Latest Highlight

ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါး စာပေစိစစ်ရေးမှ ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေဆဲ



The_People_Age_Journal_1_year_79









နိုင်ငံရေးသတင်းများနှင့် ဆောင်းပါးများကို ဦးစားပေးဖော်ပြနေသည့် အပတ်စဉ်ထုတ် ပြည်သူ့ခေတ် 


သတင်းဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးတစ်ပုဒ်ကို စာပေစိစစ်ရေးမှ ဖော်ပြခွင့် ပြုလိုက်သည်ဟူသော သတင်းများ အင်တာနက်စာမျက်နှာများတွင် ထွက်ပေါ်ပျံ့နှံနေသောကြောင့် The Voice Weekly မှ ပြည်သူ့ခေတ်သို့ ဆက်သွယ်မေးမြန်းရာ အတိုင်ပင်ခံ အယ်ဒီတာဖြစ်သူ သတင်းစာဆရာ မောင်ဝံသက အဆိုပါဆောင်းပါးကို စာပေစိစစ်ရေးမှ ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။


အဆိုပါဆောင်းပါးကို ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ့ခေတ်ဂျာနယ်သို့ လွန်ခဲ့သော ရက်သတ္တပတ် သုံးပတ်ကတည်းက ပေးပို့ထားခြင်းဖြစ်ပြီး စာပေစိစစ်ရေးမှ ယခုဆက်သွယ်မေးမြန်းသည့် ည ၉ နာရီအချိန်အထိ ဆိုင်းငံ့အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
" ဆောင်းပါးကို ဖော်ပြခွင့် ပြုလိုက်ပြီဆိုပြီး ဆက်သွယ်လာမဲ့ တယ်လီဖုန်းသံကို စောင့်နေတာပါ၊ အဲဒီလို ဆက်သွယ်လာရင်တော့ သတင်းကောင်းပေါ့ဗျာ၊ မြန်မြန် ခွင့်ပြုစေချင်တယ်၊ မြန်မြန်ဖော်ပြလို့ ရတာပေါ့ " ဟု ၎င်းက ဆိုသည်။


ယင်းဆောင်းပါးနှင့် ပတ်သက်၍ ပြည့်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ဖေမြင့်ကလည်း " အခု အင်တာနက်မှာ ပျံ့နှံ့နေသလို၊ အခု ကြားနေကြသလို ကျွန်တော်တို့ အခုထိ မသိသေးဘူးဗျ၊ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်ကတည်းက ကျွန်တော်တို့ တင်ထားတယ်ပေါ့ဗျာ " ဟု The Voice Weekly ၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားသည်။

ယင်းဆောင်းပါးသည် ပြည်သူ့ခေတ်ဂျာနယ်အယ်ဒီတာအဖွဲ၏ တောင်းခံချက်အရ ဒေါ်အောင်ဆန်းစုကြည်မှ ပြည်တွင်း ပုံနှိပ်မီဒီယာတစ်ခုသို့ ပထမဦးဆုံးအကြိမ် ချီးမြှင့်သော စာမူဖြစ်ကြောင်းဆရာမောင်ဝံသက ပြောကြားသည်။


" တစ်ခြား ပုံနှိပ်မီဒီယာတွေကို ပေးထားမထားတော့ မသိသေးဘူးဗျ၊ ကျွန်တော်တို့ကို ပေးထားတဲ့ ဒီစာမူကို မြန်မြန် ခွင့်ပြုစေချင်ပါတယ်၊ စာပေစိစစ်ရေးက ခွင့်ပြုလိုက်တယ်ဆိုရင်တော့ သတင်းကောင်းပါ " ဟု ၎င်းက ထပ်လောင်းပြောကြားသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နှင့် ဇူလိုင်လ ၂၅ ရက်နေ့များတွင် ထုတ်လွှင်ခဲ့သည့် 2011 BBC Reith Lectures (နှစ်စဉ် ထုတ်လွှင့်နေကြ ထင်ရှားသော ခေတ်ပြိုင်အကြောင်းအရာများ) ကဏ္ဍတွင် ပါဝင်ခဲ့ကာ သူ၏ ပို့ချချက်နှစ်ခုကို BBC World service နှင့် BBC Radio 4 အသံလွှင့်အစီအစဉ်များတွင် ထုတ်လွှင့်ခဲ့ပြီး Youtube ရှိ BBC Channel မှလည်း ထုတ်လွှင့်ပေးခဲ့သည်။

Credit : The Voice Weekly

Write A Comment

Rohingya Exodus