Latest Highlight

ဘားမား’ဟု သုံးနှုန်းသူ ငြိမ်းချမ်းရေးကော်မရှင်မှာ မပါသင့်ဟု လွှတ်တော်၌ ဝေဖန်

မြန်မာ (Myanmar) ကို ဘားမား (Burma) လို့ ခေါ်ဝေါ်သုံးနှုန်းသူတဦးဟာ ငြိမ်း ချမ်းရေးကော်မရှင်မှာ မပါဝင်သင့်ဘူးလို့ ဒီနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်တဦးက ပြောသွားတယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးမှာ “လက်နက်ကိုင် ပဋိပက္ခတွေကို ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်ဆိုင်းရေးအတွက် တွေ့ဆုံဆွေးနွေး နိုင်ဖို့နဲ့ ဒီလိုဆွေးနွေးရာမှာ ဒို့တာဝန်အရေးသုံးပါးကို ထိပါးမခံဘဲ ဆွေးနွေးကြဖို့” အဆိုကို ရန်ကုန်မဲဆန္ဒနယ်အမှတ် (၁၂) က ကိုယ်စားလှယ် ဦးဆွေအောင်က တင်သွင်းပါတယ်။
ဒီအဆိုကို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ဒေါက်တာအေးမောင်နဲ့ ချင်းတိုးတက်ရေးပါတီက ဦးပေါ်လျှံလွင်စတဲ့ ကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည်စတဲ့ တိုင်းသိပြည်သိ၊ အများကြည်ညိုလေးစားသူတွေလည်း ပါဝင်ဖို့ ဆွေးနွေးပါတယ်။
ဒါကို ပြည်ခိုင်ဖြိုးပါတီက မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) ကိုယ်စား လှယ် ဦးလှဆွေက ဆွေးနွေးတဲ့အခါ “မြန်မာကို မြန်မာလို့မခေါ်ဆိုနိုင်ပဲနဲ့ ဘားမားလို့ ခေါ်တာကို ငြိမ်းချမ်းရေးကော်မရှင်မှာ ထည့်မယ်ဆိုရင် ကျနော်တို့ သံသယရှိပါတယ်” လို့ ထည့်ပြောသွားကြောင်း လွှတ်တော်တက်ရောက်သူတဦးဖြစ်တဲ့ ဦးဘုန်းမြင့်အောင်က ပြောပြပါတယ်။မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ဒေါက်တာဗညားအောင်မိုးကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ ကြိုတင်ကန့်သတ်ချက်တွေ ရှိနေတဲ့အချက်ကို ထောက်ပြဆွေးနွေးသွားတယ် လို့လည်း ပြောပါတယ်။
“ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာ ကြိုတင်ကန့်သတ်ချက်ရှိရင် မကောင်းဘူးပေါ့။ အဲဒီတော့ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လိုအပ်ချက်အရ အချိန်များစွာ သင်ခန်းစာယူပါတဲ့။ ဒီလိုကန့်သတ်ချက်ကိုတော့ ကြိုတင်ကန့်သတ်ချက်ဖြစ်တဲ့အတွက် မထည့်ပါနဲ့တဲ့။”
ချင်းတိုးတက် ရေးပါတီက ဦးပေါ်လျှံလွင်ကလည်း လူနည်းစု တိုင်းရင်းသားပါတီ အနေနဲ့ ရင်ဆိုင်ရတာတွေကို တင်ပြသွားတယ်လို့ ဆိုပါတယ်။
“သူတို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံခဲ့တာကော၊ ဒီ ၂၀၁၀ ရွေး ကောက် ပွဲဝင်ခဲ့တဲ့အတွက်ကိုရော အများကြီးပဲ ကဲ့ရဲ့ခြင်းခံခဲ့ရပါတယ်တဲ့။ ကဲ့ရဲ့ခြင်းခံရ တယ်တဲ့။ ဒီလွှတ်တော်ထဲကို ရောက်လာတဲ့အခါမှာလည်း အမတ်အင်အားကလည်း နည်း တယ်၊ တိုင်းရင်းသားတွေဖြစ်တဲ့အတွက် များစွာမျက်နှာငယ် နေပါတယ်တဲ့။ ဗမာလူမျိုးတွေ နဲ့ ငြိမ်းချမ်းရေးယူတဲ့အခါမှာလည်း အကိုကြီးတွေအရနဲ့ အားကိုးချင်ပါတယ်တဲ့။ အကိုကြီး အရာ နေပေးပါပေါ့။”
တပ်မတော်သားကိုယ်စားလှယ်တွေက ဆွေးနွေးရာမှာတော့ တပ်မတော်က တာ ၀န်ယူခဲ့တဲ့ နှစ် ၅၀ နီးပါးမှာ ပြည်တွင်းငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်တာကြောင့် ဖွံ့ဖြိုးတိုး တက်မှု နောက်ကျခဲ့ရတယ်ဆိုတဲ့ အချက်တွေကို အဓိက ဆွေးနွေးသွားကြတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောပါတယ်။
ဒီအဆိုကို အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က အဆိုအဖြစ် အတည်ပြု ရုံမက ကိုယ်စားလှယ် ၁၄ ဦး ဆွေးနွေးသွားတဲ့ အကြောင်းအရာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းထားတဲ့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီက စာတမ်းပြုစုပြီး လွှတ်တော်မှတ်တမ်းအဖြစ် ထားရှိဖို့ ဆုံးဖြတ်သွားပါတယ်။
ပြည်သူ့လွှတ်တော်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို အစိုးရပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ၀န်ကြီးက ဆောင်ရွက်နေကြောင်း ဖြေကြားသွားတယ်လို့ သိရပါတယ်။

Credit :DVB

Write A Comment

Rohingya Exodus