Latest Highlight

လွတ်ငြိမ်းချမ်းသာခွင့်သို့မဟုတ် ကြေမွသွားသော အိပ်မက်များ(အပိုင်း- ၁-၂)

လွတ်ငြိမ်းချမ်းသာခွင့်သို့မဟုတ် ကြေမွသွားသော အိပ်မက်များ(အပိုင်း- ၁)

အချိန်က ၁၉၈၀- နေရာ- အင်းစိန်ထောင်။

ထွန်းအောင်ကျော်တယောက် နေမကောင်းသဖြင့် ဆေးရုံတက်နေရသော ငယ်သူငယ်ချင်း ရဲမြင့်သိန်းရှိရာ ထောင်ဆေးရုံသို့ ထွက်လာခဲ့သည်။ အချိန်က နေ့လည်ခန့်တော့ ရှိပေလိမ့်မည်။

ရဲမြင့်သိန်းကို ကုတင်ပေါ်တွင် ပက်လက်တွေ့လိုက်ရသည်။ “သူငယ်ချင်း စိတ်မလျော့နဲ့၊ ငါတို့ ငါးနှစ်ပြည့်ရင် လွှတ်မယ်လို့ ငါပြောထားတယ် မဟုတ်လား၊ ငါးနှစ်ပြည့်ခါနီးပြီ” ဟု အားပေးတော့ ရဲမြင့်က ပြုံးပြီး “မင်း ဒီလိုဘဲ ပြောနေတာဘဲ လွတ်မယ်မထင်ပါဘူးကွာ” လို့ အားလျော့သံနဲ့ ပြောသည်။

“အေးပါကွာ စိတ်မလျော့ပါနဲ့ လွတ်မှာပါ၊ တကယ်ပါကွ၊ ယုံလိုက်စမ်းပါ” ဟု သူငယ်ချင်းကို အားပေးမိသည်။ ထို့နောက် အခန်းထဲမှ ထွက်လာပြီး ဆေးရုံဝင်း ထွက်ပေါက်သို့ လှမ်းလာခဲ့သည်။ ရင်ထဲတွင် သူငယ်ချင်းအတွက် စိတ်မကောင်း၊ မသေနိုင်ပါဘူးဟု အားပေးမိသည်။

“ကိုထွန်းအောင်ကျော်! ကိုထွန်းအောင်ကျော်! ဆေးမှူးကိုဘသန်းက လှမ်းခေါ်သည်။ လှည့်ကြည့်လိုက်တော့ သူ့ဆေးခန်း ပြူတင်းပေါက်မှ လက်ယပ်ခေါ်နေသည်။” “မြန်မြန်မာလာဗျို့ ခင်ဗျားတို့အတွက် သတင်းပါတယ်” ဟု အော်ပြောသဖြင့် ပြေးသွားမိသည်။

“နားထောင် နားထောင်” ဟု ကိုဘသန်းက ပြောသည်။ သူ့မျက်နှာတွင် ဝမ်းသာနေသည့် အသွင်ကို ဆောင်နေသည်။ ထွန်းအောင်ကျော် ရေဒီယိုမှ ပြောသံကို နားစိုက်ထောင်လိုက်သည်။ “နိုင်ငံတော် အစိုးရမှ ယနေ့မှ စ၍ နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်။ ထုတ်ပြန်ချက် ၂/ ၈၀ အရ နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပြီး ရာဇဝတ်အကျဉ်းသားများကို ၃ ပုံ ၂ ပုံ လျော့ရက်ပေးလိုက်သည်” ဆိုသည့် အသံသည် ထွန်းအောင်ကျော် နားတွင်းသို့ သကာရည်အလား ချိုမြစွာ စီးဆင်းလို့ သွားသည်။ ကိုဘသန်းကို ကျေးဇူးတင်စကား ကမန်းကတန်းပြောပြီး ရဲမြင့်ရှိရာ လူနာဆောင်သို့ ဒုန်းစိုင်းပြေးလာခဲ့သည်၊ ပျော်လိုက်သည့် ဖြစ်ခြင်း။ “ငါတို့ လွတ်ပြီကွ၊ ငါတို့လွတ်ပြီ” ဟု ရင်တွင်းမှ လှိုက်လှဲစွာ မြည်ဟိန်းနေခဲ့သည်။ ရဲမြင့်ကုတင်ရှေ့ရောက်တော့

“ဟေ့ကောင် ကုလားမ ငါတို့ လွတ်ပြီကွ၊ ငါမပြောလား၊ ငါတို့ ငါးနှစ် မနေရပါဘူးလို့” ဟု ဝမ်းသာအားရ ပြောမိသည်။ ရဲမြင့်က မချိုမချဉ် ပြုံးပြီး “ငါတော့ မပျော်ဘူးကွာ” ဟု ဆိုသည်။ “ဘာလို့တုန်းကွ” ဟု မေးတော့ “ငါအသဲရောင်နေတော့ လွတ်ရင် အရက်သောက်လို့ ရမှာ မဟုတ်ဘူး” ဟု ညဉ်းပြသည်။

“ခွေးမသား အရေးထဲ အရက်မသောက်ရမှာ စိတ်ညစ်နေရသေးတယ်” ပြောပြောဆိုဆို သူငယ်ချင်းနှစ်ယောက် ပျော်မြူးနေကြသည်။ ထိုနောက် ရဲမြင့်ကို ထားခဲ့ပြီး (၃) ဆောင်သို့ ပြန်ပြေးသည်။ ဟိုရောက်တော့ ရဲဘော်တွေအားလုံးကို ကြားခဲ့သည်ကို အော်ဟစ်ပြောဆိုရင်း အားလုံး တဝုန်းဝုန်းနှင့် ဖြစ်ကုန်ကြသည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ကသူက ကသည်၊ ဂျွမ်းထိုးသူက ထိုးသည်။ အပျော်ဆုံးနေ့ဆိုသည်က ဒီလိုနေ့ပါဘဲဟု ဆိုရမလိုပင် ဖြစ်သည်။

ရှင်လိင်ပြန်သောနေ့၊ အိမ်ထောင်ကျသောနေ့၊ ထောင်မှလွတ်သောနေ့ဆိုသည့် နေ့သုံးနေ့သည် အပျော်ဆုံးနေ့များ ဖြစ်သည်ဟု ဆိုကြသည်။ ယနေ့ မြန်မာပြည်တွင် ကိုရင်များ ရှင်လိင်ပြန်သောနေ့သည် အပျော်ဆုံးနေ့အဖြစ် မသတ်မှတ်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ် ကိုရင်ဝတ်ခြင်းသည် ဟိုရှေးယခင်က ကိုရင်ဝတ်ပုံ အကွာခြားကြီးကွာခြားလို့ နေခဲ့ပြီဖြစ်သည်။

ရှေးခေတ်က ကိုရင်ဝတ်လျင် မိဘက ဥပဇ္ဇာယ်ဆရာတော်ထံ အပ်ရသည်၊ ဆရာတော်က “ဒီကိုရင်ဟာ သာသနာပိုင်သွားပြီ မင်းတို့နှင့် မဆိုင်တော့” ဟု ပြောလွှတ်လိုက်သည်။ မိဘကလည်း ဆရာတော့်ကို အပြီးအပ်ပြီး ဆရာတော် သဘောဟု လက်ခံရသည်။ လက်မခံသော မိဘ၏ သားသမီးကို ဆရာတော်က ကိုရင်စည်းမပေး။ ထို့ကြောင့် ထိုခေတ်က ကိုရင်ဘဝရောက်သည်နှင့် မိဘက လာရောက်လှူဒါန်းကူညီခြင်းမှ အပ အစစအရာရာ ဆရာတော်ကသာ ကိုရင်များကိုပိုင်သည်။ ကိုရင်တွေ သာသနာမှာ မပျော်ပိုက်ဘဲ မိဘထံ ဘယ်လောက်ပြန်ချင်ပြန်ချင် ဆရာတော်က ဟင့်အင်းဆိုလျှင် မပြန်နိုင်ကြ၊ ကြိတ်ငိုသူငို၊ မိဘများကို ကြိတ်ပြီး ဆရာတော်ကို လျှောက်ပေးပါဟု ပူဆာသူက ပူဆာ။ ဆရာတော်က ခွင့်မပြုလျှင် မိဘလည်း မတတ်နိုင်ကြ။

ဆရာတော်က အေး မင်းတို့ သဂြိုဟ်၊ ပရိတ်ကြီး၊ ကိန်းဂဏန်း ဒူးဂဏန်း အကုန်ရအောင်ကျက်၊ ရတဲ့ ကိုရင်ကို ပြန်ခွင့်ပြုမယ်ဆိုလျှင် ကိုရင်ကြီးငယ်မဟူ ဖင်ဗူးတောင်းထောင်၍ သဂြိုဟ် ၉ ပိုင်း၊ ပရိတ်ကြီး ၁၁ သုတ်၊ ပဋ္ဌာန်း အကျဉ်းအကျယ်၊ မေတ္တာပို့စသည်တို့ကို သူ့အရွယ်အလိုက် ဆရာတော်က ချပေးသမျှကို ကျက်ကြရသည်။ ထိုအထဲတွင် ဆရာတော်က ကြေနပ်သည့် အဆင့်ရောက်လာသော ကိုရင်ကို လူထွက်ချင်ပါက ထွက်ခွင့်ပြုသည်။ လူထွက်ခွင့်ရသော ကိုရင်သည် ဂျွမ်းသုံးလေးပြန် ထိုးသည့် အထိ အလွန်ပျော်သည်။ မထွက်ရသော ကိုရင်တို့က ငိုယို၍ ကျန်ရစ်သည်။ ထို့ကြောင့်ခလေးဘဝ ရှင်လိင်ပြန်သောနေ့သည် အပျော်ဆုံးနေ့တနေ့ဟု ဆိုခြင်းဖြစ်သည်။

ယ္ခုခေတ်တွင်မူ ဘုန်းကြီးကျောင်းသွား လှူဘွယ်ပစ္စည်းပစ္စယပေးလျှင် ဘုန်းကြီးက ချက်ချင်းဆံချ သင်္ကန်းတောင်းလိုက်ဆိုခိုင်းပြီး ကိုရင်ဝတ်ပေးလိုက်သည်။ ကိုရင်တွေ ဘာဘာညာညာ သိပ်မသင်ရ (၇) ရက် ပြည့်သည်နှင့် သင်္ကန်းချွတ်ပြီး မိဘထံပြန်လိုက်သွားကြသည်။ လူထွက်ရာ၌ ဘာခက်ခဲမှုမျှမရှိ။ လွယ်လိုက်သည့်ဖြစ်ခြင်း။ ရှေးစံနစ်သည် ဗုဒ္ဓဘာသာကို ပိုမိုခိုင်မြဲစေသည်။ ဘာသာတရားနှင့် သံဃာတော်တို့ကို ပိုမိုတန်ဘိုးထား လေးစားစေသည်။ ကိုရင်လွယ်လွယ်ဝတ်၍ မရသလို လွယ်လွယ်ထွက်၍လည်း မရချေ။ ဝတ်ချင်လျှင် သာသနာပိုင်အဖြစ်ပေးပါသည်ဟု မိဘက သဘောတူရသည်။ မဝတ်ခင် သင်္ကန်းတောင်းကို အလွတ်ကျက်ရသည်။ မရလျှင် သင်္ကန်းစည်းမပေးဘဲ ရသည်အထိ ကျက်ရသည်။ ယနေ့ခေတ် လွယ်လွယ်ဝတ်၊ လွယ်လွယ်ထွက် စံနစ်ဖြင့်သဖြင့် တန်ဘိုးကျသည်။ သာသနာညှိုးနွမ်းလာသည်။ သံဃာတော်များကို ရိုသေရမှန်း အလေးအနက်ထားရမှန်း မသိသည့် ခေတ်ဖြစ်လာခဲ့သည်။

အိမ်ထောင်ကျသော အခါတွင်လည်း ရှေးက သမီးရှင်ထံ သုံးနှစ်သုံးမိုး ကျွန်ခံပြီး အလုပ်လုပ်ရသည်။ သုံးနှစ်ပြည့်မှ ကြိုက်နှစ်သက်သူနှင့် အိမ်ထောင်ပြုခွင့်ရသည်။ ထို့အတွက် အိမ်ထောင်ကျသည့်နေ့သည် အထူးပျော်ရွှင်ရသောနေ့ပင် ဖြစ်သည်မှာ အံ့သြစရာမဟုတ်ချေ။ ယနေ့ အိမ်ထောင်မကျခင်ကတည်းက Living Together အတူ အိပ်နေကြပြီ၊ ခေတ်မှီနေကြပြီ၊ တခါတရံ လက်မထက်ဘဲ ထိုအတိုင်း နှစ်နှင့်ချီပြီး နေနေကြသဖြင့် လက်ထပ်သောအခါတွင် ထူးဆန်းထွေလာ စိတ်လှုပ်ရှား ရှိမနေတော့ချေ။ လွယ်လွယ်ရနေသဖြင့် တန်ဘိုးထားမှု ကျဆင်းလာခဲ့ရသည်။

ထောင်ကလွတ်တဲ့နေ့သည် အလွန်ပျော်စရာကောင်းမည် အမှန်ဖြစ်သည်။ ဒီမိုကရေစီစံနစ်ကျင့်သုံးသော နိုင်ငံတခုတွင် ထောင်မှ လွတ်သောသူသည် အပြစ်ဒါဏ်ခံပြီးသူ ဖြစ်သဖြင့် သူ့အတွက် ရာဇဝတ်ပြစ်မှု ထပ်ပြီးမကျူးလွန်ပါက ဘာမျှ စိုးရိမ်ကြောင့်ကျစရာမရှိပေ။ လွတ်လွတ်ကျွတ်ကျွတ် ပျော်စရာပင်ဖြစ်သည်။ သို့ရာတွင် ဒီမိုကရေစီစံနစ် ဆိတ်သုဉ်းနေသော နိုင်ငံများတွင်မူ ထောင်မှလွတ်သော်လည်း တရားဥပေဒ စိုးမိုးမှု မရှိသဖြင့် လုံခြုံမှု မရှိနိုင် လွတ်ပင် လွတ်ငြားသော်လည်း ကျီးလန့်စာစားနေရသော ဘဝပင်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားဟောင်းများဘဝသည် အာဏာရှင်နိုင်ငံများလက်အောက်တွင် လုံခြုံမှု ကင်းမဲ့နေသဖြင့် ထောင်မှ လွတ်သော်ငြားလည်း ဖိနှိပ်မှု စံနစ် ထောင်တွင်း၌ ဆက်လက်နေထိုင်မြဲ နေထိုင်ကြရသဖြင့် ပျော်သင့်သလောက် ပျော်ရွှင်မှု မရရှိနိုင်ချေ။

အပျော်ဆုံး နေ့သုံးနေ့အကြောင်း ရှင်းပြနေရသဖြင့် ကျွန်တော့်၏ ဇါတ်လမ်းလေး ရပ်နေသည်ကို ပြန်ဆက်ပါဦးမည်။ (၃) ဆောင်ဝင်းအတွင်း ကျွန်တော်တို့ ပျော်ရွှင်စွာ အောင်ပွဲခံနေစဉ် ထောင်ပိုင်ထောင်မှူးတို့မှ လူစာရင်းများကို စစ်ဆေးလာပါလာသည်။ ထို့နောက် အလုပ်သမားအရေးအခင်းမှ ပါလာသော အလုပ်သမားခေါင်းဆောင်များ၊ ထို့နောက် နှစ်အနည်းငယ်သာ ကျသော နိုင်ငံရေးသမားများ၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်သည့်အမှုဖြင့် ကျနေသော မီးမောင်းအဖွဲ့သားများ၊ စာစောင်ထုတ်ဝေမှု၊ ကဗျာထုတ်ဝေမှု စသည်ဖြင့် ကျနေသော နိုင်ငံရေး အကျဉ်းသားများကို ၃ ပုံ ၂ ပုံ လျော့၍ တွက်ချက်ပြီး ၃ ပုံ တပုံ နေသားရှိပါက ရာဇဝတ်အကျဉ်းသားများအဖြစ် သတ်မှတ်ပြီး ထောင်မှ စတင်လွှတ်ပေးပါသည်။ ကျွန်တော်တို့ ရှေ့တွင် သူငယ်ချင်းများ ဦးသန့်၊ ဂျွန်၊ မှိုင်းအရေးအခင်းမှ ရဲဘော်များ တသုတ်ပြီး တသုတ် ထွက်သွားကြသည်။ တချို့က ကျန်ရစ်သူ ကျွန်တော်တို့ကို မျက်ရည်လည်လည်နှင့် နှုတ်ဆက်ပြီး စိတ်မကောင်းကြောင်းပြောသွားကြသည်။

ထိုသူများ တသုတ်ပြီး တသုတ် ထွက်သွားသော်လည်း ကျွန်တော်တို့ တသိုက်မှာမူ မလွတ်ဘဲ ကျန်နေသည်။ တရက်ပြီး တရက်၊ တသုတ်ပြီး တသုတ် လွှတ်နေသည်။ နိုင်ငံရေးအကျဉ်းသားများနှင့် ရာဇဝတ် သားများအားလုံးကိုရောပြီးလွှတ်သည်။ နိုင်ငံရေးအကျဉ်းသားများကို နေ့ဖက်တွင် လွှတ်သည်က နည်းပြီး ညဖက်တွင် လွှတ်သည်ကများသည်။ ဒီလိုနဲ့ တပတ်ဖြစ်လာတော့ ကျွန်တော်ထွန်းအောင်ကျော်စတင် ပေါက်ကွဲလာသည်။ ကိုယ့်ဟာကိုယ် စိတ်ဒုန်းဒုန်းချပြီး နေနေတာ အကောင်းသား၊ ဒီလွတ်ငြိမ်းချမ်းသာ ခွင့်ဆိုတာကြီး ပေါ်လာမှ နဂို ဒုန်းဒုန်းချပြီးသား စိတ် အနယ်ထလာသည်။ လွှတ်သည်ပြောသည့်အတွက် လွတ်ပြီဟူသော အသိကြောင့် လူက လွတ်ချင်လာသည်။ သို့ရာတွင် တကယ်တမ်း မလွတ်ဘဲ ဖြစ်နေသည့်အခါ ထိုစိတ်ဆင်းရဲမှုမျိုးသည် ခံစားဘူးသူများမှ ကိုယ်ချင်းစာနိုင်ပါလိမ့်မည်ဟု ပြောပါရစေ။

စိတ်အချဉ်ပေါက်ပေါက်နှင့် မိန်းဂျေး (Main Jail) ကို ဖြတ်ပြီး ကြိုးတိုက်ထဲဝင်သည်။ ယ္ခင်က ဝင်မရ၊ မိန်းဂျေး ဖြတ်လျှင် သွားခွင့်ရမှဖြစ်သည်။ ယခုတော့ ထွန်းအောင်ကျော်နှင့် ရဲမြင့်သိန်းတို့ ခတ်တည်တည် မိန်းဂျေးဖြတ်သည်။ ဝါဒါတွေက မပြောရဲဖြစ်နေသည်။ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် ဖြစ်မည်ထင်သည်။ ကြိုးတိုက်ထဲတွင်သေဒါဏ်ကျနေသော မန်းငွေအောင်၊ မန်းဒါဝိတ်၊ ဦးထိန်လင်း (ရခိုင်လူမျိုး)၊ဆရာတော် ဦးလာဘ၊ ဖေါက်ခွဲရေးသမား ဇော်မြင့်၊ ဇေယျ ၊သူရတို့နှင့် တွေ့သည့် နိုင်ငံရေးသမားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး မလွှတ်သည့်အတွက် မဆလအစိုးရ ကတိမတည် လိမ်သည်၊ ထို့ကြောင့် ဆန္ဒပြမည်ဟု ညှိသည်။ အားလုံးက သဘောတူသည်။ ထို့နောက် အချုပ်ကျနေသည့် အချုပ်ခံ နိုင်ငံရေးသမားများကို ၃ ဆောင်အပေါ် (၁) နှင့် အပေါ် (၄) ခန်းတွင် ဝင်ရောက် ဆွေးနွေးသည်။ သူတို့ကလည်း ပါမည်ဟု ဆိုသည်။ အချုပ်သားများသည်ထောင်ကျများလိုအပြင်ထွက်ခွင့်မရ။ နောက်တနေ့ ကြိုးတိုက်သို့ တခေါက်သွားသည်။ အားလုံးနှင့် နှုတ်ဆက်ပြီးအပြန်တွင် ဦးထိန်လင်းက ထွန်းအောင်ကျော်ကို တိုးတိုးကပ်ပြောသည်။ မန်းငွေအောင်ကို မယုံနှင့်ဟုဆိုသည်။ ကြိုးတိုက်တွင် ထွန်းအောင်ကျော် မရှိခိုက် မန်းငွေအောင်က ဆန္ဒပြမှုတွင် မပါရန်ပြောသည်။ အကယ်၍ အောင်မြင်လျှင် နောက်မှဝင်ပါရန်နှင့် မအောင်မြင်လျှင် သူဖာသာသူခံပလေ့စေဟု ပြောခြင်းကို ဦးထိန်းလင်း မကြိုက် လက်မခံ။ သူ့ကို ရာထားသူ လုံးဝပါမည်ဟု ကတိပေးသည်။ စည်းလုံးရမည့်အချိန်တွင် ဤကဲ့သို့ စိတ်ထားသူများရှိသေးသလားဟု ထွန်းအောင်ကျော် အံ့သြမိသည်။

နောက်တနေ့ မနက်ပိုင်းတွင် (၃) ဆောင်၌ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ လွတ်သွားသဖြင့် ထွန်းအောင်ကျော်တို့ လူနည်းစုသာ ကျန်သည်။ ထို့နောက်ညအချိန်တွင် (၃) ဆောင်တခုလုံးကို (၅) ဆောင်သို့ ညတွင်းပြောင်းခိုင်းသဖြင့် အထုတ်အပိုးကိုယ်စီဖြင့် ပြောင်းခဲ့ကြရသည်။

ထွန်းအောင်ကျော်တို့ (၅) ဆောင်ရောက်ပြီးနောက် သူတို့အုပ်စုကို ချန်၍ (၃) ဆောင်မှ ပြောင်းလိုက်လာသူ ရာဇဝတ်သားများကိုရာဇဝတ်သားများအားလုံးကို (၃) ဆောင်သို့ ပြန်ခေါ်သွားသည်။ “အော်၊ ငါတို့ ထောင်ဆူမှာ ဒီလောက်တောင် ကြောက်ကြပါလား” ဟု ပြုံးမိသည်။ ထောင်ထဲတွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးနောက် ရက်ပေါင်း ၁၆ ရက်ခန့်နေပြီးမှ ည ၉ နာရီခန့်တွင် ထွန်းအောင်ကျော်တို့ တသက်တကျွန်း၊ နှင့်သေဒါဏ် ကျနေသည့်နှစ်ကြီးသမားများကို ဗူးဝသို့ ခေါ်ထုတ်ပြီး လူစစ်ဆေးခြင်း၊ လက်ဗွေနှိပ်ခြင်း၊ စသည်တို့ကို ပြုလုပ်လာပြီး ည ၁၂ နာရီခန့်တွင် အချုပ်ကားကြီးများပေါ် အသုတ်လိုက်တင်ပြီး လွှတ်လိုက်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး မလွတ်ခင် (၁၆) ရက် နေထိုင်ခဲ့ရသည့် ကာလသည် နေသား ၅ နှစ်ခန့် နေထိုင်ခဲ့သည့် ကာလထက်များစွာ စိတ်ဆင်းရဲခံစားမှု အပြင်းထန်ဆုံးကာလအဖြစ် ရင်ထဲတွင် နာနာကျင်ကျင် အမာရွတ်ထင်ကျန်ရစ်ခဲ့သည်။ ကျေးဇူးတင်ခံရမည့်အစား မဆလအစိုးရ လုပ်ရပ်သည် နာကျည်းမှုကို တိုးပွားစေခဲ့သည်။

ထောင်တွင်း၌ မလွတ်သဖြင့် ဒေါသပေါက်ကွဲနေကြသလို ထောင်ပြင် မြင်ကွင်းသည်လည်း ကြေကွဲစရာ အတိဖြင့် ပြည့်နေခဲ့သည်ကို ထောင်တွင်းရှိ ထွန်းအောင်ကျော်တို့ တသိုက်က မသိရှိခဲ့ကြချေ။

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့် ထောင်ပြင်တွင် နိုင်ငံရေးအကျဉ်းသား မိသားစုများ နေ့မဆိုင်း ရောက်ချလာကြသည်။ ထိုအထဲတွင် ထွန်းအောင်ကျော်နှင့် ရဲမြင့်သိန်းတို့၏ အမေများဖြစ်သော ဒေါ်ကြင်နှင့် ဒေါ်မမလေးတို့လည်း ပါသည်။ ထောင်ပိုင်ကို ဒေါ်ကြင်က ဝင်မေးသည်။ ထောင်ပိုင်က မလွတ်သေးဘူးဟု ပြောသည်။ အထက်အမိန့်မရသေးကြောင်း ကောင်းမွန်စွာ ပြောပြသဖြင့် ပြန်ခဲ့ကြသည်။ သည်လိုနှင့် နေ့တိုင်း မနက်ဆိုလျှင် ကားမောင်ပြီး ဒေါ်မမလေးအိမ်ဝင်ခေါ်ပြီး အမေနှစ်ယောက်သား ဇောနှင့် ထောင်ဗူးဝသို့ ထမင်းချိုင့် ဆွဲပြီးလာစောင့်သည်။ တရက်မှ နှစ်ရက်၊ နှစ်ရက်မှ သုံးရက်ကြာလာသည်။ လွတ်လာသူများကို လိုက်မေးသည်။ ထောင်ဝင်စာတွေ့စဉ် မျက်မှန်းတန်းမိသော သားသူငယ်ချင်းများတွေ့လျှင် လိုက်မေးသည်။ ယခင်နိုင်ငံရေး အကျဉ်းသားဟောင်းများကလည်း လာကြိုကြသည်။ သူတို့ကလည်း ဒေါ်ကြင်တို့ကို အားပေးသည်။ သို့ရာတွင် သားတို့က လွတ်မလာ။ ညနေပိုင်း ဝါဒက ဒီနေ့ ပြီးပြီ။ မလွတ်တော့ အိမ်ပြန်ကြပါ ပြောမှ ပြန်ခဲ့ကြသည်။ အိမ်ရောက်တော့ ယောက်ျားဖြစ်သူကို ပြောပြီး “ကျုပ်သားလေးတော့ မလွတ်တော့ဘူးလား မသိဘူးတော်”ဟု ဆိုပြီး မျက်ရည်ကျသည်။ သားချစ်သော မိခင်တို့ မျက်ရည်သည် လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အခါ ပို၍ ကျခဲ့ရသည်။ ပို၍ ဝမ်းနည်းခဲ့ရသည်။ လွတ်လာသူများကိုကြည့်ပြီး မိမိသားသမီးပါမလာသဖြင့် ပို၍ ကြေကွဲခဲ့ကြရသည်။ ဤကဲ့သို့ ဒုက္ခကို အုပ်ချုပ်သူလူတန်းစားများ ကိုယ်ချင်းစာတတ်ကြမည်မဟုတ်။

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့်အစကနဦးပေါက်ဖွါးလာခဲ့သောလှပအိပ်မက်များထိုရက်ပိုင်းအတွင်းကြေမွ ပျက် စီးလို့သွားခဲ့ပါပြီ၊ နှလုံးသားတွင်လည်းနာကျဉ်းမှုဒါဏ်ရာအမာရွတ်တို့ကထပ်ဆင့်နေရာယူခဲ့ပြီဖြစ်သည်။

အော်လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာလူတချို့ကရီစရာလုပ်ကွက်အဖြစ်ကစားလိုက်သော်လည်းယုံကြည်ချက် ကြောင့်အကျဉ်းကျနေသူ နိုင်ငံရေးသမားများနှင့် မလွတ်သူများအဖို့ အိပ်မက်ဘုံလေးယုတ်မာရက်စက် သောမုန်တိုင်းဒါဏ်ကြောင့်ကြေမွပျက်စီးသွားခဲ့သလိုပင်။

ထွန်းအောင်ကျော် (အောက်တိုဘာလ၊ ၁၅ရက်၊ ၂၀၁၁ခုနှစ်)

______________________________________________________________________

လွတ်ငြိမ်းချမ်းသာခွင့်သို့မဟုတ် ကြေမွသွားသော အိပ်မက်များ(အပိုင်း- ၂)


ဦးသိန်းစိန်အစိုးရသည် တိုင်းပြည်သို့ အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်ဟု ကြေငြာ ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ထဲမှ ၂၀၇ ဦးကိုသာ လွတ်သူများထဲတွင် ပါလာခဲ့သည့်အတွက် အတိုက်အခံ နိုင်ငံရေးသမားကို ဒေါသအမျက် ထွက်စေခဲ့သလို နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစု များ၏ အိပ်မက်များ ကြေမွသွားစေခဲ့ပေသည်။ လွတ်ငြိမ်းချမ်းသာခွင့်သည် ဘာအကျိုးအမြတ်မှ ထွက်မလာ ခဲ့ဘဲ အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးအတွက် အနှုတ်လက္ခဏာကိုသာ ဖြစ်စေခဲ့သည်။ ဦးသိန်းစိန်၏ အပြု သဘော ဆောင်ရွက်ခဲ့မှုများကြောင့် ရရှိနေသည့် ယုံကြည်ကိုးစားမှုများသည် ထိုလုပ်ရပ်ကြောင့် ထိခိုက်ဆုံးရှုံး မှုမှာဒီမိုကရေစီစံနစ်သို့တကယ်ပြောင်းနေပါသည်ဆိုသည့်ပြောဆိုချက်အပေါ် နိုင်ငံတကာနှင့် ပြည်တွင်းရှိအင် အား စုများမှ သံသယကြီးစွာဖြစ်သွားစေခဲ့ခြင်းပင်ဖြစ်သည်။

ယခင် စစ်အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများကို ဓါးစာခံများအဖြစ်ထားပြီး အချိန်ဆွဲရေးဗျူဟာ ကျင့်သုံးခဲ့ခြင်းသည် အလွန်အောင်မြင်မှုရရှိခဲ့သည်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရာဇာလီအစ္စမေးလ် မြန်မာနိုင်ငံသို့ မရောက်ခင်ကြို၍ နိုင်ငံရေးအကျဉ်းသား ၁၀ ယောက် အယောက် ၂၀ လွှတ်ပေးခြင်းဖြင့် အပြုသဘော ပြောင်းတော့မယောင် ဟန်ပြလုပ်ရပ် ညွှတ်ကွင်းထဲသို့ ရာဇာလီသက်ဆင်း ခဲ့ရပြီးလှည့်ဖျားခြင်း ခံခဲ့ရ သည်။ ရာဇာလီအား အကျဉ်းသားများကို လက်တွေ့ လွှတ်ပေးနေပြီဖြစ်ကြောင်း မကြာခင် ဒေါ်အောင်ဆန်းစု ကြည်အားလည်း လွှတ်ပေးမည်ဖြစ်ကြောင်း၊ အတိုက်အခံများနှင့် စတင်ဆွေးနွေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း စသည်ဖြင့် လှည့်ဖျားပြောဆိုနေခဲ့ပြီး တလပြီးတလ တနှစ်ပြီးတနှစ် အချိန်ဆွဲနေခဲ့သည်။ နှစ်ကြာလာပြီး ပြောင်းလဲမှု တစုံ တရာမတွေ့သည့်အခါ ရာဇာလီအား အတိုက်အခံတို့မှ အယုံအကြည် မရှိဖြစ်လာသည်။ နောက်ဆုံး လှည့်စားမှု ရုပ်လုံးပေါ်လာသည့်အခါ ရာဇာလီအား ပြည်ဝင်မခံတော့ဘဲ ထားသဖြင့် ရာဇာလီနှုတ်ထွက်သွားခဲ့ပြီး သူ၏ ရည်မှန်းချက်ဖြစ်သော တွေ့ဆုံဆွေးနွေးရေးသည်လည်း ဖြစ်မလာခဲ့ချေ။

ယနေ့ အခြေအနေသည် ယခင်ဒါးစာခံအကျဉ်းသားနည်းစံနစ်ကိုသုံးပြီးလှည့်စားဘို့ မရနိုင်တော့ချေ။ နိုင်ငံရေး အကျဉ်းသား ၁၀% နှုန်းကိုသာ လွှတ်ပေးလိုက်သဖြင့် တိုင်းပြည်တကယ် ဒီမိုကရေစီစံနစ်သို့ ပြောင်းလဲ တော့မည်၊ ကျွန်တော်တို့ ယုံကြည်ချက် မတူသူများနဲ့ လက်တွဲလုပ်ချင်ပါသည် ဟုပြောပြီးနိုင်ငံရေး အကျဉ်းသားအများစု ကြီးကိုထောင်ထဲတွင် ဆက်လက်ထိမ်းသိမ်းထားပြီး ဒီမိုကရေစီနိုင်ငံကြီးကို လက်တွဲ လုပ်ချင်ပါသည် ဟုဆိုခြင်းလောက်ဖြင့် နိုင်ငံတကာမှရော ပြည်တွင်းကပါ လက်သင့်ခံလိမ့်မည် မဟုတ်ပေ။

နိုင်ငံတကာနှင့် ပြည်တွင်းကပါ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုနေ ခြင်းကို ဝှေ့လည်ကြောင်ပတ်လုပ်၍ ၁၀% မျှလောက်သာ လွှတ်ပေးလိုက်ခြင်းဖြင့် အောင်မြင်မှုကို လုံးဝရလိမ့် မည်မဟုတ်ချေ။ ကြံ့ဖွတ်အစိုးရလိုလားသည့် စီးပွားရေးပိတ်ဆို့မှု ဖြုတ်ချပေးရေးသည် ၎င်းအကျဉ်းသားအား လုံး လွှတ်ပေးရေးအပေါ်တွင် တည်မှီနေသဖြင့် ယခင်နည်းအတိုင်း လိမ်လည် အချိန်ဆွဲခြင်းနည်းဖြင့် စီးပွားရေး ပိတ်ဆို့မှု အဆုံးသတ်လိမ့်မည်ဟု ထင်ထားလျှင် မှားလိမ့်မည်သာဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးမှလည်းကောင်း၊ အမေရိကန်အစိုးရမှလည်းကောင်း ဒေါ်အောင်ဆန်းစု ကြည်နှင့်တကွ အတိုက်အခံအင်အားစုတို့အပြင် လွှတ်တော်တွင်းရှိ တမတ်သား စစ်တပ်ကိုယ်စားလှယ်များက ပါ ထောက်ခံခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကို ပြည်သူလူထုကြီးတရပ်လုံးနှင့် ကမ္ဘာမှ စောင့်စားနေကြချိန်တွင် အောက်တိုဘာလ ၁၁ ရက်နေ့တွင် အစိုးရမှ ဖွဲ့စည်းပေးလိုက်သော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မေတ္တာရပ်ခံတင်ပြသည့် အိပ်ဖွင့်စာတစောင်ကို ထုတ်ပြန်လိုက်သည်။

ထိုစာမှာ အချက်များထဲမှ အပုဒ် ၅ တွင် “ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အချို့သော နိုင်ငံတို့၏ မျှော်လင့် တောင့်တချက်တရပ်မှာ “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ” (Prisoners of Conscience) ဟု ၎င်းတို့ ဖော်ညွှန်းနေသော အကျဉ်းထောင်တွင်းရှိနေသူများအား လွှတ်ပေးရေးကိစ္စတရပ်ပင် ဖြစ်ပါသည်။ ထိုအကျဉ်းသားများသည် တည်ဆဲဥပဒေများကို ချိုးဖောက်သဖြင့် အပြစ်ဒါဏ်ကျခံနေရသူများ ဖြစ်သည်ဟူ သော နိုင်ငံတော်အစိုးရ၏ ရပ်တည်ချက်ကိုလည်း ကော်မရှင်အနေနှင့် လက်ခံသဘောပေါက်ပါသည်။”

အပုဒ် ၆ တွင် “ထိုသို့ တည်ဆဲဥပဒေကို ချိုးဖောက်သဖြင့် အကျဉ်းကျနေသူများအနက် နိုင်ငံတော်တည်ငြိမ် ရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးကို ထိပါးမည့် တိုင်းရင်းသား အကျိုးစီးပွားကို ထိပါးအန္တရယ် မရှိ နိုင်သော အကျဉ်းသားများကို လွှတ်ပေးခြင်းအားဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် တတပ်တအား ပါဝင် ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါသည်” ဟု ဆိုထားပါသည်။

အပုဒ် ၅ ရှိ “ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ (Prisoners of Conscience) ဟုသာ သုံးနှုန်းပြီး နိုင်ငံရေးအကျဉ်းသား (Political Prisoners) ဟု လုံးဝ ထုတ်ဖော်ပြောဆိုခြင်းကို လူ့အခွင့်အရေးကောက်မရှင် က ရှောင်ရှားရေးသားခဲ့ခြင်းနှင့် “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ” ဆိုသည့် စာပုဒ်ကိုလည်း ထိုကော်မရှင်က သတ်မှတ်ခြင်းမဟုတ်ဘဲ ကုလသမဂ္ဂနှင့် နိုင်ငံအချို့၏ သတ်မှတ်ချက်သာဖြစ်သည်ဟူ၍ မလိမ့်တ ပတ် ရေးသားသည်ကို သေသေချာချာဖတ်ရှုပါက တွေ့ရမည်ဖြစ်သည်။”

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည်လူ့အခွင့်အရေးမပြောနှင့်“ယုံကြည်ချက်ကြောင့်အကျဉ်း ချ ခံနေရသူများ (Prisoners of Conscience)”ဆိုသည့်စကားလုံးကိုပင်မိမိစကားအဖြစ်ထုတ်မပြောရဲသည့် အခြေအနေဖြင့်ရပ်တည်နေခြင်းကြောင့်မြန်မာနိုင်ငံသားတို့အတွက်လူ့အခွင့်အရေးကိုဘယ်လိုဘယ်ပုံများကာကွယ်စောင့်ရှောက်ပေးနိုင်မည်ဆိုသည်ကိုမျက်စိဒေါက်ထောက်ကြည့်ရပါအုံးမည်။ ထို့ပြင် ထိုအကျဉ်းသား များသည် တည်ဆဲဥပဒေများကို ချိုးဖောက်သဖြင့် အပြစ်ဒါဏ်ကျခံနေရသူများ ဖြစ်သည်ဟူ သော နိုင်ငံတော်အစိုးရ၏ ရပ်တည်ချက်ကိုလည်း ကော်မရှင်အနေနှင့် လက်ခံသဘောပေါက်ပါသည်။”

ဆိုခြင်းမှာအနှီကော်မရှင်က ထိုအကျဉ်းကျနေသောသူများသည်၊ တည်ဆဲဥပဒေကို ချိုး ဖေါက်သဖြင့် အပြစ် ဒါဏ်ခံနေရသောရာဇဝတ်သား များဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ မဟုတ်ဟုဆိုလိုခြင်းဖြစ်သည်။ ထို့ပြင် “တည်ဆဲဥပဒေများကိုချိုးဖေါက်သဖြင့်”ဟုဆိုရာတွင်ယခု၂၀၀၈ အခြေခံဥပဒေကိုဆိုလိုသလော?သို့မဟုတ် နအဖလန်ကြုတ်ဥပဒေကိုဆိုလိုသလောရှင်းရှင်းလင်းလင်းပြောရန်လိုသည်။ နအဖလန်ကြုတ်ဥပဒေဆိုလျှင် ပြည်သူ့ ဆန္ဒခံယူပွဲဖြင့်အတည်ပြုထားသည်ဟုဆိုသော၂၀၀၈ ဖြင့်ပယ်ဖျက်နိုင်သည်။

အပုဒ် ၆ တွင်ထို “တည်ဆဲဥပဒေများကိုချိုးဖေါက်သဖြင့်” ဖမ်းဆီးခံထားရသောအကျဉ်းသားများ(နိုင်ငံရေးအ ကျဉ်းသားများကိုဆိုလိုသည်၊ ထုတ်မပြောရဲသဖြင့်အကျဉ်းသားဟုသာသုံးထားခြင်းဖြစ်သည်)၊ များတွင် နိုင်ငံတော်တည်ငြိမ် ရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးကို ထိပါးမည့် တိုင်းရင်းသား အကျိုးစီးပွားကို ထိပါးအန္တရယ် မရှိ နိုင်သော အကျဉ်းသားများကို လွှတ်ပေးခြင်း သည်သင့်တော်ပါသည်ဟုအကြံပေးထားချက် သည်၊ သေသေချာချာလေ့လာပါက အများပြည်သူစားဝတ်နေရေးကြပ်တည်းမှုကိုစာနာသနားသဖြင့်ကုန်ဈေး နှုန်းကျဆင်းရေး၊ လောင်စာဆီဈေးကျဆင်းရေးတို့ကိုတောင်းဆိုခဲ့ကြသော ၈၈ ကျောင်းသားခေါင်းဆောင်များ သည်ပြည်သူတို့အေးချမ်းသာယာသောဘဝဖြင့်နေထိုင်နိုင်ရေးအတွက်လုပ်နေသူများဖြစ်သဖြင့်လည်းကောင်းအခြားသောနိုင်ငံရေးအကျဉ်းသားများသည်လည်း ဒီမိုကရေစီစံနစ်ပေါ်ပေါက်ရေးအတွက်ကြိုးစားတောင်းဆိုသ ဖြင့်အကျဉ်းကျခံနေရသူများဖြစ်သဖြင့်လွှတ်ပေးသင့်ကြောင်းရဲရဲတင်းတင်းတင်ပြခြင်းမပြုရဲဘဲဝါး၍ဆိုထားခြင်း ဖြင့်ထိုမလွတ်သည့်အကျဉ်းသားများသည် နိုင်ငံတော်တည်ငြိမ် ရေးနှင့် အများပြည်သူ အေးချမ်းသာယာရေးကို ထိပါးမည့် တိုင်းရင်းသား အကျိုးစီးပွားကို ထိပါးအန္တရယ် ရှိ နိုင်သော အကျဉ်းသားများ အဖြစ်ကျ ရောက်သွားစေသည်။

လွတ်ငြိမ်းချမ်းသာခွင့်သည် အစိုးရသစ်ဖွဲ့စည်း ဖြစ်ပေါ်လာသည့်အခါဖြစ်စေ၊ တိုးတက်မှု ကြီးမားစွာ ရရှိသည့် အခါဖြစ်စေ၊ တိုင်းပြည်က တောင်းဆိုလာသည့်အခါ ဖြစ်စေ၊ အစိုးရက ပြည်သူလူထုကြီးအား သူတို့သည် လူ သားချင်းစာနာထောက်ထားသူများ ကြင်နာတရားရှိသူများဖြစ်ကြောင်း ဖေါ်ပြသည့်အနေနှင့် အကျဉ်းထောင် များကိုဖွင့်၍ ထောင်ခါခြင်းကို ပြုလုပ်ကြပြီး ပြည်သူလူထုကြီး၏ ထောက်ခံမှုကို ရယူကြသည်။ ထိုသို့ ပြုလုပ် ခြင်းကြောင့် ပြည်သူလူထုကြီးဖက်မှလည်း ထိုအစိုးရမျိုးကို လေးစားတန်ဖိုးထားသဖြင့် ယုံကြည်ကိုးစားမှုများ တိုးပွားလာပြီး တိုင်းပြည်ကို အုပ်ချုပ်ရာတွင် ပြည်သူထောက်ခံမှုရှိ၍ တိုးတက်အောင်မြင်ခြင်း၊ အနှောက်အ ယှက် ကင်းရှင်းသဖြင့် အဆင်ပြေချောမွေ့စွာ လုပ်ငန်းများ အကောင်အထည်ဖေါ်နိုင်ခြင်း လျှင်မြန်စွာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးကို လုပ်ဆောင်လာနိုင်စွမ်းရှိပေသည်။ ထို့အတွက် ပြည်သူရော အစိုးရပါ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရှိသည့် (Win- Win Situation) လုပ်ရပ်ဖြစ်သည်။

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် မတရားအမှုဆင် ထောင်ချခံရသော မောင်သန်းဇော်တယောက် မပါဝင်သည် မှာ အတော်ဝမ်းနည်းစရာကောင်းသည်။ ကိုသန်းဇော်သည် NLD မှ သာမန်တက်ကြွသည့် လူငယ်တယောက် ဖြစ်သည်။ သူ့အား ထောက်လှန်းရေးမှ ဂျူလိုင်လ ၁၃ ရက်နေ့၊ ၁၉၈၉ ခုနှစ်တွင် မတရားဖမ်းဆီးနှိပ်စက်၍ သံ လျှင်ရေနံချက်စက်ရုံ ဗုံးခွဲမှုဖြင့် အတင်းအဓမ္မဝန်ခံခိုင်းပြီး သေဒါဏ်ချမှတ်ခံခဲ့ရသူ ဖြစ်သည်။ ၎င်းဗုံးခွဲသူနှင့်အတူ ညီညီဦး၊ မိုးကျော်သူတို့မှာလည်း အတင်းအဓမ္မနှိပ်စက်ပြီး သက်သေမရှိဘဲနှင့် ဝန်ခံခိုင်းပြီး သေဒဏ်ချခံရသူများ ဖြစ်သည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ စာရေးသားပေးပို့ခဲ့သော်လည်း လူ့အခွင့် အရေးကောမရှင်မှ ၎င်းတို့အမှု ကို မည်သည့်အချိန်တွင် ကိုင်တွယ်စစ်ဆေးမည် မသိရချေ။ မောင်သန်းဇော်သည် အဖမ်းခံရစဉ်က ၂၀ ကျော် ဖြစ်သော်လည်း ယခုဆိုလျှင် ၄၅ နှစ်ခန့် ရှိနေလောက်ပြီ။ သံလျှင်ဗုံးဖောက်ခွဲခဲ့သူမှာ KNU မှ ဗိုလ်မှူး ကိုကိုနိုင် ဆိုသူဖြစ်ပါသည်။ ဗုံးခွဲသူမှာသူဖြစ်ပါသည်ဟု ဝန်ခံထားသော်လည်းကိုသန်းဇော်တို့အပေါ်လိမ်လည် အမှုဆင်ထားခြင်းပေါ်ပေါက်ပြီး အရှက်ကွဲ မည်စိုးသဖြင့် ကိုသန်းဇော်တို့ကို လွှတ်မပေးပါဘူး။ ဒီလို တရားခံရှာမတွေ့တဲ့အခါ NLD ကို အဖျက် အမှောင့် လုပ်တယ်ဆိုတာ အကြောင်းပြချက်ရအောင် NLD လူငယ် ကိုသန်းဇော်တို့ ထိုစဉ်ကအသက် ၁၉ နှစ်သာ ရှိသေးတဲ့မိုးကျော်သူတို့ကိုမတရားထောင်ချထားကိုဘာကြောင့်မလွှတ်သေးတာလဲ?။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်လူကြီးများ စဉ်း စားပေးဘို့လိုပြီ။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အိပ်ဖွင့်ပေးစာကို သတင်းစာများတွင် တခန်းတနားဖေါ်ပြပြီး နောက်တနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်လာခြင်းသည် တိုက်ဆိုင်ခြင်းလော၊ ဒါမှမဟုတ် တိုင်ပင်ကိုက် စီစဉ်ဖန်တီး အကွက်ချ ထုတ်ပြန်ခြင်းလောဟု မေးလျှင် ဒုတိယအချက်ဖြစ်သည်ဟု ပြောရမည်ပင်။ လူအခွင့်အရေးကော်မ ရှင်က....

(၁) နိုင်ငံရေးအကျဉ်းသားဟု ထုတ်ဖေါ်ပြောဆိုရန် လက်တွန့်နေခြင်း။

(၂) ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများဆိုသည့် စာလုံးကိုပင် ၎င်းတို့က သုံးနှုန်းသော စာမဟုတ် ကြောင်း ဆင်ဝှေ့ရန်ရှောင် ရေးသားထားခြင်း။

(၃) ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို ပြစ်ဒါဏ်ပေးထားခြင်းကို တည်ဆဲဥပဒေအရဖြစ်ကြောင်းကို လက်ခံအတည်ပြု သဘောတူပေးခြင်းတို့ကြောင့် ဦးသိန်းစိန်အစိုးရနှင့် လူ့အခွင့်အရေးကော်မရှင်သည် ပုလင်း တူဗူးဆို့ဖြစ်ခြင်းကြောင့် အကယ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို တင်ပြလာလျှင်လည်း အရေးယူဆောင် ရွက်ပေးခြင်း၊လွတ်မြောက်ရန်ဆောင်ရွက်နိုင်ခြင်းစွမ်းအင်မရှိကြောင်းသုံးသပ်မိပါသည်။ အမှန်တော့”မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်” ဆိုသည်မှာအစိုးရမှဖွဲ့စည်းပေးလိုက်သည့်နိုင်ငံတ ကာမျက်နှာအလှပြရန်အတွက်ရည်ရွယ်ထားသည့်အစိုရလက်အောက်ခံရုပ်သေးအဖွဲ့သက်သက်သာဖြစ်သည်။ လူ့အခွင့်အရေးကော်မရှင်(မြန်မာနိုင်ငံ) ဟုမခေါ်ဝေါ်ဘဲ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဟုမှည့် ခြင်းမှာလည်းအကြောင်းရှိသည်။ ထုံးစံအတိုင်းမြန်မာ့နည်းမြန်မာ့ဟန်ဖြင့်လူ့အခွင့်အရေး ကိုအဓိပ္ပါယ်ဖေါ်မည့် သဘော ရှိ သည်။ “ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများ”သည်ရာဇဝတ်မှုကျူးလွန်သူများလူ့အခွင့်အရေး ကိုချိုးဖေါက်သူများဖြစ်သည်ဟုမပြောယုံတမယ်ပင်ဖြစ်သည်။

ယနေ့ အကျဉ်းထောင်များတွင် ရာနှင့်ချီနေသော နိုင်ငံရေးအကျဉ်းသားများ ရှိနေပါသည်။ သူတို့သည် သူတို့၏ တိုင်းပြည်လွတ်လပ်သည့် ဒီမိုကရေစီနိုင်ငံဖြစ်ရေးဆိုသည့် ရည်မှန်းချက်နှင့် တိုက်ပွဲဝင်နေသူများဖြစ်ကြပါ သည်။ နိုင်ငံရေးအကျဉ်းသားများ မဟုတ်သော်လည်း ဆင်းရဲငတ်ပြတ်လွန်းသဖြင့် ခိုးဆိုးတိုက်ခိုက်မှုကြောင့် ထောင်ကျလာသူများလည်း အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တွင် အားလုံးပါဝင်သင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် မတရားသော စံနစ်၊ ပြည်သူကို စစ်ကျွန်ပြုထားသော စံနစ်ကြောင့် ထိုသူအများစုမှာ ဘဝရပ်တည်ရေး၊ မိသားစု အသက်ရှင်နိုင်ရေးအတွက် ဤသို့သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ရခြင်းဖြစ်သည်။ ကိုသန်းဇော်ကဲ့ သို့ မတရားအမှုဆင်ပြီး အာဏာအလွဲသုံးစားပြု၍လည်းကောင်း၊ ငွေနှင့် ပေါက်၍လည်းကောင်း၊ အကြောင်း ကြောင်းကြောင့် ထောင်ကျနေ သည့် ရာဇဝတ် အကျဉ်းသားများလည်း ရှိနေနိုင်ပါသည်။

ကျွန်တော်ထောင်မှ ၁၉၈၀ ခုနှစ်တွင် လွတ်ခဲ့သော်လည်း တခါတရံ အိပ်မက်ထဲတွင် ထောင်ထဲပြန်ရောက်နေ သည်ကို မြင်မက်ပြီး စိတ်ဆင်းရဲကြီးစွာဖြင့် လန့်နိုးတတ်ပါသေးသည်။ ကျွန်တော်တို့ကဲ့သို့ လွတ်လပ်သော နိုင်ငံတွင် ကြောက်လန့်ကင်းကွာ ပြောချင်သည့်စကားကို ရဲရဲပြောနိုင်၊ ရဲရဲရေးနိုင်သော ဘဝရောက်နေသောသူ များပင် ထိုကဲ့သို့သော အိပ်မက်ကို မြင်မက်တတ်သေးလျှင်၊ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်း များအဖို့ အပြင်တွင်နေရသော်လည်း ထိုအပ်မက်ဆိုးများမှ လွတ်မြောက်နိုင်ကြမည်မဟုတ်ပါ။ ကျွန်တော် တို့လိုနိုင်ငံရေးအကျဉ်းသားများတွင် (Mental Scars) စိတ်အမာရွတ်များသည်သေရာပါ ဖျောက်ဖျက်၍ မရ သော အမာ ရွတ်များအဖြစ်ကျန်ရစ်နေမည်သာဖြစ်သည်။

ထောင်တွင်းကျနေသည့် အကျဉ်းသားများအတွက်မူ လွတ်မြောက်သည့် အိပ်မက်များ၊ အိမ်သို့ပြန်ရောက်သည့် အိပ်မက်များ၊ ချစ်သူခင်သူများနှင့် တွေ့ဆုံသည့် အိပ်မက်များ ရှိနေမည်ဖြစ်သည်။ ထိုသူတို့၏ မျှော်လင့်ချက် အိပ်မက်လှလှလေးများသည် လွတ်ငြိမ်းချမ်းသာခွင့်ဆိုသည့် အသံလှိုင်း မုန်တိုင်းကြားတွင် ကြေမွပျက်စီးသွား သည့်အခါ တချို့ စိတ်ဒုက္ခကြောင့် ရူးသွပ်သွားတတ်သလို၊ တချို့ မစားနိုင် မသောက်နိုင်ဖြစ်ပြီး ကွယ်လွန်သွား ကြရပါသည်။

ကိုသန်းဇော်ကို နှိက်စက်ညှင်းပန်းပြီး အတင်းအဓမ္မလက်မှတ်ထိုး ဝန်ခံခိုင်းခဲ့သော ထောက်လှန်ရေးများ အပြုံ လိုက် ၎င်းတို့ ခေါင်းဆောင် ဗိုလ်ခင်ညွန့်နှင့်မရှေးမနှောင်းရာထူးပြုတ်ပြီး နောက်ထောင်တွင်းသို့ ရောက်လာ ကြသည်မှာ သံဝေဂရစရာပင်ဖြစ်သည်။


ထို့အတူ စစ်အာဏာရှင်စံနစ်ကို တည်ထောင်ခဲ့သူ ဗိုလ်နေဝင်း၏ ချစ်သမီး စန္ဒာဝင်းသည်လည်းကောင်း၊ သူမ၏ ခင်ပွန်းနှင့် သား လမ်းသရဲ သုံးယောက်သည်လည်းကောင်း ယခုအချိန်တွင် စစ်အာဏာရှင် စံနစ်ကြီး ပျက်သုန်း ပါစေ၊ ဒီမိုကရေစီစံနစ် အမြန်ဆုံးရပါစေဟု ဆုတောင်းနေကြမည်ဟု ယုံကြည်ပါသည်။ စစ်အာဏာရှင်စံနစ်ကို ကိုယ်တိုင်ကိုယ်ကျ တကယ်ခံစားရမှ မည်မျှဆိုးဝါးသည် မည်မျှ တရားမျှတမှု ကင်းမဲ့သည်၊ ရက်စက်ယုတ်မာ သည်ကို သိနိုင်ပါလိမ့်မည်။ ထောင်မကျဖူးသူက ထောင်ကျနေသူများကို စာနာသည်ဆိုသည်မှာ အပေါ်ယံမျှ သာ ဖြစ်ပါလိမ့်မည်။ မည်ကဲ့သို့မျှ တကယ်ထောင်ကျဘူးသူ တယောက်လို နက်နက်ရှိုင်းရှိုင်း ခံစားနိုင်လိမ့်မည် မဟုတ်ပါ။ သို့ရာတွင် ဤစာကို ဖတ်ပြီး စာနာစိတ်ကလေးများဝင်ပြီး ကရုဏာသက်ကြမည်ဆိုလျှင် ကိုသန်းဇော် တို့လို အကျဉ်းသားများအတွက် အိပ်မက်လှလှလေးများကို ဖန်တီးပေးနိုင်ကြဖို့ လိုပါသည်။ လက်ရှိ အစိုးရသည် ရေနစ်သူကို ဝါးကူထိုးသည့်အဖြစ် မဟုတ်ဘဲ တကယ် လူလူချင်း စာနာစိတ်ဖြင့် အိပ်မက်လှလှ လေးများကို ဖန်တီးပေးနိုင်ပါစေဟု ဤဆောင်းပါးဖြင့် ဆန္ဒပြုလိုက်ပါသည်။

မတရားမှုများ ကွယ်ပျောက် ၍ အမှန်တရားရောက်ပါစေ။

ထွန်းအောင်ကျော်


Download PDF Part (1) Here
Download PDF Part (2) Here


Write A Comment

Rohingya Exodus