Latest Highlight

ကျမ်းသစ္စာ အသုံးအနှုန်း ပြောင်းလဲပေးရေး အဆို လွှတ်တော်မှာ တင်မည်

ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ လွှတ်တော်တွင်း ကျိန်ဆိုရမယ့် ကျမ်းသစ္စာ အသုံးအနှုန်း ပြုပြင်ပြောင်းလဲပေးဖို့ အဆိုကို မနက်ဖြန် တနင်္လာနေ့မှာ စတင်ကျင်းပမယ့် တတိယအကြိမ်မြောက် လွှတ်တော် အစည်းအဝေးမှာ တင်သွင်းမှာ ဖြစ်တယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အာအက်ဖ်အေကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။


၂၀၁၂ ခုနှစ် ဧပြီလ ၂၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းမှ ရှင်းလင်းပြောဆိုနေစဉ်။


ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ပြင်ဆင်ခဲ့တုန်းက လေးစားလိုက်နာပါမယ် ဆိုတဲ့ အသုံးအနှုန်း ပြောင်းလဲပေးခဲ့သလို အခု ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေရာမှာလည်း အဲဒီအတိုင်းပြောနိုင်ဖို့ လွှတ်တော်မှာ ဆွေးနွေးတင်ပြမှာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

NLD က တင်ပြထားတဲ့ ကျမ်းကျိန်လွှာကိစ္စ အဆင်ပြေအောင် ဆောင်ရွက်နိုင်ဖို့ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တွေမှာလည်းတာဝန်ရှိတယ်လို့သူ့အနေနဲ့ယူဆကြောင်း ဒေါက်တာအေးမောင်က ပြောပါတယ်။

လာမယ့် လွှတ်တော်အစည်းအဝေးမှာ အရင်လွှတ်တော်သုံးရပ်မှာ မပြီးပြတ်ခဲ့တဲ့ ဥပဒေဆိုင်ရာ ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းဖို့ ကိစ္စတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
RFA

Write A Comment

Rohingya Exodus