Latest Highlight

ရန်ကုန်တိုင်း ၀န်ကြီးချုပ် အဓိကရုဏ်းကိစ္စ သတင်းမီဒီယာများကို သတိပေး



ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အဓိကရုဏ်း ကိစ္စရပ်များအပေါ် သတင်းမီဒီယာများ သတိ ထားရေး သား ရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ချုပ် ဦးမြင့်ဆွေ ပြည်တွင်း သတင်းမီဒီယာများကို ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် သတိပေးပြော ကြားသည်။

“မီဒီယာတွေ နိုင်ငံတော်နဲ့ ပူးပေါင်း လုပ်ဆောင် သင့်တယ်။ အခုကိစ္စကနေ မမျှော်မှန်းနိုင် တဲ့ ဆုံးရှုံးမှုတွေ ဖြစ် သွားနိုင်တယ်”ဟု ဦးမြင့်ဆွေက ဆိုသည်။

အဆိုပါ အဓိကရုဏ်းကိစ္စရပ်များကို ဖော်ပြရာတွင် ပြန်ကြားရေးဝန်ကြီး ဌာနမှ ထုတ်ပြန် ထားသည့် မူဝါဒများကို ချိုးဖောက်ပါက ၀န်ကြီးဌာနမှ အရေးယူမည့် အပိုင်းရှိသကဲ့သို့ အုပ်ချုပ်ရေးပိုင်းကလည်း တည်ဆဲ ဥပဒေ ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၅ (ည) တို့ဖြင့် ဥပဒေပါ ထောင်ဒဏ် ငွေဒဏ်များ ချမှတ်အရေးယူသွားရန် ရှိကြောင်း ၄င်းက မီဒီယာများကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး တွင် ခေါ်ယူ သတိပေးပြောကြားသည်။

ယင်းအပြင် မီဒီယာများအနေနှင့် သတင်းနှင့် စာနယ်ဇင်းကျင့်ဝတ်များကို လိုက်နာကြရန် လည်း ထည့်သွင်းပြောဆိုခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ညွန်ကြားရေးမှုးချုပ် ဦးတင့်ဆွေကလည်း ရခိုင်ပြည်နယ် အဓိကရုဏ်းနှင့် ပတ်သက်သည့် သတင်းများကို ဖော်ပြရာတွင် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနကို မပျက်မကွက် တင်ပြရမည် ဖြစ်ပြီး ၄င်းတို့၏ စိစစ်ဖြတ်တောက်မှု အတိုင်းသာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ယင်းသို့ မလုပ်ဆောင်ပါက ဥပဒေနှင့် အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ခေါ်ယူအသိပေးပြောကြားခံရသည့် မီဒီယာများအကြားတွင် သဘောထား အမျိုးမျိုး ဖြစ်ပေါ်လျက်ရှိပြီး အချို့သတင်းမီဒီယာသမားများမှာ ၀န်ကြီးချုပ်၏ ပြုမှုပြောဆိုသည့် အသုံး အနှုန်းအချို့ပေါ်တွင် စိတ်ပျက် ရကြောင်း ၊ ပြောကြား လိုသည့် သဘောထားကို လက်ခံနိုင်သော်လည်း ယခင်အုပ်ချုပ်မှုမှ အကျင့်ဟောင်း များ အတိုင်း ပြုမူဆက် ဆံသည့် အပေါ်တွင်မူ လက် ခံနိုင်ရန် ခက် ခဲကြောင်း မှတ်ချက်ပေးပြောကြားသည်။

The Voice Weekly

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ရခိုင်ပြည်နယ်ပြဿနာများရေးသားဖော်ပြရာတွင် လှုံ့ဆော်သူများကို ဥပဒေကြောင်းအရ အရေးယူသွားမည်
 ရခိုင်ပြည်နယ်ပြဿနာများရေးသားဖော်ပြရာတွင် လှုံ့ဆော်သူများကို ဥပဒေကြောင်းအရ အရေးယူသွားမည်



ရန်ကုန် - ဇွန် ၁၀ | By Popular Myanmar News Journal

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ လွန်ကဲသောရေးသားဖော်ပြချက်များကိုတွေ့လာရသဖြင့် နိုင်ငံတော်အေးချမ်းတည်ငြိမ်မှုကိုပျက်ပြားစေသည့် ရေးသားဖော်ပြမှုများ ဆက်လက်ပြုလုပ်ပါကတည်ဆဲ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကပြောသည်။

ယနေ့ ဇွန်လ(၁၀)ရက်နေ့ ညနေ ၇ နာရီက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ပြည်တွင်း ပြည်ပ သတင်းဌာနများအား ခေါ်ယူတွေ့ဆုံကာ ထိုသို့သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မငြိမ်သက်မှုများဖြစ်ပေါ်လာစေရန် လှုံ့ဆော်သူများကိုလည်း ဥပဒေကြောင်းအရ အရေးယူသွားမည်ဖြစ်ကြောင်း၊

အရေးအကြီးဆုံးမှာ နိုင်ငံတော် အေးချမ်းသာယာရေးပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေနှင့် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်တို့ပါတက်ရောက်ခဲ့ကြပြီး၊ ရခိုင်ပြည်နယ်သတင်းများနှင့်ပတ်သက်၍ စာပေစိစစ်ရေးသို့တင်ပြပြီး၊ စာပေစိစစ်၏ ညွှန်ကြားချက်များအတိုင်းသာ ဖော်ပြကြရန်ကိုလည်း မီဒီယာများအားပြောကြားခဲ့သည်။

မိုးမြင့်မြတ်-
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ရန်ကုန်တိုင်းဝန်ကြီးချုပ် ရခိုင်ပြည်နယ်အရေး မီဒီယာများကို ပြစ်တင်


နယူးဒေလီ၊ ရန်ကုန် (မဇ္ဈိမ)။   ။ လတ်တလော ဖြစ်ပျက်နေသည့် ရခိုင်ပြည်နယ်တွင်း အရေးအခင်းများနှင့် ပတ်သက်၍ ပြည်တွင်း ပုံနှိပ် မီဒီယာအချို့ ရေးသားဖော်ပြနေခြင်းမှာ တည်ဆဲဥပဒေ၊ ပြန်ကြားရေး မူဝါဒများနှင့် ငြိစွန်းနေကြောင်း ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေ က မီဒီယာသမားများကို ခေါ်ယူ ပြစ်တင် သတိပေးလိုက်သည်။

ရန်ကုန်တိုင်း လွှတ်တော် အဆောက်အဦးတွင် ညနေ ၇ နာရီက နာရီဝက်ကြာ သတင်းစာ ရှင်းလင်းပွဲတွင် ဦးမြင့်ဆွေ က ပြည်တွင်း/ပြည်ပ မီဒီယာ ၅၃ ခုမှ မီဒီယာသမား ၆ဝ ကျော်ကို ခေါ်ယူ၍ နာရီဝက်ကြာ ရှင်းလင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကိုယ့်ဂျာနယ် ရောင်းရရင် ပြီးရောပဲ။ တိုင်းပြည် ဘာဖြစ်ဖြစ်၊ လူမျိုး ဘာဖြစ်ဖြစ်ဆိုပြီး ရေးသားကြတာတွေ ရှိနေပါတယ်။ သတင်းမှန်တယ်၊ အမှန်ကို ရေးတာပဲ ဆိုပေမယ့် ဒါတွေဟာ တိုင်းပြည် မငြိမ်မသက် ဖြစ်သွားစေနိုင်တဲ့ အနေအထားမျိုးတွေ သတိပြုဖို့ လိုပါတယ်။ ခုတိုင်းပြည်မှာ မငြိမ်မသက် ဆူပူမှုတွေ၊ ဘာသာရေး၊ လူမျိုးရေး တခုနဲ့တခု အထင်မှားမှုတွေ ဒါတွေမဖြစ်အောင် ဝိုင်းထိန်းရမယ့်အစား ဒါတွေကို မီးလောင်ရာ လေပင့် လုပ်နေကြတာ တွေ့ရတယ်” ဟု ဦးမြင့်ဆွေ က ပြောသည်။

ထို့ပြင် နိုင်ငံသားတိုင်း အနေနှင့် အခြေခံဥပဒေပါ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့် အစရှိသည့် အခွင့်အရေးများကို ရယူခံစားခွင့်ရှိသော်လည်း “အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ အခုဟာဆိုရင် တော်တော်လေးကို ဆန့်ကျင်လာတဲ့ အနေအထား ဖြစ်ပါတယ်” ဟု ပြောသည်။

စာနယ်ဇင်းများက ထိုသို့ ကျူးလွန်ဖောက်ဖျက်ပါက “ပြန်ကြားရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒတွေကို ကျူးလွန်ချိုးဖောက်ရင် အရေးယူသင့်တဲ့အပိုင်းတွေရှိသလို၊ ကျနော်တို့ အုပ်ချုပ်ရေးအပိုင်းနဲ့ ပတ်သက်လို့ ဒီပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရင် ဥပဒေအရ အရေးယူမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က သတိပေးသည်။

အုပ်ချုပ်ရေးပိုင်းမှ အရေးယူ အပြစ်ပေးနိုင်သည့် ပုဒ်မတခုအဖြစ် နာမည်ကြီးလှသော ‘၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ’ ပုဒ်မ ၅ (ည)နှင့် ပုဒ်မ ၅ဝ၅(ခ)တို့ကို နမူနာထုတ်ပြ ပြောဆိုသွားသည်။

“‘ပြည်ထောင်စု၏ လုံခြုံရေးကို လည်းကောင်း၊ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ဖော်ဆောင်ရေးကို လည်းကောင်း ထိခိုက်စေရန် အကြောင်းရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ သို့တည်းမဟုတ် ပြည်သူတစု၏ ကိုယ်ကျင့်တရားကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ ဖောက်လှဲဖောက်ပြန် ဖြစ်စေရန် ကြံရွယ်၍ တခုခုလုပ်လျှင် သို့တည်းမဟုတ် ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကို ပြုလျှင် ထိုသူအား ၇ နှစ်အထိ ထောင်ဒဏ် သော်လည်းကောင်း၊ ငွေဒဏ်ကိုသော်လည်းကောင်း၊ ဒဏ်နှစ်ရပ်စလုံးကို သော်လည်းကောင်း ထိုက်သင့်စေရမည်။ အများပြည်သူတို့အား အထိတ်တလန့် ဖြစ်စေရန် ကြံရွယ်၍ တခုခုလုပ်လျှင် သို့တည်းမဟုတ် ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကို ပြုလျှင်’ ဒီပြစ်ဒဏ်တွေကို ချမှတ်နိုင်တဲ့အကြောင်း ရေးသားဖော်ပြထားပြီး ဖြစ်ပါတယ်” ဟု ဦးမြင့်ဆွေက ထောက်ပြပြောဆိုသွားသည်။

ပုဒ်မ ၅ဝ၅ (ခ)မှာ “နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သော ပြစ်မှုကို တဦးတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း  တခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် သို့တည်းမဟုတ် (ဃ) လူအမျိုးအစားအချင်းချင်းဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ တဖက်နှင့်တဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးကို ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်” ဟု လည်း ရှင်းလင်း သတိပေးသွားသည်။

ထိုပြစ်မှုများနှင့် ထိုက်သင့်သူ မည်သူကိုမဆို ခြွင်းချက်မရှိ အရေးယူသွားမည်ဟု ဆိုသည်။

မည်သည့်ဂျာနယ်များဟူ၍ အမည်တပ် ထုတ်ဖော်ပြောဆိုခြင်းမပြုသော်လည်း အချို့ဂျာနယ်များတွင် အတိတ်မှ ဖြစ်ပျက်ခဲ့ဖူးသည့် ပဋိပက္ခများကိုပါ ချိန်ကိုက် ဖော်ပြလာကြခြင်းမှာ တိုင်းပြည်အား ကတိမ်းကပါး ဖြစ်စေရန် ရည်ရွယ်နေသည်ဟု ယူဆရကြောင်း ဦးမြင့်ဆွေက ပြောကြားသွားသည်။

ရခိုင်ပြည်နယ်တွင်း မေလ ၂၈ ရက်နေ့ ရခိုင်အမျုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှ စတင်၍ လူမျိုးရေး၊ ဘာသာရေး အမုန်းပွားမှုများ ပိုမိုတင်းမာလာရာမှ ဇွန်လ ၁ဝ ရက်နေ့တွင် နိုင်ငံတော်သမ္မတ က အရေးပေါ်အခြေအနေ ကြေညာရသည်အထိ သည်းသန် ပြင်းထန်လာခဲ့ရသည်။

ထိုသို့ ဖြစ်လာရခြင်းမှာ “ဒီနေ့ ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှုနေတဲ့ အချိန်မှာ ဒါကို မလိုတဲ့ ပြည်တွင်း/ပြည်ပ ဖျက်လိုဖျက်ဆီး လုပ်ချင်တဲ့လူတွေဟာ သွေးထိုးမြှောက်ပင့်ပြီးတော့ လူမျိုး အချင်းချင်း စိတ်ဝမ်းကွဲပြားအောင်၊ ဘာသာအချင်းချင်း စိတ်ဝမ်းကွဲပြားအောင်၊ အယူအဆ လွဲမှားအောင် အများကြီး လုပ်နေပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က စွပ်စွဲပြောဆိုသွားသည်။

ည ၈ နာရီတွင် သမ္မတ မိန့်ခွန်း မြွက်ကြားရန်ရှိသဖြင့် ဦးမြင့်ဆွေ၏ သတင်းစာရှင်းလင်းပွဲကို အချိန်တိုတွင်း အဆုံးသတ်ခဲ့ပြီး တက်ရောက်လာကြသော သတင်းထောက်များ၏ ပြန်လှန်မေးခွန်း ထုတ်ခြင်းများ ပြုလုပ်ခွင့် မရရှိခဲ့ကြောင်း သိရသည်။


Write A Comment

Rohingya Exodus