Latest Highlight

GW ၁၂ ဦး ထောင်ထဲတွင် ကျန်ရှိနေသေး

သီတင်းကျွတ် လပြည့်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (GW) အဖွဲ့ဝင် ၃ ဦး လွတ်မြောက်လာ သော်လည်း အကျဉ်းထောင်များထဲတွင် ၎င်းအဖွဲ့ဝင် ၁၂ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။


အောက်တိုဘာ ၁၂ ရက်နေ့က ရန်ကုန် အင်းစိန်ထောင်သို့ သွားနေသည့် GW အဖွဲ့ဝင်များ (ဓာတ်ပုံ - GW facebook မှ)


GW အဖွဲ့ဝင်များထဲမှ စုစုပေါင်း ၂၂ ယောက် အဖမ်းခံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ်များ ကျခံခဲ့ရသည်။
ယခုလွတ်မြောက်လာသူ GW အဖွဲ့ဝင်များမှာ ကျောက်ဖြူထောင်မှ ကိုအာကာဘို၊ မြင်းခြံထောင်မှ ကိုသီဟဝင်းတင်နှင့် GW စတင်တည်ထောင်မှုတွင် ပါဝင်ခဲ့သည့် တောင်ငူထောင်မှ ကိုအောင်ဇေဖြိုး (ခေါ်) ဖိုးထောင်တို့ဖြစ်ကြောင်း၊ ၁၂ ရက်နေ့က ပြန်လည် လွတ်မြောက်လာခဲ့ပြီး ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် ရန်ကုန်သို့ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။

၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့က GW အသင်း ဖွဲ့စည်းမှုကြောင့် အသင်းအဖွဲ့ တည်ထောင်ခြင်းပုဒ်မ ၆/ ၈၈ ဖြင့် အဖမ်းခံခဲ့ရသည့် ကိုအောင်ဇေဖြိုးက အစိုးရပေးသော ယခု လွတ်ငြိမ်းချမ်းသာခွင့်သည့် ၎င်းအတွက် အကျိုးသက်ရောက်မှု မရှိကြောင်း၊ ၎င်းလွတ်မြောက်ရန်အချိန် ၅ လခန့်သာ လိုတော့ကြောင်း ပြောသည်။


“ကျနော် လွတ်မြောက်တဲ့အတွက် မပျော်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က လွတ်ရက်နီးလို့ ပြန်လွတ်လာတာပါ။ ကျနော် ၄၃ လတိတိ ထောင်ထဲမှာ နေခဲ့ပြီးပြီ၊ နောက် ၅ လဆို လွတ်တော့မှာပါ။ အစိုးရက အပြောင်းအလဲ လုပ်နေတယ်၊ လူထုကို ယုံကြည်စေချင်တယ်၊ လူထု ပူးပေါင်းပါဝင်မှု ရချင်တယ်ဆိုရင် တခြား နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ လိုပါတယ်” ဟု သူက ဆိုသည်။
GW ကို စတင် တည်ထောင်စဉ်ကတည်းက မည်သူ တဦးတယောက်၏ တွန်းအားပေးမှုမှ မပါဘဲ ကိုယ့်တာဝန် ကိုယ်ယူကာ မတရားမှုကို တရားမှု ဖြစ်လာစေရေးအတွက် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အနာဂတ် တွင်လည်း တရားမျှတမှု ရရှိစေရေးအတွက် တတ်နိုင်သမျှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သီတင်းကျွတ်လပြည့်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် တောင်ငူထောင်မှ နိုင်ငံရေး အကျဉ်းသား ၅ ဦး လွတ်မြောက်ခဲ့ပြီး အများအပြား ကျန်ရှိနေသေးကြောင်း ကိုအောင်ဇေဖြိုးက ဆိုသည်။

“GW အဖွဲ့ဝင်မှ မဟုတ်ပါဘူး၊ နိုင်ငံရေး အကျဉ်းသားဆိုတာ ရှိကို မရှိသင့်ဘူး။ မြန်မာနိုင်ငံက အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား တဦးတယောက် ရှိနေမယ်ဆိုရင် အဲဒီတဦးတယောက် လွတ်မြောက်ဖို့အတွက် ကျနော်တို့ ဆက်ပြီး တိုက်ပွဲ ဝင်ရပါမယ်” ဟု GWအဖွဲ့ဝင် ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော်က ပြောသည်။


GW အဖွဲ့စတင်ဖွဲ့စည်း ပြီးချိန်တွင် အဖွဲ့ဝင်လူငယ်များသည် နိုင်ငံရေး လှုပ်ရှားမှုများကို လျှို့ဝှက်လုပ်ဆောင်ခဲ့ကြ သော်လည်း ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့က အဖွဲ့ ၄ နှစ်မြောက် မွေးနေ့ကို ကျင်းပကာ နိုင်ငံရေးလှုပ်ရှားမှုများကို မြေပေါ် လှုပ်ရှားမှုများအဖြစ် စတင်ပြောင်းလဲ လုပ်ဆောင်သွားမည်ဟု ဇေယျာသော်က ထုတ်ဖော် ပြောဆိုခဲ့သည်။
 
Credit :Irrawaddy News

Write A Comment

Rohingya Exodus