ရခိုင်ပြည်နယ် ဒုက္ခသည်များကို ကုလ ကူညီမည်
“အစိုးရ ညွှန်ပြတာကတော့ အစားအစာ၊ နေစရာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုနေတယ်လို့ သိရပါတယ်။ UN နဲ့ မိတ်ဖက်အဖွဲ့တွေအနေနဲ့ ဝန်ထမ်းလုံခြုံရေး အာမခံနိုင်သရွေ့ အကူအညီပေးဖို့ အဆင်သင့်ပါပဲ” ဟု ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်းထောက်ထားသည့် ကူညီမှုပေးရေးအရာရှိ Ashok Nigam က ပြောသည်။
ဇွန်လအတွင်း ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူပေါင်း ၃၀ ခန့် သေဆုံးခဲ့ရကာ အိုးအိမ်မဲ့ ရွှေ့ပြောင်း ခိုလှုံသူများအဖြစ် လူပေါင်း ၂၃,၀၀၀ ခန့်မှာ ဒုက္ခသည်စခန်း ၃၇ ခုတွင် ခိုလှုံနေထိုင်ကြရသည်ဟု အစိုးရ တရားဝင် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ သို့သော် အခြေအနေမှာ အကဲဆတ်လှဆဲ ဖြစ်၍ ဆုံးရှုံးမှု စာရင်း အတိအကျ ကောက်ခံရရှိရန်မှာ ခက်ခဲကြောင်း အကူအညီပေးရေး အဖွဲ့များက ဆိုသည်။
ဇွန်လ ၁၃ နှင့် ၁၄ ရက်နေ့များတွင် ရခိုင်ပြည်နယ် မောင်တောမြို့သို့ Ashok Nigam နှင့်အတူ သွားရောက်ခဲ့သည့် ကုလ အတွင်းရေးမှူးချုပ်၏ အကြံပေးအရာရှိ မစ္စတာ ဗီဂျေး နမ်ဘီးယားကလည်း “ရခိုင်ပြည်နယ်တွင်း အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ ရရှိစေဖို့အတွက် UN အနေနဲ့ နိုင်ငံတကာနဲ့ နိုင်ငံတွင်းက ဝန်ထမ်းအဖွဲ့တဖွဲ့ကို လက်ရှိ ဝန်ထမ်းတွေနဲ့ တွဲလုပ်ဖို့ ဖြန့်ကျက်စေလွှတ်လိုပါတယ်” ဟု ဇွန်လ ၁၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်သည်။
လွန်ခဲ့သော နှစ်ရက်အတွင်း ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် ကုလသမဂ္ဂမှ ဆန်အိတ်ပေါင်း ၄၀၀ ကျော်ထောက်ပံ့ခဲ့ကြောင်း သိရသည်။