Latest Highlight

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ရွေးကောက်ပွဲ စောင့်ကြည့်မည့် ကွန်ရက်ဖွဲ့

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၈၈မျိုးဆက်ကျောင်းသားများမှ ဦးဆောင်ကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ရက်ဖွဲ့စည်းပြီး စောင့်ကြည့် လေ့လာသွားမည်ဟု သိရသည်။

ကိုမင်းကိုနိုင်က ယခုရွေးကောက်ပွဲသည် ၎င်းတို့အနေဖြင့် မလွဲမသွေရင်ဆိုင်ရမည်ဖြစ်၍ ပန်းတိုင်တခု မဟုတ်သော်လည်း ဖြတ်သန်းရမည့် မှတ်တိုင်တခုဖြစ်သည်ဟု ပြောဆိုကာ “ရွေးကောက်ပွဲဟာ ဘယ်လောက် တရားမျှတသလဲ။ လွတ်လပ်ပြီး သန့်ရှင်းမှုရှိသလဲ ဆိုတာ စောင့်ကြည့်ဖို့ အထိုက်အလျှောက် တာဝန်ရှိတယ်လို့ ကျနော်တို့ ခံယူလို့ ဒီကွန်ရက်ကို ဖွဲ့စည်းထားပါတယ်” ဟု ပြောဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုကိုကြီး ရှင်းလင်းပြောဆိုနေစဉ် (ဓါတ်ပုံ အိမ့်ခိုင်ဦး)

ယခုလိုစောင့်ကြည့်လေ့လာရေးတွင် ၈၈မျိုးဆက်ချည်းသာ မလုံလောက်နိုင်ဟု နားလည်သဖြင့် ယခင်၂၀၁၀ ရွေးကောက်ပွဲတုန်းက စောင့်ကြည့်သည့် အတွေ့အကြုံရှိဖူးသူကို လက်ကမ်းပူးပေါင်းဖွဲ့စည်း သွားမည်ဟု ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ထိုသို့စောင့်ကြည့်လေ့လာရေး ကွန်ယက်မှ ရွေးကောက်ပွဲဥပဒေကို အခြေခံပြီး မဲရုံတွေရဲ့ မဲရလဒ်တွေ စောင့်ကြည့်လေ့လာသွားမည့်အပြင် ၈၈မျိုးဆက်အဖွဲ့မှ ရွေးကောက်ပွဲအပြီးတွင် သုံးသပ်ချက် စာတမ်းကို ထုတ်ပြန်သွားမည်ဟု ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၈၈ကျောင်းသားခေါင်းဆောင် ကိုကိုကြီးမှ ပြောသည်။

၎င်းက ယခုကြားဖြတ် ရွေးကောက်ပွဲသည် နေရာအရေအတွက်အရ ကြည့်ပါက ၄၈ နေရာသာရှိသဖြင့် လွှတ်တော် နေရာ တစ်ထောင်ကျော်နှင့်ယှဉ်ကြည့်လျှင် မပြောပလောက်သော်လည်း ထူးခြားသည့် ၀ိသေသ ရှိသည်ဟု ပြောဆိုသွားကာ “ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အရေးပါတဲ့ နိုင်ငံရေး အင်အားစုတွေ ပါဝင်ခြင်းမရှိပဲနဲ့ ကျင်းပခဲ့တယ်။ အခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပြန်လည်မှတ်ပုံတင် အရွေးခံမယ်ဆိုတော့ အရေအတွက်အရ မပြောပလောက်ပေမယ့် ၀ိသေသထူးခြားတဲ့ ရွေးကောက်ပွဲ လက်ခံထားခဲ့ပါတယ်” ဟု ပြောသည်။

ယခု ကွန်ရက်အနေဖြင့် မည်သည့်ပြည်ပ အဖွဲ့အစည်း၏ ထောက်ပံ့မှုကို လက်ခံရယူထားခြင်း မရှိပဲ စေတနာရှင် တဦးချင်း လှူဒါန်းထားသောငွေနှင့် စုဆောင်းထားသော ငွေများနှင့် အကန့်အသတ်ထား လုပ်ရမည်ဖြစ်သည်ဟု ဌင်းက ရှင်းလင်းပြောဆိုခဲ့သည်။

မတ်လ ၂၄ရက်နေ့မှ စတင်ကာ စေတနာ့ဝန်ထမ်း စောင့်ကြည့်သူများမှ စောင့်ကြည့်လေ့လာရေး ကွန်ရက်ထံသို့ ဆက်သွယ်သတင်းများပေးပို့နိုင်ရန် စီစဉ်ထားသည်ဟုသိရသည်။

အဆိုပါရွေးကောက်ပွဲ ကော်မရှင်တွင် စောင့်ကြည့်လေ့လာသူများမှာ နယ်ခံများဖြစ်ပြီး ယခုလို ပြည်သူများထဲမှ စောင့်ကြည့်လေ့လာမှု ပြုခြင်းသည် ပြည်သူများကိုယ်တိုင် ပါဝင်လာသည့် တရားမျှတသော ရွေးကောက်ပွဲဖြစ်လာရန် ရည်ရွယ်ချက်ဖြစ်သည်ဟု သိရသည်။

“ လုပ်ရတဲ့ရည်ရွယ်ချက်က ပါတီအောင်နိုင်ရေး အတွက် မဟုတ်ပါဘူး။ ပါတီအသီးသီးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေနဲ့ပါ အတတ်နိုင်ဆုံး ကျနော်တို့ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်သွားမှာပါ။ တဖက်က ရွေးကောက်ပွဲ ကြီးကြပ်တဲ့ ပုဂ္ဂိုလ်တွေ နိုင်ငံရေး အကြီးအကဲပုဂ္ဂိုလ်တွေကို အသိပေးချင်တာက ကျနော်တို့ ဆောင်ရွက်ခြင်းဟာ ဒီရွေးကောက်ပွဲ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်”လို့ ကိုကိုကြီးမှ ပါတီအောင်နိုင်ရေးနှင့် ကင်းရှင်းသည့်အချက်ကို ရှင်းလင်းပြောဆိုသွားသည်။



ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးကွန်ရက်သတင်းစာရှင်းလင်းပွဲ



ကိုမင်းကိုနိုင်ပြောကြားချက်

ကျွန်တော်တို့ လွတ်လာပြီး ၂လ ၀န်းကျင်မှာ ပြည်သူတွေကနေ သူတို့ရဲ့ နစ်နာမှု၊ ဆုံးရှုံးမှုတွေကို လာပြီးတိုင်ပင်ကြတာရှိပါတယ်။ ရွေးကောက်ပွဲဟာ မလွဲမသွေရင်ဆိုင်ရမယ့် နိုင်ငံရေးဖြတ်သန်းမှုတစ်ခုဖြစ်ပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုကွန်ရက်နဲ့ ပက်သက်ပြီး အကန့်အသတ်ရှိပါတယ်။ ကျွန်တော်တို့ဟာ တရားမျှတမှု၊ လွတ်လပ်မှု၊ သန့်ရှင်းမှုကို လိုလားတဲ့အတွက် လာမယ့် ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ ကွန်ရက်ဖွဲ့စည်းရာမှာ ၈၈ မျိုးဆက်နဲ့တင် မလုံလောက်တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အတွေ့အကြုံရှိခဲ့တဲ့ ရွေးကောက်ပွဲစောင့်ကြည့်တဲ့ လူငယ်များနဲ့ ပူပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။ မီဒီယာသမား များအနေနဲ့ မီဒီယာလွတ်လပ်ခွင့်ကို အထိုက်အလျောက်ရထားပြီးတဲ့သူများဖြစ်တဲ့အတွက် ရွေးကောက်ပွဲရဲ့ မတရားမှုဖြစ်စဉ်များကို ဖော်ထုတ်ရေးသားကြပါလို့ ပြောကြားချင်ပါတယ်။



ကိုလှမျိုးနောင်ပြောကြားချက်

နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ရွေးကောက်ပွဲဟာ အရေးပါတယ်လို့ ဆိုကြပါတယ်။ ဒီမိုကရေစီကို လက်တွေ့ဆောင်ရွက်မယ်ဆိုရင် ဒါတွေဟာ အရေးပါပါတယ်။ ဒါကြောင့် ဒီကွန်ရက်ကို လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။

ကိုကိုကြီး ပြောကြားချက်

အားလုံးပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။ တကယ်လုပ်မယ်ဆိုရင် အချိန်ဟာ အနည်းဆုံး တစ်လလောက်လိုအပ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ရွေးကောက်ပွဲနဲ့ နှစ် ၂၀ ကျော်အလှမ်းဝေးခဲ့သူများဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ကျွန်တော်တို့အားလုံး ထောင်ထဲရောက်နေကြတဲ့အတွက် ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး။ လွှတ်တော်တစ်ခုလုံးအနေနဲ့ ၄၈ နေရာဆိုတာ ဘာမှမပြောပလောက်ပေမယ့် ကျွန်တော်တို့လက်မခံခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို ရင်ဆိုင်ခဲ့ပြီး ၂၀၁၂ မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံမယ်ဆိုတာဟာ ထူးခြားတဲ့ဝိသေသတစ်ခု အဖြစ်လက်ခံထားပါတယ်။ ပြီးခဲ့တဲ့ ကျွန်တော်တို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါဟာ ပါတီတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးရဲ့ အောင်နိုင်ရေးမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ၀ိုင်းဝန်းပံ့ပိုးသွားမှာပါ။ ရွေးကောက်ပွဲနဲ့ပက်သက်ပြီး ၈၈ မျိုးဆက်တွေက စာအုပ်ဖတ်တဲ့ အတွေ့အကြုံပဲရှိတဲ့အတွက် လက်ရှိဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။ လက်တွေ့လုပ်ဆောင်မှုအပိုင်းကို တော့ လက်ရှိဆောင်ရွက်နေတဲ့သူတွေက ဆက်လက်ရှင်းပြသွားမှာဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ မဲအနိုင်အရှုံးထက် ဒီမိုကရေစီအုတ်မြစ်ချဖို့ အားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးအတွက် စပြီးတာထွက်တဲ့ ခြေလှမ်းဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လောက်လွတ်လပ်မှု တရားမျှတမှု ရှိ၊ မရှိဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်တဲ့နေရာမှာ အချိန်၊ သတင်းအချက်အလက်ရနိုင်တဲ့ အရင်းအမြစ်၊ ငွေပမာဏလိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းရဲ့ထောက်ပံ့မှုကိုမှ လက်မခံဘဲ စေတနာရှင်ပြည်သူတွေရဲ့တစ်ဦးချင်းလှူဒါန်းငွေနဲ့သာ ကျန်ရှိနေတဲ့ အချိန်တစ်ပတ်အတွင်း တစ်နိုင်တစ်ပိုင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အခုလိုလုပ်ဆောင်ခြင်းဟာ နောင်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် အတွေ့အကြုံကောင်းတွေ ရလဒ်ကောင်းတွေ ပေါ်ထွက်လာဖို့ဖြစ်ပါတယ်။ သတင်းမီဒီယာများ၊ ပါတီများအားလုံး နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း ကျွန်တော်တို့ဒီကွန်ရက်ကိုဖွဲ့စည်းရခြင်းဟာ မည့်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းကိုမှ နှောင့်ယှက်လိုတဲ့ဆန္ဒလုံးဝ လုံးဝမရှိပါ။ လာမယ့် ၂၀၁၂ ခုနှစ်ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာ၊ အရည်အသွေးကိုမြှင့်တင်ဖို့နဲ့ နောင်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပိုပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲတစ်ခု ပြုလုပ်နိုင်ဖို့သာ ရည်ရွယ်ပါတယ်။

နောက်တစ်ချက်က အစိုးရအနေနဲ့ ပြည်ပရွေးကောက်ပွဲစောင့်ကြည့်သူများကို ၀င်ရောက်ခွင့်ပြုခဲ့ပြီးတဲ့အတွက် ပြည်တွင်းမှာရှိတဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် စိတ်ဓာတ်ရေးရာအရ မြှင့်တင်ဖို့ ကွန်ရက်ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။

ကိုဝင်းကျော်

ရွေးကောက်ပွဲပြီးရင် ၈၈ မျိုးဆက်ရဲ့ သုံးသပ်ချက်အစီရင်ခံစာထွက်လာမှာပါ။ အရပ်သားလေ့လာသူတွေကို အခြေပြုပြီး သတင်းအချက်အလက်တွေကို ရယူသွားမှာပါ။ ရွေးကောက်ပွဲနဲ့ပက်သက်ပြီးပညာပေးမှုတွေ အားနည်းချက်၊ အားသာချက်၊ သတင်းပေးပို့ချက်လွဲမှားမှုရှိ၊ မရှိတွေဟာ ပြီးသိသာလာပါလိမ့်မယ်။ မီဒီယာများအနေနဲ့လည်း မီဒီယာများအနေနဲ့လည်း တက်နိုင်သမျှဖော်ပြကြလို့ တိုက်တွန်းလိုပါတယ်။

ကိုမောင်မောင်စိုး

ရွေးကောက်ပွဲစောင့်ကြည့်မယ်ဆိုရင် ဘယ်လိုစောင့်ကြည့်မလဲ၊ ဘာနဲ့စောင့်ကြည့်မလဲဆိုတာရှိပါတယ်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေကို အခြေခံပြီးစောင့်ကြည့်မှာပါ။ စောင့်ကြည့်သူတွေရဲ့ ကျင့်ဝတ်တွေကလည်း အရေးကြီးပါတယ်။

ကိုတင်မောင်ထွေး

ရွေးကောက်ပွဲစောင့်ကြည့်မှုကို ရွေးကောက်ပွဲအကြို၊ ရွေးကောက်ပွဲနေ့၊ ရွေးကောက်ပွဲအပြီးလို့ အပိုင်း ၃ ပိုင်းထားပြီး လုပ်ဆောင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဖြစ်ပွားလာတဲ့ အဓိကရုဏ်းတွေ၊ မဲလိမ်မှုတွေ၊ မတရားသဖြင့်မဲဆွယ်မှုတွေ မဲနိုင်မှုအပေါ် တရားမှု၊ မတရားမှုများကို ဖော်ထုတ်သွားမှာဖြစ်ပါတယ်။

ကိုကျော်စွာမင်း (ရန်ကုန်မီဒီယာ)၏ မေးမြန်းချက်

ရွေးကောက်ပွဲစောင့်ကြည့်ရေးကွန်ရက်မှာ ကွန်ရက်တွေကို ဘယ်နှစ်ခုလောက်ချိတ်ဆက်ထားလဲ။ ၄၈ နေရာအတွက် လုံလောက်ရဲ့ လား။

ကိုမောင်မောင်စိုး ဖြေကြားချက်

၄၈ နေရာအတွက် ကိုယ်စားလှယ်တစ်ယောက်စီချိတ်ဆက်ထားပါတယ်။

ကိုကျော်စွာမင်း (ရန်ကုန်မီဒီယာ)၏ မေးမြန်းချက်

နိုင်ငံရေးပါတီတွေနဲ့ချိတ်ဆက်ထားပြီးပြီလား။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရောပါလား

ကိုကိုကြီး၏ ဖြေကြားချက်

ဘယ်ပါတီကိုမှ ချန်မထားပါဘူး။ အားလုံးလိုက်ပေးနေပါတယ်။ ၄၈ နေရာလုံးအတိအကျဖြစ်ဖို့တော့ အခက်အခဲရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အနုစိတ်လုပ်နိုင်မယ့်နေရာတွေကို အဓိကထားပြီး ကျန်တဲ့နေရာတွေအတွက် ရလာတဲ့သတင်းအချက်အလက်တွေ ကို ခြုံငုံပြီး သုံးသပ်ချက်ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

၂၄-၃-၁၂ မှစပြီး ၂-၄-၁၂ အထိ နေ့စဉ် နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ (တစ်နေ့ ၁၈ နာရီ) ဖေ့စ်ဘုတ်ကနေ ချက်ချင်းသတင်းထုတ်ပြန်ပြီး တင်ပြသွားမှာဖြစ်ပါတယ်။ သတင်းအချက်အလက်တွေကို ဖုန်းတွေကနေတစ်ဆင့် လက်ခံရယူသွားမှာဖြစ်ပါတယ်။

www.facebook.com/ ရွေးကောက်ပွဲစောင့်ကြည့်မည့်သူများ မှာလည်းကြည့်နိုင်ပါတယ်။

မအိမ့်ခိုင်ဦး (YPI) ၏ မေးမြန်းချက်

၄၈ နေရာမှာ စောင့်ကြည့်မည့်သူများကို လျှို့ဝှက်ထားမှာလား။

ကိုကိုကြီး၏ ဖြေကြားချက်

နယ်ကိုယ်စားလှယ်တွေဆီကနေ တက်လာတဲ့သတင်းတွေကို လက်ခံပြီး အတက်နိုင်ဆုံး မှန်ကန်တဲ့သတင်းတွေကို ထုတ်ပြန်သွားမှာပါ။

နေထွန်းနိုင်(Eleven Media Group)၏ မေးမြန်းချက်

ရီပို့စ်ကို ဘယ်အချိန်ထုတ်ပြန်မှာလဲ။ မတရားမှုတွေကို တွေ့ရင်ဘာလုပ်မှာလဲ။

ကိုဝင်းကျော်၏ ဖြေကြားချက်

ရွေးကောက်ပွဲအပြီး တစ်လအကြာမှာ အချောသတ်သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ မတရားမှုတွေနဲ့ပက်သက်ပြီး နိုင်ငံတကာကိုတင်ပြသွားမယ်၊ ပြည်သူတွေကိုလည်း ထုတ်ပြန်တင်ပြသွားမယ်။ အရေးယူခြင်းနဲ့ပက်သက်ပြီးကျွန်တော်တို့နဲ့မဆိုင်ပါဘူး။ မတရားမှုတွေနောင်မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြံပြုချက်ကိုသာတင်ပြသွားမှာဖြစ်ပါတယ်။

ကိုကိုကြီး၏ ဖြေကြားချက်

ရွေးကောက်ပွဲစောင့်ကြည့်ရာမှာ မသမာမှုတစ်ခုတည်းကို ထုတ်ပြန်မယ်ဆိုရင် ပါတီတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို တိုက်ခိုက်တယ်လို့ တစ်ချို့က ယူဆကြတဲ့အတွက် မသမာမှုတစ်ခုတည်းသာမဟုတ်ဘဲ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အသိပညာပိုင်း၊ ပါတီတွေ မဲဆွယ်စည်းရုံးမှုပိုင်း၊ ကော်မရှင်တွေ၊ မဲရုံတွေ၊ မဲရုံမှူးတွေပက်သတ်ပြီး အားနည်းချက်၊ အားသာချက်တွေကို ပြည်သူအားလုံး သိရှိအောင် ဖော်ပြသွားမှာဖြစ်ပါတယ်။ သိသာမြင်သာတဲ့ အားနည်းချက်တွေကိုလည်း ထောက်ပြသွားမှာဖြစ်ပါတယ်။ မသမာမှုအပိုင်းမှာ တော့ သက်ဆိုင်ရာပါတီတွေက ဥပဒေကြောင်းအရ ဆောင်ရွက်သွားရမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ယေဘုယျအကြံပြုချက်တွေကို ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

ကိုမိုးမင်း (News Watch Journal) ၏မေးမြန်းချက်

ထွက်ပေါ်လာတဲ့သတင်းမှန်၊ မမှန်ဘယ်လိုစိစစ်မှာလဲ။

ကိုဝင်းကျော်၏ ဖြေကြားချက်

ပထမဆုံး ရလာတဲ့သတင်းတွေကို အမြန်ဆုံးစိစစ်ပြီး ပြည်သူ့ရင်ဖွင့်လွှာအနေနဲ့ တင်ပြမှာဖြစ်ပါတယ်။ ရီပို့စ်ရေးတဲ့အခါမှာ သေချာစိစစ်ပြီး အကြမ်းကို ရွေးကောက်ပွဲအပြီး ၁ ပတ်အတွင်း ထုတ်ပြပြီး အချောကိုတော့ ၁ လ အတွင်းထုတ်ပြန်မှာဖြစ်ပါတယ်။ သတင်းပေးပို့တဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုတော့ ကျွန်တော့်တို့ဆီမှာပဲ ထိန်းသိမ်းထားမှာပါ။

ကိုကျော်စွာမင်း (ရန်ကုန်မီဒီယာ) ၏ မေးမြန်းချက်

ပြည်ပရွေးကောက်ပွဲစောင့်ကြည့်သူတွေနဲ့ ချိတ်ဆက်ဖို့ ဆန္ဒရှိပါသလား။

ကိုကိုကြီး၏ ဖြေကြားချက်

ဘယ်သူနဲ့မဆိုချိတ်ဆက်လာရင် လက်ခံမှာပါ။ ခက်တာက ဘယ်သူလာမယ်ဆိုတာ အခုထိ မသိရသေးပါဘူး။ ပြည်ပစောင့်ကြည့်သူ တွေရဲ့ သတင်းအချက်တွေကိုပဲယူရရမယ်ဆိုရင် နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်မဲ့ရာကျမှာမို့ ကျွန်တော်တို့ကိုယ်တိုင် စောင့်ကြည့်ဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။ မီဒီယာသမားများအနေနဲ့နည်း ရွေးကောက်ပွဲနဲ့ပက်သက်ပြီး ကျွန်တော်တို့ရဲ့ ပထမဆုံးခြေလှမ်းဖြစ်လို့ ၀ိုင်းပြီးကူညီပေးကြပါ။ ကျွန်တော်တို့အနေနဲ့လည်း အတက်နိုင်ဆုံးအတည်ပြုနိုင်တဲ့ ကိစ္စသိသာမြင်သာတဲ့ အချက်အလက်မျိုးတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးကွန်ရက်ကို အမျိုးသားရေးလုပ်ငန်းတစ်ခုအနေနဲ့ ပြည်သူအားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါလို့ ပြောကြားပါတယ်။

Source :YPI

Write A Comment

Rohingya Exodus