ဟင်္သာတမြို့မှာ တင်းမာမှု ဖြစ်ပေါ်ခြင်းကို သံဃာတော်များ ကြားဝင် ဖြန်ဖြေပေးခဲ့
ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ သြဂုတ်လ ၂၇ ရက်နေ့ ညက ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ အကြား အခိုက်အတန့် တင်းမာမှု ဖြစ်ပွားခဲ့ပေမယ့် မြို့ပေါ်ရှိ သံဃာတော်များရဲ့ ကြားဝင် ဖြန်ဖြေမှုကြောင့် အခြေအနေဟာ အေးအေးချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
ဧရာဝတီတိုင်း ဟင်္သာတမြို့။ (image: wikipedia)
ဖြစ်ပုံမှာ ၂၇ ရက် ည ၈ နာရီခန့်က ဟင်္သာတမြို့ ဥယျာဉ်တောင်ရပ် ဗလီကျောင်းအနီး ဗိုလ်မြတ်ထွန်းလမ်းပေါ်မှာ ဆိုင်ကယ်စီးလာသူ နှစ်ဦးနဲ့ စက်ဘီးစီးလာသူ နှစ်ဦးတို့ မတော်တဆ ထိခိုက်မိရာကနေ စကားများပြီး ခိုက်ရန်ဖြစ်ပွားခဲ့မှုက စတင်ခဲ့တာလို့ စုံစမ်း သိရှိရပါတယ်။
အခင်းဖြစ်ပွားရာမှာ ပါဝင်တဲ့ အစ္စလာမ်ဘာသာဝင် နှစ်ဦးက အနီးရှိ ဗလီထဲ ဝင်ပြေးသွားလို့ မကျေနပ်တဲ့ လူတစုက တာလေး၊ ဝတ်တန်း၊ ရွှေကူ၊ ဥယာဉ်တောင်ရပ်ကွက်တွေက လူထုကို ခေါ်ဆောင်ပြီး ဗလီရှေ့မှာ သွားရောက် စုရုံးခဲ့တယ်လို့ သိရပါတယ်။ မျက်မြင်သက်သေ ဟင်္သာတ ဒေသခံတဦးက ..
“ဖြစ်စဉ်က အမှုမှန် မပေါ်ပေါက်မှာ စိုးလို့ တောင်းဆိုတဲ့သဘောပါ။ ရိုက်မယ်ပြုမယ် ထုတ်ပေး၊ လက်စားချေမယ်လို့ တယောက်မှ မပြောပါဘူး။ ပြန်ခိုင်းလို့တော့ မပြန်ဘူး၊ ထိုးတဲ့ တရားခံ ၅ ယောက်လုံးကို ဖော်ပေး၊ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ ဗမာဘက်က တောင်းဆိုတယ်။ သူတို့တောင်းဆိုတာကို ဘာသာရေး ခေါင်းဆောင်ပေါ့၊ ဗလီက ကော်မတီတွေကလည်း ခွင့်ပြုတယ်”
ညသန်းခေါင်ယံ အချိန်အထိ လူစု မကွဲတဲ့အတွက် ဟင်္သာတမြို့ သာသနာ့ဗိမာန် ကျောင်းတိုက်မှ သံဃာတော်နှစ်ပါး ဦးဆောင်ပြီး ကြားဝင် မေတ္တာရပ်ခံကြလို့ လင်းအားကြီး တနာရီခွဲခန့်မှာ လူစုကွဲသွားတယ်လို့ သိရှိရပါတယ်။
“အေးအေးချမ်းချမ်းပဲ ပြန်သွားပါတယ်။ ရမ်းရမ်းကားကား ဘာသာရေး အဓိကရုဏ်း ပုံစံမျိုး ဖြစ်မသွားပါဘူး။ ခရိုင်ရဲတပ်ဖွဲ့မှူးကတော့ ပြဿနာဖြစ်တဲ့ ဝတ်ကျောင်းမှာ တပ်ဖွဲ့အင်အား အပြည့်နဲ့ တညလုံး စောင့်နေတာပေါ့”
အခင်းဖြစ်ပွားမှုကြောင့် ဟင်္သာတ ခရိုင်တွင်းရှိ ရဲစခန်းတွေက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ခလရ (၁၈) က တပ်ဖွဲ့ဝင်တွေ ဟင်္သာတမြို့ကို ညတွင်းချင်း လာရောက်ပြီး လုံခြုံရေး ယူထားတယ်လို့လည်း သိရပါတယ်။
Credit : RFA Burmese
++++++++++++++++++++++++++++++++++++++++++++++++++
ဒီဗွီဘီ
မနေ့ ဩဂုတ်လ ၂၇ ရက်နေ့က ဟင်္သာတမြို့နယ်က ပလီကျောင်းတခုကို အရပ်သား ၃၀၀ လောက် ၀ိုင်းထားပြီး သူတို့အလိုရှိတဲ့ လူနှစ်ဦးကို ထုတ်ပေးဖို့ တောင်းဆိုတဲ့ ပြဿနာတခု ဖြစ်ပွားခဲ့ပါတယ်။
ဒီပြဿနာကို ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ သံဃာတော်တွေက ၀င်ရောက်ဖြေရှင်း လိုက်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
၂၇ ရက်နေ့က ဟင်္သာတ ဥယျာဉ်တောင်ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်းမှာ ဆိုင်ကယ် မောင်းနင်လာသူတဦးနဲ့ စက်ဘီးစီးနင်းလာတဲ့ လူရွယ် ၂ ဦးတို့ ထိခိုက်မိရာကနေ အချင်းများပြီး ထိုးကြိတ်ခဲ့သလို နှစ်ဦးက အနီးက ပလီအတွင်းကို ထွက်ပြေး ၀င်ရောက်ပါတယ်။
ဗလီကျောင်းဝင်းထဲ ထွက်ပြေးသွားတဲ့ လူရွယ် ၂ ဦးကို ထုတ်ပေးဖို့ အထိုးခံလိုက်ရတဲ့ ကိုစိန်ဝင်းရဲ့ ဆွေမျိုးသားချင်းတွေက ဗလီပြင်ပကနေ တောင်းဆိုရာကနေ လူထု ပိုမိုများလာတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ဗမာစီးလာတဲ့ ဆိုင်ကယ်နဲ့ ကုလားလေး စီးလာတဲ့ စက်ဘီး ငြိတာကနေ တယောက်နဲ့ တယောက် အချင်းများပြီး ကုလားလေး နှစ်ယောက်က ထိုးလိုက်တာ။ ထိုးပြီးတော့ သူတို့က ဗလီကျောင်းထဲ ၀င်ပြေးတာ။ ဒါကို အထိုးခံလိုက်ရတဲ့ဘက်က တရားခံကို ထုတ်ပေးဖို့ တောင်းဆိုရင်းနဲ့ လူအုပ်များလာတော့ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ မြို့မိ၊ မြို့ဖတွေက ၀ိုင်းပြီးဖြေရှင်းပေးကြတယ်။”
အခင်းဖြစ်စဉ်မှာ ထိုးနှက်ပြီး ဗလီတွင်းဝင်ရောက်သူနှစ်ဦးကို ဗလီတာဝန်ရှိသူတွေ ၀ှက်ထားတယ်လို့ အပြင်မှာ တောင်းဆိုသူတွေက ထင်မြင်ပေမယ့် အဲဒီနှစ်ဦးဟာ ဗလီထဲကို ဖြတ်ပြီး ကျန်ထွက်ပေါက်ကနေ ထွက်ပြေးသွားပြီး ရပ်ကွက်တခုမှာ ရောက်ရှိနေတာကို ဖော်ထုတ် ဖမ်းဆီးမိတာလို့ ဆိုပါတယ်။
တရာခံနှစ်ဦးကို ဖမ်းမိချိန်မှာ လူအုပ်က ပိုများလာတဲ့အတွက် မြို့လူထု လေးစားရတဲ့ ဘုန်းကြီးနှစ်ပါးက ၀င်ရောက် ဖျန်ဖြေပေးခဲ့ပြီးနောက် ပြဿနာ ပြေလည်သွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“တရာခံကို ရဲစခန်းမှာ ထားပြီးတော့ မြို့လူထု လေးစားတဲ့ ဓမ္မဗိမာန်ကျောင်းတိုက်က ရဟန်းနှစ်ပါးကို အကူအညီတောင်းရတာပေါ့။ လူထုကို ဖျန်ဖြေပေးဖို့ပေါ့။ အဲဒါနဲ့ ဦးကေတုမာလာ ဆိုတဲ့ ဦးဇင်းကပဲ လူမျိုးရေး အဓိကရုဏ်းဆိုတာ မဖြစ်သင့်တဲ့ဟာ၊ ဘာသာ ကိုးကွယ်မှုကို ဖယ်လိုက်ရင် လူလူချင်း ရန်ညှိုးထားတာ မကောင်းတဲ့ ကိစ္စမို့လို့ သူပြောတာကို နားထောင်ပါ။ သူညှိနှိုင်းပေးပါမယ်ဆိုပြီး တဖက်အာဏာပိုင်ကိုလည်း အဖြစ်မှန်ကို ဖော်ထုတ်ပေးဖို့၊ ဥပဒေအရ ထိရောက်စွာ အရေးယူဖို့နဲ့ တဖက်ကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းကမ်းရှိရှိ နောက်နောင် ဒါမျိုး မဖြစ်ဖို့ အကုန်ရှင်းပေးလိုက်တော့ ညတနာရီခွဲလောက်မှာ ကိစ္စ အားလုံးပြီးသွားတယ်။”
ဆရာတော်ရဲ့ အမိန့်အတိုင်း ဒီဖြစ်ရပ်ကို အတတ်နိုင်ဆုံး လျင်လျင်မြန်မြန်နဲ့ အကောင်အထည်ဖော်အောင် လုပ်ပေးမယ်ဆိုတာကို ခရိုင်တပ်ဖွဲ့မှူးကိုယ်တိုင်ရော မြို့နယ်အုပ်ချုပ်ရေးမှူး၊ စခန်းမှူးတွေကပါ ပြောဆိုခဲ့ကြတဲ့အတွက် ကျေကျေနပ်နပ်နဲ့ ပြဿနာ ပြီးဆုံးသွားတယ်လို့လည်း ပြောပါတယ်။
အထိုးခံလိုက်ရတဲ့ ကိုစိန်ဝင်းဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတာကလွဲရင် ဘယ်သူမှ တစုံတရာ ထိခိုက်မှု မရှိခဲ့ပါဘူး။