Latest Highlight

ဒေါ်အာင်ဆန်းစုကြည် နော်ဝေးနဲ့ ဗြိတိန်ကို ဇွန်လအတွင်းသွားမည်

By သင်းသီရိ



ဓာတ်ပုံ ASSOCIATED PRESS


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ ထဲမှာ နော်ဝေနဲ့ ဗြိတိန်နိုင်ငံကို သွားမှာ ဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ် ပြည်ပကို ထွက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌလည်းဖြစ်၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် တဦး လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လထဲမှာ နော်ဝေနဲ့ဗြိတိန်နိုင်ငံကို သွားဖို့ စီစဉ်ထားလို့ NLD ပါတီက ပြောပေမယ့် ဘယ်ရက်သွားမလဲဆိုတာတော့ အတိအကျတော့ ထုတ် မပြောသေးပါဘူး။ ဒါပေမယ့် ဒီခရီးစဉ်ဟာ ၁၉၈၈ နှစ်ကစပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်လာပြီး ကတည်းက ဆိုရင် နှစ်ပေါင်း ၂၄ နှစ်တာတွင်း ပထမဆုံး နိုင်ငံခြားကိုထွက်မယ့် ခရီးစဉ်တခုလည်း ဖြစ်မှာပါ၊

နော်ဝေးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးကလည်း ဇွန်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် နော်ဝေလာလည်မယ် ဆိုတာကိုလည်း ထုတ်ဖော် ပြောဆိုထားသလို ဧပြီလ ၁၃ ရက်နေ့မှာ မြန်မာပြည်ကို ရောက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်နိုင်ငံ လာလည်ဖို့ ဖိတ်ထားတာပါ၊ ဟိုးအရင်ကတည်းကလည်း ဒေါ်အောင်ဆန်းစုကြည်က သူနိုင်ငံခြားခရီးစဉ်ရှိမယ်ဆိုရင် နော်ဝေနိုင်ငံကို အရင်လာမယ်လို့ ပြောထားတာပါ။

အခုလည်း သူ့ကို ၁၉၉၁ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ထားတဲ့ နော်ဝေနိုင်ငံကို အရင် သွားပြီးတဲ့နောက် ဗြိတိန်နိုင်ငံဘက် ခရီးဆက်မှာ ဖြစ်တယ်လို့ NLD ပါတီရဲ့ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒေါ်စုကပြောပါတယ်၊ ဇွန်လထဲမှာ နိုင်ငံခြားခရီးသွားဖို့ စီစဉ်ထားတယ်၊ နော်ဝေးကို သွားဖြစ်မယ်၊ UK ကို သွားဖြစ်မယ်။ အဲဒီလို ပြောပါတယ်။ အသေးစိတ်ကိုတော့ ကျနော်မသိဘူး။ ဒါပေမယ့် ဒေါ်စုပြောတဲ့ ထဲမှာ အောက်စ်ဖို့မှာ နှစ်စဉ်ကျင်းပနေတဲ့ အစည်းအဝေး၊ အဲဒီအစည်းအဝေးတက်ဖို့ရှိတယ် လို့တော့ ပြောတယ်။ အခက်အခဲ ရှိမယ် မထင်ပါဘူး”

လတ်တလောမှာတော့ နော်ဝေနဲ့ဗြိတိန်ခရီးစဉ်သာ သူ သိထားပြီး အမေရိကန်ဘက် လာမယ်၊ မလာဘူး ဆိုတာတော့ အတိအကျ မသိသေးဘူးလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီးလွှတ်တော်ကိုယ်စားလှယ်တဦးလည်း ဖြစ်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်မတက်ခင် ကျမ်းကျိန်လွှာမှာ ရွတ်ဆိုရတဲ့ ဖွဲစည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ပါမည်ဆိုတဲ့ အစား လေးစားလိုက်နာပါမယ်လို့ ပြောင်းလဲ ရွတ်ဆိုနိုင်ဖို့ ကို ကြိုးစားနေတာကြောင့် လာမယ့်ဧပြီလ၂၃ ရက်နေ့မှာ ပြန်ကျင်းပဖို့ရှိတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကိုတော့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD ကိုယ်စားလှယ်လောင်းတွေရော တက်ဖို့မသေချာတော့ပါဘူး။

“ကျန်းကျိန်ဆိုလွှာထဲက စကားလုံးတွေ ပြင်ဖို့ လိုပါတယ်။ အဲဒါကို ဘယ်လိုပြင်နိုင်မလဲဆိုတာ ကျနော်တို့တော့ စောင့်နေရတာပေါ့လေ။ အဲဒါလုပ်နိုင်တယ်၊ ကျန်းကျိန်ဆိုနိုင်တဲ့အဆင့်ရောက်ရင် တက်မှာပါ။ ၂၃ ရက်နေ့ရယ်လို့တော့ ကျနော်တို့ ပြောလို့ မရပါဘူး။”

မနက်ဖြန် ဧပြီလ ၁၉ ရက်နဲ့ ၂၀ မှာလည်း NLD ရွေးကောက်ခံကိုယ်စားလှယ်တွေ စုပေါင်းပြီးတော့လည်း NLD ရုံးချုပ်မှာ အစည်းအဝေးတစ်ခု ပြုလုပ်မှာ ဖြစ်ပါတယ်။

“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်ချင်းစီ သိသင့် သိထိုက်တာတွေကို အားလုံးဝိုင်းဝန်း ဆွေးနွေးကြမယ့်သဘောပါ။”

NLD ပါတီရဲ့ပြောခွင့်ရသူ ဦးဉာဏ်ဝင်းပါရှင်။ ဒီသတင်းနဲ့တဆက်တည်းပါပဲ ဒီကနေ့ ဧပြီလ ၁၈ ရက် ဗုဒ္ဓဟူးနေ့ မနက်ကလည်း NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ သက်ကြီးပူဇော်ပွဲလုပ်ခဲ့ပါတယ်ရှင်။


Source : VOA Burmese


Write A Comment

Rohingya Exodus