတော့ လက်ခုပ်တီးစရာ မဟုတ်ဘူးဆိုတာ ရှင်းလှပါတယ်။

တစ်ကယ်တော့ အနောက်တံခါးကြီး ကျိုးသွားပါပြီလို့ ရခိုင်ဒီမိုကရေစီအဖွဲ့က ဦးလှမြင့်က ၂၀၁၂ခု ဇွန်လ(၁၁)ရက်နေ့တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ရွှေဂုံတိုင် ဒို့ရိုးရာစားသောက်ဆိုင်မှာ ကြီးမှူးကျင်းပသော လက်ရှိရခိုင်ပြည်အခြေအနေ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တဲ့အခါမှာ တက်ရောက်တဲ့ ပရိသတ်က ဝမ်းနည်း ကြေကွဲကြသင့်ပါတယ်။ ဘာကြောင့် တံခါးကြီးကျိုးသွားတာကို ပရိသတ်က လက်ခုပ်သြဘာ ပေးနေကြတာလဲ။ အထူးသဖြင့် ရခိုင်ရွာတွေ မီးရှို့ခံ၊ ရခိုင်တွေ အသတ်ဖြတ်ခံ၊ အနိုင်ကျင့်ခံ၊ ရခိုင်တွေ သောင်းနှင့်ချီ ဒုက္ခသည်အဖြစ် ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံဆင်းရဲဒုက္ခရောက်နေပြီး ပြည်တွင်း၊ ပြည်ပက အလှူငွေများ ကောက်ခံထောက်ပံ့နေရတဲ့ အခါမျိုးမှာ တံခါးကြီး ကျိုးသွားတာကို လက်ခုပ်သံ တစ်ဖြောင်းဖြောင်းနှင့် ကြိုဆိုလိုက်တာက တစ်ခုခုတော့ မှားနေပြီလို့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦး၊ ဦးကိုကိုကြီးအပါအဝင် တက်ရောက်ကြတဲ့ ခေါင်းဆောင်ကြီးများ မထင်မိကြဘူးလားဗျာလို့ မေးလိုက်ချင်ပါတယ်။

ရှင်းရှင်းပြောရရင် အခု ရခိုင်ပြည်မှာ ဘင်္ဂါလီတွေ အစုလိုက် အပြုံလိုက် ခိုးဝင်နေတာကြောင့် တားဆီးရင်းဖြစ်ရတာပါဆိုတဲ့ ဥပဒေမဲ့ အဓိကရုဏ်းတွေကို လုံးဝ ဘဝင်မကျပါ။ GDP ဘီလျှံတစ်ရာကျော်ရှိပြီး မြန်မာပြည်ထက် အပုံကြီး ပိုတည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်တဲ့ ဘင်္ဂလားဒက်ရှ်က ဘင်္ဂါလီတွေက GDP ဘီလျှံငါးဆယ်ကျော်သာရှိပြီး ပြည်တွင်းစစ်တွေအပြင် မတည်မငြိမ်ဖြစ်နေဆဲဖြစ်တဲ့ မြန်မာနိုင်ငံကို ပေါ်တာဆွဲခံ၊ အရိုက်ခံ၊ အဆဲအနှိမ်ခံဖို့၊ သူ့သမီး၊ သူ့မယား အနိုင်ကျင့်ခံရဖို့ ခိုးဝင်လာနေကြတယ်ဆိုတာက သဘာဝ ကျပါရဲ့လား။

အရင်ကာလကတည်းက တရားမဝင် ဝင်နေခဲ့တဲ့ ဘင်္ဂါလီတွေရှိရင် စိစစ်အရေးယူပြီး ပြန်မောင်းထုတ်လိုက်ပါ။ အခုဝင်လာနေတာရှိရင်လည်း တားဆီးပါ။ ဖမ်းပါ။ မောင်းထုတ်ပါ။ နောင်ဝင်လာမှာကိုလည်း အခုတည်းက ကြိုတင်စီစဉ် ကာကွယ်ပါ။ မြန်မာပြည်မှာ မြန်မာတိုင်းရင်းသားတွေအပြင် ဘယ်နိုင်ငံခြားသားမှ လွှမ်းမိုးလာမှာကို ကျနော်တို့လည်း မကြိုက်တာမို့ အနောက်ဖက်တံခါးကြီးကို ကာကွယ်နေတဲ့ ရခိုင်အမျိုးသားများကို အလေးအမြတ်ပြုပါတယ်။ ပူပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ မြန်မာမွတ်စလင်များက အချိန်မရွေး အဆင်သင့်ရှိပါတယ်။ သို့သော် ဘင်္ဂလားဒက်ရှ် ဒုက္ခသည်စခန်းမှာရှိတဲ့ ရခိုင်ပြည်က မွတ်စလင်တွေတောင် ကိုယ့်ရပ်မြေဖြစ်တဲ့ မြန်မာပြည်ကို လုံခြုံမှုမရှိလို့ မပြန်ရဲပါဘူးဆိုပြီး UNHCRနှင့် ဘင်္ဂလားဒက်အစိုးရကို အာခံငြင်းဆန်နေတဲ့ အချိန်မျိုးမှာ ဘင်္ဂလာဒက်ရှ်နိုင်ငံသား ဘင်္ဂါလီတွေက ပေါ်တာအဆွဲခံဖို့ မြန်မာပြည်ထဲ အစုလိုက် အပြုံလိုက် တရားမဝင် ခိုးဝင်နေပါတယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ကို အကာအကွယ်(Pretext)ယူပြီး ရခိုင်ပြည်နယ်တွင် လက်ရှိ တရားဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား မွတ်စလင်တွေကို မျိုးဖြုတ်ဖို့ အကွက်ဆင်လာခြင်း ဖြစ်တယ်ဆိုရင်တော့ . . . .

ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦး၊ ဦးကိုကိုကြီး၊ ဦလှမြင့်၊ ဦးကျော်မြင့်တို့ ခင်ဗျာ။ တစ်ခုခုတော့ အကြီးအကျယ် လွဲနေပါပြီ။

မေလ (၂၈)ရက် မသီတာထွေးကို ဘင်္ဂါလီ မွတ်စလင် သုံးယောက်က မုဒိန်းကျင့် သတ်တဲ့ နောက်နေ့ (၂၉)ရက်မှာ နစကက အရာရှိက မောင်းတောမှာ မွတ်စလင်အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်မှု ဖြစ်ပွါးခဲ့တယ်။ သွားတိုင်တာတောင် အရေးယူဟန် မတူပါဘူး။ ဘယ်မီဒီယာကမှလည်း ဗုဒ္ဓဘာသာ နစကက မွတ်စလင်အမျိုးသမီးကို မုဒိန်းကျင့်တယ်လို့ မဖေါ်ပြပါဘူး။ ဂျာမဏီမှာ တစ်ချိန်က ဂျူးတွေကို တိရစ္ဆာန်လို သဘောထားသလို သဘောထားနေကြပြီ တူပါတယ်။ ပြစ်မှုကျူးလွန်သူကို လူမျိုး မရွေး၊ ဘာသာ မရွေး ဥပဒေအရ ထိရောက်စွာ အရေးယူရမှာပါ။ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်အောင် ဖန်တီးသူများကို ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်သူဘဲဖြစ်ဖြစ် ထိရောက်စွာ အရေးယူရပါမယ်။

မြန်မာပြည်မှာ တိုင်းရင်းသား (၁၄၄)မျိုးလို့ သတ်မှတ်ခဲ့ဘူးတယ်။ နောက် ဗိုလ်ချုပ်မှူးကြီး စောမောင်က သူဖြုတ်ချင်တာ ဖြုတ်ပြီး ဒီမိုကရေစီ အစိုးရအဆက်ဆက်နှင့် မဆလ(၂၆)နှစ်လုံးလုံး နိုင်ငံခြားသားတွေလို့ဆိုခဲ့တဲ့ ကိုးကန့်တရုပ်တွေကို တိုင်းရင်းသားဖြစ်စေသတည်းဆိုပြီး တိုင်းရင်းသား (၁၃၅)မျိုး သတ်မှတ်လိုက်တယ်။ အခု ရွေးကောက်ပွဲ ကော်မရှင်က ဇိုမီးအပါအဝင် ဖြုတ်ချင်တာ ဖြုတ်ပြီး တိုင်းရင်းသား (၁၀၁)မျိုး ဖြစ်စေသတည်း လုပ်ပြန်တယ်။ ဇိုမီးတွေက ကန့်ကွက်တော့ တိုင်းရင်းသား (၁၀၂)မျိုး ဖြစ်စေသတည်းဆိုပြီး ဇိုမီးကို ပြန်ထည့်ပြန်တယ်။ နောက်ကန့်ကွက်သူတွေ ပေါ်လာရင်လည်း ပေါ်လာသလို ထပ်ပြင်အုံးမဲ့သဘော ဖြစ်နေတယ်။ ဘယ်မှာလဲ မူ။ ရှက်ရမှန်းလည်း သိကြဟန် မတူဘူး။

တိုင်းရင်းသား သတ်မှတ်မှုတွေ မှန်သမျှကို အစိုးရတွေကသာ မိမိသဘောနှင့် တစ်ဖက်သတ် ထင်သလို သတ်မှတ်ခဲ့တာချည်းဖြစ်ပြီး ပြည်သူလူထု၏ သဘောထား တောင်းခံမှု တစ်ခါဘူးမှ မရှိခဲ့ဘူး။ ဒါကြောင့် အင်မတန်နည်းတဲ့ လူနည်းစုဖြစ်တဲ့ ချင်းအမျိုးသား တစ်မျိုးထဲကို လူမျိုးကွဲ ငါးဆယ်ကျော်ဖြစ်ခဲ့ရတယ်။ ရိုဟင်ဂျာ တိုင်းရင်းသားဖြစ် မဖြစ် ကျနော်တို့ မြန်မာမွတ်စလင်တွေရဲ့ သဘောထားက ရခိုင်အပါအဝင် တိုင်းရင်းသားပေါင်းစုံ၏ သဘောထားနှင့် ထပ်တူဘဲ ဖြစ်တယ်။ သို့သော် အစိုးရလုပ်သူက သူထင်သလို တိုင်းရင်းသား ဖြစ်စေဆို ဖြစ်လိုက်၊ ပယ်စေဆို ပယ်လိုက်ဆိုတာမျိုး မဖြစ်ဖို့ လိုပါတယ်။ ဒါဟာ အမျိုးသားရေး၊ တိုင်းပြည် အချုပ်အခြာ၊ လုံခြုံရေး၊ တိုင်းပြည်အနာဂတ်နှင့် တိုက်ရိုက်ဆက်စပ်နေတာမို့ သမိုင်းပညာရှင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များအပါအဝင် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုရဲ့ ညှိနှိုင်းဆုံးဖြတ်ချက်အရသာ ဖြစ်သင့်တယ်။ အထူးသဖြင့် စစ်အာဏာရှင် (သို့မဟုတ်) စစ်အာဏာရှင်တစ်ပိုင်း အစိုးရများက ဖြစ်စေ၊ ပယ်စေဆိုတိုင်း ဖြစ်လိုက်၊ ပယ်လိုက် မဖြစ်သင့်ဘူး။

တစ်ဖန် လူမျိုး (၁၀၁)မျိုးလို့ ဘာလို့ သတ်မှတ်ရတာလည်းဆိုတာကို ဆန်းစစ်ဖို့လိုပြန်ပါတယ်။ (၁၀၁)ပါးသော ထီးဆောင်းမင်းတို့က ပဏ္ဍာကြို့ရတဲ့ မဟာသမ္မတမင်း၊ စကြာဝဋေးမင်း လုပ်ချင်လို့ တမင် ပုံစံသွင်းနေတာလားဆိုတာ သံသယဖြစ်စရာပါ။ ဒီလိုစီမံချက်မျိုးနှင့် မဟာလူမျိုးကြီးဝါဒကို အသက်သွင်းဖို့ ရည်ရွယ်ချက်က နောက်ကွယ်မှာရှိနေရင်တော့ ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် အင်မတန်အန္တရာယ်ကြီးပါတယ်။

နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဦး(မှူးဇော်)က ရိုဟင်ဂျာအကြမ်းဖက်သမားတွေ လက်နက်ကိုင် ကျူးကျော်ဖို့ လာနေပြီလို့ သူ့ဖေ့စ်ဘွတ်ကနေပြီး ဖွလိုက်ပါတယ်။ ဘင်္ဂလားဒက်နှင့် ဒီလောက်ဆက်ဆံရေး ကောင်းနေတဲ့အချိန်မှာ ဒီသတင်း မှန် မမှန်၊ မှန်ရင်လည်း ဘင်္ဂလားဒက်အစိုးရနှင့် ပူးပေါင်းကိုင်တွယ်ရမည့်အစား မှူးဇော်က လူသားချင်း စာနာမှုတွေ၊ လူ့အခွင့်အရေးတွေ လာမပြောနဲ့လို့ဆိုပြီး လူထုကို တာဝန်မဲ့ သွေးထိုးလှုံ့ဆော်ပေးခဲ့တယ်။ ဒီမိုကရေစီနိုင်ငံလို့ ကြွေးကျော်နေတဲ့ သမ္မရုံးက ညွှန်ကြားရေးမှူးဆိုတဲ့ ကြီးမားတဲ့ နိုင်ငံ့ဂုဏ်ဆောင် တာဝန်ကြီးကို ဂရုမထားဘဲ သူ့ကိုယ်သူ မော်စကိုမှာ ကျောင်းတက်နေတဲ့ ကျောင်းသားစစ်ဗိုလ်ကလေးလို ထင်ရာရေးပြီး ကိုယ်လွတ်ရုံးလို့ ရမယ်လို့ ထင်နေဟန်တူတယ်။ ကျနော်တို့ ခေါင်းဆောင်အချို့ကလည်း ပြသနာကို မြင်တဲ့အခါ တစ်ကွက်၊ နှစ်ကွက်၊ အလွန်ဆုံး ငါးကွက်လောက်ဘဲ ကြိုမြင်တတ်သူတွေဖြစ်ပြီး ဆယ်ကွက် အကွက်နှစ်ဆယ်ကို မမြင်တတ်တော့ သူတို့ဆင်တဲ့ အကွက်ထဲဝင်ပြီး သွေးဆူကာ ဆော်ကြ၊ ချကြ၊ သတ်ကြဖြစ်ကုန်တယ်။ ရခိုင်ပြည်သားတွေဖြစ်တဲ့ ရခိုင်နှင့် မွတ်စလင်တွေ အချင်းချင်းချကြတော့ နှစ်ဖက်စလုံး အထိနာကြတဲ့အပြင် ရခိုင်ပြည်ရဲ့ ဂုဏ်သတင်း၊ လုံခြုံရေး၊ စီးပွါးရေး လာရောက်မြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာတွေကို အကြီးအကျယ် ထိခိုက်စေပါတယ်။

အနှစ်နှစ်ဆယ်ကျော် ငြိမ်းချမ်းခဲ့တဲ့ ကချင်မှာလည်း ဒီမိုကရေစီအစိုးရဆိုသူ တက်လာမှဘဲ တစ်နှစ်ကျော်ကြာ စစ်ဖြစ်နေပြီး ဒုက္ခသည်က သိန်းဂဏန်းတောင် ကျော်ပြီဆိုတော့ တိုင်းပြည်မတည်ငြိမ်အောင်၊ ပြုပြင်ပြောင်းလဲမှုတွေ ဆက်မဖြစ်လာအောင် သွေးထိုးလှုံ့ဆော်နေသူများ ရှိနေသလားလို့ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဘန်ကောက် ကမ္ဘာ့စီးပွါးရေးညီလာခံမှာ Reckless Optimism လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့် သတိပေးခဲ့ပါသလဲ။ နိုင်ငံရေးအပြောင်းအလဲတွေကို လုပ်ခဲ့တယ်ဆိုတဲ့ ရုရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်အပါအဝင် အာဖရိကနိုင်ငံအများအပြားမှာ ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးအမြတ်ကို လူထုက အရိုးအရင်းတောင် အနိုင်နိုင် စုပ် ဆင်းရဲတွင်း နက်နေဆဲဖြစ်ပြီး၊ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို ဆက်လက်ထားရှိကာ Cronyism လို့ခေါ်တဲ့ လက်တစ်ဆုပ်စာ လူလည်အုပ်စုသစ်တစ်ခုနှင့် အစိုးရဟောင်း၊ စနစ်ဟောင်းကလူတွေ ပူးပေါင်းပြီး ခံစား၊ စံစား၊ ခွစားသွားမှာကို ဒေါ်အောင်ဆန်းစုကြည်က ကြိုမြင်လို့ဖြစ်တယ်။ အခုဆိုရင် ကချင်ကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ အလုပ်သမားကိစ္စ၊ လယ်မြေအသိမ်းခံရမှုတွေ၊ မီဒီယာ လွတ်လပ်မှု၊ တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီရေး၊ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးစတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအကုန် နောက်တန်းကိုရောက်သွားပြီး ဒီမိုကရေစီစနစ်မှာ မလိုလားအပ်ဆုံးဖြစ်တဲ့ မာရှယ်လောကိုတောင် လူထုက တောင့်တပေးရတဲ့ ဘဝမျိုးကို ရောက်သွားပါပြီ။ စာရင်းချုပ်ရင် ဒေါ်စုရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဆု လက်ခံမဲ့ နိုင်ငံခြားခရီးစဉ်ကိုပါ ထိခိုက်နိုင်တဲ့ ခဲတစ်လုံးနှင့် ငှက်အကောင်နှစ်ဆယ်လောက်ရသွားသလို ကြက်တွေပန်းတော့ ယာလည်းညက်ပြီး ဒိုင်က ပြန်စားမဲ့ ဇာတ်ကွက်ကို ကိုယ်က အလိုတူအလိုပါ ဝင်ကပေးနေသလို ဖြစ်နေပါပြီ။
အခြေအနေတွေ ပြန်တည်ငြိမ်လာပြီဆိုရင် မှူးဇော်အနေနှင့် လက်နက်ကိုင် ရိုဟင်ဂျာအကြမ်းဖက်သမားတွေ အစုလိုက် အပြုံလိုက် ဝင်လာနေပါတယ်ဆိုပြီး လူထုကို လှုံ့ဆော်ခဲ့တဲ့ မိမိစွပ်စွဲချက်ကို မှန်ကန်ကြောင်း သက်သေပြဖို့ လိုပါလိမ့်မယ်။ မပြနိုင်ရင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုးမှုကြောင့် သူကော၊ သူ့ဖေ့စ်ဘွတ်ကော သွေးစွန်းသွားပြီ ဖြစ်တယ်။ သမ္မတရုံး ညွှန်ကြားရေးမှူးကိုယ်တိုင်က တိုင်းပြည် မတည်ငြိမ်အောင် လှုံ့ဆော်မှုကြီးလည်းဖြစ်ပါတယ်။ အခုလို ကိုယ့်တိုင်းသူပြည်သားအချင်းချင်း အပြန်အလှန် မီးရှို့၊ အပြန်အလှန် သတ်ဖြတ်မှုတွေဖြစ်လာအောင် လှုံ့ဆော်ပေးနေတဲ့ နောက်ကွယ်က (Mastermind)အင်အားစုတွေဟာ အသုံးချခံ လက်တွေ့ပြစ်မှု ကျူးလွန်နေသူတွေထက် ပိုအပြစ်ကြီးပါတယ်။

တရားဥပဒေစိုးမိုးရေးဆိုတာ တိုင်းပြည်ကို လူက အုပ်ချုပ်တာ မဟုတ်ရပါဘူး။ မူက အုပ်ချုပ်ရမှာပါ။ ပါတီစုံဖြစ်တိုင်း ရွေးကောက်ပွဲတွေရှိတိုင်း ဒီမိုကရေစီနိုင်ငံ မဖြစ်လာပါဘူး။ ပါတီစုံ ရွေးကောက်ပွဲတွေ မှန်မှန်ကျင်းပနေတဲ့ အာဏာရှင်နိုင်ငံတွေ ရိုက်သတ်လို့တောင် မကုန်ပါဘူး။ မူ(Principle) ပေါ်မှာ မရပ်ဘဲ လူကြိုက်များရေးကို နေရာအတွက် လျှောက်လုပ်မဲ့သူတွေ များလာရင်တော့ ကျနော်တို့နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု မျှော်လင့်နေတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်မလာဘဲ ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်နိုင်ငံသာ ဖြစ်သွားပါလိမ့်မယ်။
လက်ရှိခေါင်းဆောင်များသည် မူပေါ်မှာ ကြံ့ကြံ့ခံ ရပ်မလား။ လူကြိုက်များတာ လိုက်လုပ်မလားဆိုတာ မိမိဖာသာ မေးခွန်းထုတ်ကြဖို့ လိုပါပြီ။

ပြည်သူ့လွှတ်တော် ဥက္ထဌကြီး သူရဦးရွှေမန်းက ကျနော်တို့ထဲမှာ မပြောင်းလဲလိုသူတွေ ရှိနေပါတယ်။ သူတို့အင်အားက အင်မတန် ကြီးပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ တိုက်ပွဲဝင် ခေါင်းဆောင်များအနေနှင့် မူပေါ်မှာ ကြံ့ကြံ့ခံရပ်ပြီး ဒီမိုကရေစီအုတ်မြစ်ကို အခိုင်အမာ ချမှတ်မလား။ ငါးပွက်ရာ ငါးစာချ၊ လူကြိုက်များ ပေါ်ပြူလာဖြစ်မဲ့လမ်းကို လျှောက်ရင်းနှင့် သဘောထားတင်းမာသူများနှင့် လက်တွဲမိပြီး အာဏာရှင်တစ်ပိုင်း ဒီမိုကရေစီနိုင်ငံတည်ထောင်ပြီး တိုင်းပြည်ကို လမ်းလွှဲ ချောက်ချလိုက်ကြမလားဆိုတာက ယနေ့ ကျနော်တို့အားလုံးအတွက် စိန်ခေါ်ချက်ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အနာဂတ် လမ်းကြောင်းကို ပုံဖေါ်ခြင်းဖြစ်ပါတယ်။
ဒီအတိုင်းဆို တစ်ခုခုတော့ အကြီးအကျယ် မှားနေပြီ ထင်တယ်ဗျာ။

အောင်တင်
ဇွန် (၁၂)၊ ၂၀၁၂


မှတ်ချက်။ ။ ဒီစာရေးတဲ့အခါ ခင်ဗျားကို ဘက်ပေါင်းစုံက ဝိုင်းတိုက်ကြမယ်ဆိုပြီး မိတ်ဆွေအချို့က မရေးဖို့ တားတယ်။ ကျနော်လည်း သိပ်ရေးချင်လှလို့တော့ မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းက “လူကြိုက်များတိုင်း တိုင်းပြည် ချောက်ထဲကျမဲ့လမ်းကို လိုက်မလုပ်နိုင်ဘူး” ဆိုတဲ့ စကားကို ဦးထိပ်ထားပြီး တိုင်းပြည်အတွက်၊ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုအတွက် အင်မတန် ရေးသင့်တယ် ထောက်ပြသင့်တယ်လို့ ယုံကြည်လို့ မှားနေတဲ့ လမ်းချောကို မလိုက်ဘဲ ကြမ်းပြီး အန္တရာယ်များနိုင်တဲ့ လမ်းမှန်၊ လမ်းကြမ်းကို ရွေးလိုက်ခြင်းဖြစ်ပါတယ်။ အချက်အလက်နှင့် ဆင်ခြင်တုန်တရားကို အခြေခံတဲ့ တုန့်ပြန် ဆွေးနွေးမှုများကို ကြိုဆိုပါတယ်။ ကျနော် မရေးတာကို အရေးလုပ်၊ ကျနော် မပြောတာကို အပြောလုပ်ပြီး ရိုင်းပြစွာ ဆွေးနွေးတာမျိုးကိုတော့ မကြိုဆိုပါ။

Write A Comment

Rohingya Exodus