Latest Highlight

အလုပ်သမား အဖွဲ့အစည်းများ ဥပဒေနှင့်အညီ စတင် ဖွဲ့စည်းနိုင်

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ စောင့်ကြည့်ခြင်း ခံနေရသော မြန်မာနိုင်ငံတွင် အလုပ်သမား အဖွဲ့အစည်းများ ဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ တရားဝင် ဖွဲ့စည်းနိုင်ရန် အလုပ်သမား အဖွဲ့အစည်း ဥပဒေကို နိုင်ငံတော် သမ္မတက မတ်လ ၉ ရက်နေ့မှစ၍ အာဏာတည်ပြီ ဖြစ်ကြောင်း အမိန့် ကြေညာစာကို နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်လိုက်သည်။

အလုပ်သမား အဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်ရန် ယင်းဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား မှတ်ပုံတင် အရာရှိချုပ်အဖြစ် မတ်လ ၉ ရက်နေ့တွင် ခန့်အပ်လိုက်ကြောင်း ၎င်းတို့တွင် ထုတ်ပြန်ထားသည်။

အလုပ်သမား အဖွဲ့အစည်းကို ဖွဲ့စည်းသည့်အခါ အများဆန္ဒအရ အောက်ခြေအဆင့် အခြေခံ အလုပ်သမား အဖွဲ့အစည်း မှစ၍ မြို့နယ်အဆင့်ဆင့် အလုပ်သမား အဖွဲ့အစည်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အလုပ်သမား အဖွဲ့အစည်း၊ အလုပ်သမား အဖွဲ့ချုပ်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ကို အဆင့်ဆင့် ဖွဲ့စည်းနိုင်ကြောင်း၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အဖွဲ့ချုပ်ကို ဖွဲ့စည်းပြီးမှ အခြေခံ အလုပ်သမား အဖွဲ့အစည်းကို ဖွဲ့စည်း၍ မရကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေတွင် ဖော်ပြထားသည်။

အခြေခံ အလုပ်သမား အဖွဲ့အစည်းကို လုပ်ငန်း (သို့မဟုတ်) လုပ်ဆောင်မှု အမျိုးအစား အလိုက် သက်ဆိုင်ရာ လုပ်ငန်းတွင် အလုပ်လုပ်ကိုင် နေသည့် အလုပ်သမား အနည်းဆုံးဦးရေ ၃၀ အောက်ဖြင့် ဖွဲ့စည်းနိုင်ကြောင်း၊ အလုပ်သမား ၃၀ ဦးအောက်ရှိသော လုပ်ငန်း (သို့မဟုတ်) လုပ်ဆောင်မှုရှိ စုစုပေါင်း အလုပ်သမား၏ ၁၀ ရာခိုင်နှုန်းအောက် မနည်းသူများက ထောက်ခံလျှင် ဖွဲ့စည်းနိုင်ကြောင်း ယင်းဥပဒေတွင် ပါရှိသည်။

အလုပ်သမား အဖွဲ့အစည်းဥပဒေတွင် အလုပ်သမား လူတန်းစားများ၏ အခွင့်အရေးကို ကာကွယ်ပေးထားသည့် အချက်များ နည်းပါးနေကြောင်း၊ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများတွင် အလုပ်သမားများ ဆန္ဒပြလိုပါက အလုပ်သမား အဖွဲ့ချုပ်၊ အလုပ်ရှင်၊ ညှိနှိုင်း ဖြန်ဖြေရေး အဖွဲ့တို့ထံ ရက်ကြိုတင် အကြောင်းကြား ပြီးမှသာ ဆန္ဒပြရမည့် ဆိုသော အချက်မှာ ILO ဥပဒေများနှင့် မညီကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေတစ်ဦးက လက်ရှိ ထုတ်ပြန်လိုက်သော အလုပ်သမား အဖွဲ့အစည်းဥပဒေကို ထောက်ပြ ဝေဖန်သည်။

Source :The Voice Daily 

Write A Comment

Rohingya Exodus