Latest Highlight

ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ဗိမာန်မှာ ဂါရ၀ပြု



ယနေ့နံနက်ပိုင်းကရန်ကုန်မြို့အာဇာနည်ဗိမာန်တွင် ပြုလုပ်သော ၆၄ နှစ် မြောက် အာဇာနည်နေ့ အခမ်းအနားသို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။ယနေနံနက်ပိုင်းက အာဇာနည်ဗိမာန်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)

မကြာခဏ ထိန်းသိမ်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ ကြီးမှူးကျင်းပသော အာဇာနည်နေ့ အခမ်းအနားကို ၉ နှစ် အတွင်း ပထမဆုံးအကြိမ် တက်ရောက်ခြင်း ဖြစ်သည်။



“ဒီမနက် ၈ နာရီခွဲက အစိုးရဘက်က ကားနဲ့ လာခေါ်ပါတယ်။ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများကို ဒေါ်အောင်ဆန်းစုကြည်က ဂါရ၀ပြုခဲ့တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေးယူထားသူ တဦးဖြစ်သည့် ကိုကျော်စိုးနိုင်က ဧရာဝတီကို ပြောသည်။

အာဇာနည်ဗိမာန်သို့ မသွားမီ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်တွင် ရဟန်းသံဃာများကို ပင့်ဖိတ်ကာ အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူး၍ ဆွမ်းကပ် လှူဒါန်းခဲ့သည်။ ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ပြုလုပ်သည့် ဆွမ်းကပ် လှူဒါန်းသည့် အစီအစဉ်ကိုလည်း တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည် ဗိမာန်သို့ ယနေ့ နေ့လယ်ပိုင်းတွင် ထပ်မံ သွားရောက်မည် ဖြစ်ပြီး NLD ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ( CRPP) အဖွဲ့ဝင်များ၊ လူငယ်ကွန်ယက်အဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၀၀ ခန့်လည်း လိုက်ပါသွားရန် စီစဉ်ထားသည်။

“၄ ယောက် တတွဲ သွားဖို့ လုပ်နေပါတယ်။ အာဇာနည်ဗိမာန်မှာ လွမ်းသူ့ပန်းခွေလည်း အားလုံး အတူ ချပြီး အာဇာနည် ခေါင်းဆောင်ကြီးများကို ဂါရ၀ပြုမှာ ဖြစ်ပါတယ်” ဟု လူငယ်ကွန်ယက်မှ ဦးဆောင်သူ တဦးဖြစ်သူ ကိုဖြိုးမင်းသိန်းက ပြောသည်။

ထိုအစီအစဉ်အတွက် လုံခြုံရေးကိစ္စများကို အထူးဂရုစိုက် လုပ်ဆောင်နေကြကြောင်း သိရသည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူအများအပြားကလည်း အာဇာနည်ဗိမာန်သို့ သွားရောက်ရန် စီစဉ်ထားသည်။

“အခု ကျမတို့ လူ ၂၀၀ ကျော်လောက်ကလည်း တာမွေကနေ ထွက်လာတာပါ။ ဘေးက လုံခြုံရေးတွေ ပါတယ်။ သူတို့ က လမ်းဘေးဝဲယာက အားပေးနေသူတွေနဲ့ မပူးပေါင်းမိစေချင်ဘူး။ လူထုက လမ်းဘေးက လက်ခုပ်သြဘာ ပေးနေကြပါတယ်” ဟု ထင်ရှားသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူ ဒေါ်နော်အုန်းလှက ဧရာဝတီကို ပြောသည်။

ဇူလိုင်လ ၁၂ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည် အာဇာနည် ဗိမာန်သို့ သွားရောက် ဂါရ၀ ပြုခွင့် ရခဲ့သည်။ သားဖြစ်သူ ကိုထိန်လင်း မြန်မာနိုင်ငံမှ မထွက်ခွာမီ အတူ သွားရောက်ကြခြင်း ဖြစ်သည်။

လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က ပြုလုပ်သော အာဇာနည်နေ့အခမ်းအနားမှာမူ အစိုးရ နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတို့အကြား ပဋိပက္ခများနှင့် အဆုံးသတ်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် အာဇာနည် ဗိမာန်သို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း ထိုစဉ်က စစ်အစိုးရဘက်မှ လုံခြုံရေး တင်းကြပ်မှုများ၊ လူထုအုံကြွမှု မဖြစ်ပေါ်ရေး ဖိအားပေး ခြိမ်းခြောက်မှုများ ရှိခဲ့သဖြင့် အစီအစဉ်ကို နာရီပိုင်း အလိုတွင် ဒေါ်အောင်ဆန်းစုကြည်က ဖျက်သိမ်းခဲ့သည်။

ထို့နောက် ရက်အနည်းငယ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ပထမဆုံး ဖမ်းဆီး ထိန်းသိမ်းပြီး ၆ နှစ်တိုင်အောင် နေအိမ် အကျယ်ချုပ်ချခဲ့သည်။

Source : Irrawaddy News

Write A Comment

Rohingya Exodus