Latest Highlight

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရအပေါ် အချက်သုံးချက်ကို တိုက်တွန်း

နှစ်ပေါင်း ၅၆ နှစ်တာ ကာလအတွင်း ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ပထမဆုံး ခရီးစဉ်တွင် မြန်မာအစိုးရအား အချက်သုံးချက်ကို အဓိကထား၍ တိုက်တွန်းသွားသည်။

ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တရားမျှတလွတ်လပ်စွာကျင်းပပေးရန်နှင့်ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများကြောင့် နေရပ်ကို စွန့်ခွာထွက်ပြေးလာရသော စစ်ပြေးဒုက္ခသည်များအတွက် လူသားချင်းဆိုင်ရာ အကူအညီများ လွတ်လပ်စွာပေးနိုင်ရေးအပါအ၀င်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လေးနက်သော နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ရန် မြန်မာအစိုးရကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံဟေ့ဂ်က တိုက်တွန်းခဲ့သည်။ ထို့အချက်များကို မြန်မာအစိုးရအနေဖြင့် အကောင်အထည်ဖော်ခြင်း
ရှိမရှိကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၄င်းက ယနေ့ညနေ ၅း၃၀ တွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင် အထက်ပါ အချက်များကို မြန်မာအစိုးရ အကောင်အထည်ဖော်ခြင်းမှာ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားရေး၊မဖယ်ရှားရေးဆုံးဖြတ်နိုင်ရန်အတွက်လည်း အရေးပါပြီး၊ လာမည့် ဧပြီလအတွင်းအဆိုပါ အရေးယူပိတ်ဆို့မှုကို ဥရောပသမဂ္ဂက ပြန်လည်ဆွေးနွေးရန်ရှိသည်ကိုမြန်မာအစိုးရအနေဖြင့် အလေးအနက်ထားရန်လည်း ၄င်းက တိုက်တွန်းပြောကြားခဲ့သည်ဟုဆိုသည်။

ဗြိတိန်နိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအများစုတွင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးသည်ဆိုရာတွင် အကုန်လွှတ်ပေးခြင်းမျိုးဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့ တစ်ရစ်ပြီးတစ်ရစ်

လွှတ်ပေးနေခြင်းမျိုးမရှိကြောင်းလည်း ၄င်းက ပြောကြားခဲ့သည်။ မစ္စတာဝီလီယံဟေ့ဂ်က နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရအဆင့်မြင့်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ရာတွင်၊ တွေ့ဆုံခဲ့သော အဆင့်မြင့်ပုဂ္ဂိုလ်များက နိုင်ငံရေးအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန်ရှိကြောင်း ပြောကြားခဲ့သည်ဟု ၄င်းကတစ်ဆင့်ပြန်လည်ပြောပြသည်။

သို့သော် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရာတွင် ကမ္ဘာကစောင့်ကြည့်နေပြီး မဆိုင်းမတွ အမြန်ဆုံး လွှတ်ပေးစေလိုကြောင်း၊ ယခုအခါ မြန်မာအစိုးရ၏နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုအပေါ် ကမ္ဘာကတစ်မျိုးတစ်မည် ထင်လာကြပြီဖြစ်၍ အမြန်ဆုံးလွှတ်ပေးရန် တိုက်တွန်းခဲ့ကြောင်းလည်း မစ္စတာဝီလီယံဟေ့ဂ်ကပြောသည်။

ဖိုင်နေရှယ်တိုင်း(မ်)သတင်းစာမှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် အစီအစဉ်ရှိ၊ မရှိအမေးကို ၀န်ကြီးက ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများမှာမြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အခြေအနေပေါ်တွင် မူတည်နေကြောင်း ၄င်းကဆက်လက်ပြောသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးမှုရှိရန်၊ တရားစီရင်ရေးကောင်းမွန်ရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးသော ဥပဒေများပြဋ္ဌာန်းထားပေးရန်လိုကြောင်း ၄င်းက ပြောကြားခဲ့သည်။




Credit : 7 days News


Write A Comment

Rohingya Exodus