Latest Highlight

မြန်မာနိုင်ငံကို စေတီဘုရားများပေါများတဲ့နိုင်ငံ လို့တင်စားခေါ်ဝေါ်လေ့ရှိကြသလို၊ တချို့ကလည်း (ရွှေတိဂုံ စေတီတော်ရဲ့ တောက်ပထည်ဝါမှုကိုအကြောင်းပြု၍ဟုထင်ပါသည်)ရွှေနိုင်ငံဟုတင်စားကြတတ်ပါတယ်။ နိုင်ငံ ခြားရောက် မြန်မာများကလည်း မြန်မာအချင်းချင်းကို ရွှေတွေလို့တင်စားပြောဆိုတတ်ကြပါတယ်။ ကိုယ့် နိုင်ငံကို မြင့်မြတ်သူတွေ၊ ယဉ်ကျေးသူတွေနေတဲ့နိုင်ငံ၊ တန်ဖိုးရှိသူတွေနေတဲ့ တန်ဖိုးရှိတဲ့နိုင်ငံလို့ ကမ္ဘာကို သိ စေချင်တာ မြန်မာနိုင်ငံသားတိုင်းရဲ့ဆန္ဒပါ။ မြန်မာကိုကမ္ဘာ အထင်မကြီးခြင်နေပါ။ အထင်သေးအမြင်သေးခံရ မှာကိုတော့ မြန်မာနိုင်ငံသားဘယ်သူကမှ မလိုလားကြပါဘူး။ ၂၇ နှစ်ကြာ တံခါးပိတ်ကာလကြီး ပြိုပျက်ခဲ့ပြီးတဲ့ နောက် ကမ္ဘာ့ပြည်သူအတော်များများ မြန်မာဆိုတာကိုပြန်လည် သိလာကြပါတယ်။ ကြာလေ ပို၍သိလာလေပါ။ သို့သော်…အရင်ကသိခြင်း နဲ့ အခုသိခြင်းက တော့ကွာခြားသွား ပါတယ်။

တချိန်တုန်းကတော့ (လွတ်လပ်ရေးမတိုင်ခင်နဲ့ လွတ်လပ်ရေးရပြီးစက)အထူးသဖြင့် အိမ်နားနီးချင်း နိုင်ငံတွေက မြန်မာကိုအထင်ကြီးလေးစားတယ်။ လီကွမ်ယု လိုပုဂိုလ်မျိုး ငယ်တုန်းက မြန်မာကို အားကျခဲ့ဖူးတယ်လို့ဆို တယ်။ ထိုင်းလူမျိုးတော်တော်များများကလည်း မြန်မာနိုင်ငံကို အထင်ကြီး အားကျခဲ့တယ် ဆိုတာကြားဖူးခဲ့ ပါတယ်။ တိုင်းပြည်ကလည်းချမ်းသာ၊ ပညာရေးကလည်း အဆင့်မြှင့်၊ လူတွေကလည်း လောကနီတိတရားကို အလေးထားလိုက်နာတာကြတာကြောင့် ကိုယ်ကျင့်သိက္ခာတွေ ကောင်းကြတယ်၊ ရိုးသားကြတယ်၊ ဖေါ်ရွေတတ် ကြတယ်၊ သီးခံခွင့်လွှတ်တတ်ကြတယ်၊ စိတ်ထားရေးရာ မှာမြင့်မြတ်တယ်။ ထိုထိုသော အချက်များကြောင့် သိ သိသမျှသော ရပ်ဝေးရပ်နီးနိုင်ငံ ကလူတွေအားကျ အထင်ကြီးကြတာအဆန်းတော့မဟုတ်ပါဘူး။
အခုအချိန်မှာတော့ ကံမကောင်းအကြောင်းမလှလို့ တိုင်းပြည်ကအာဏာရှင်လက်အောက်ကျရောက်ပြီး ပြည်သူ တွေဆင်းရဲတွင်းနက်ခဲ့ရတယ်။ တိုင်းပြည်ပတ်ပတ်လည်မှာ ဒုက္ခသည်စခန်းတွေနဲ့ တန်းစီနေခဲ့ ရတယ်။ တိုင်း ပြည်ဆင်းရဲတာကတပိုင်း ထားပါတော့၊ အူမမတောင့်လို့ သီလမစောင့်နိုင်တာ ဆိုတာ ကြီးကလည်းအကျင့် တ ရပ်လိုဖြစ်လာပြီး ကြာတော့စိတ်ဓါတ်ရေးရာ ကျန်းမာရေးကလည်းယိုယွင်း၊ အတွေးအခေါ်ရေးရာ ဖွံ့ဖြိုးမှုအား ကလည်းကျဆင်း၊ ကောင်းသောအတုကိုယူနိုင် တဲ့အမြင်အားကလည်း နည်းသထက်နည်းဖြစ်ခဲ့ရပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တလှေလုံးပုတ်တယ် ဆိုရင်တော့ ကြားကောင်းပါသေးရဲ့။ အခုဟာက အကောင် ကြီးကြီး တလှေလုံးနီးပါးပုတ်ကုန် ပြီလို့ဆိုရမလိုပါ။ ဆိုတော့ သိသိသမျှသော ရပ်ဝေးရပ်နီးနိုင်ငံ ကလူအတော် များများက မြန်မာဆို နှခေါင်းရှုံ့ အထင်သေးလာတယ်၊ ဒါဟာလည်း အဆန်းတော့မဟုတ်ပါဘူး။

အိမ်တွင်းမှာ စည်းကမ်းမဲ့တာက နည်းနည်းခံသာသေးတယ်၊ အပြင်မှာ ဖိုးသင်းမျောက်လုပ်ပြတာက သူ တကာ အထင်သေးစရာဖြစ်သလို ရှက်စရာလည်းကောင်းလှပါတယ်။ မနှစ်တုံးက ရုရှားမှာ တက္ကသိုလ်ဘွဲ့လွန် သင် တန်း(အဆင့်မြှင့်ပညာရေးသင်တန်း) တက်နေကြတဲ့မြန်မာကျောင်းသားတွေ အဆောင်စည်းကမ်းမလိုက်နာလို့ ပိုးမွှားနဲ့ ရောဂါဘယ အန္တရာယ်ပါစိုးရိမ်လာရတဲ့အတွက် အဆောင်ကထွက်ပေးကြရမယ်၊ မထွက်ပေးရင် တရား စွဲမယ်ဆိုတဲ့ အကြောင်း မြန်မာသံရုံးကိုသက်ဆိုင်ရာတက္ကသိုလ်က အကြောင်းကြားခဲ့ရတယ်လို့ဆိုတယ်။


ဒီနှစ် စင်္ကာပူနိုင်ငံ Pennisula Palza,မှာ Indoor မှာ လုပ်တဲ့ သင်္ကြန်မှာလည်းကြည့်ဦး။ စီစဉ်သူက ရေမ ပက်စေရပါဘူးဆိုတဲ့ အာမခံချက်နဲ့ ပွဲစီစဉ်ပေးတယ်လို့ဆိုတယ်။ သို့သော်လည်း မရဘူး ပက်တာပါဘဲတဲ့။ အီလက်ထရောနစ်စက်များ ပျက်စီးသွားနိုင်ကြောင်း၊ ရေမပက်ရန်အာမခံထားရကြောင်း မေတ္တာရပ်ခံနေတဲ့ကြား က အမူးလွန်နေသူများက ရေပက်ကြတယ်လို့ဆိုတယ်၊ ရဲက သုံးလေးယောက်လောက်ကို ဖမ်းပြလိုက်တော့မှ ရေပက်တာငြိမ်သွားတယ်လို့ဆိုတယ်။ ဒါတောင်မှ အမူးလွန်သူများ ဆက်ကနေကြတာကြောင့် ပွဲထိန်းရခက် လို့ ပွဲသိမ်းစောလိုက်ရပါတယ်တဲ့။ ပွဲသိမ်းပြီးတာတောင်မှ တီးဝိုင်းမပါကသူများ ဆက်ကနေကြပါသတဲ့။ ပွဲပြီး တော့ ပွဲကျင်းပရာနေရာ တဝိုက်မှာ ကွမ်းထွေးတွေ၊ အံဖတ်တွေ၊ အမှိုက်သရိုက်တွေ ပြည့်ကျန်ရစ်ခဲ့ပါ၏..တဲ့။ နောက်နှစ်ဒီနေရာမှာ ပွဲလုပ်ခွင့်ရဖို့ မသေချာတော့ဘူးလို့လည်းဆိုပါတယ်။ နိုင်ငံခြားမှာလုပ်တဲ့ သင်္ကြန်ပွဲကို အများအားဖြင့် Myanmar Traditional Thagyan Festival လို့ နဖူးစည်းတတ်လေ့ရှိကြပါတယ်။ ဖိတ်ထား တဲ့ဧည့်သည်တော်များ၊ ဖြတ်သွားဖြတ်လာ မြန်မာမဟုတ်သူ ပွဲကြည့်ပရိသတ်များ၊ ပလာဇာစောင့်လုံ ခြုံရေးများ၊ ပလာဇာတွင်ဈေးရောင်းကြသည့်မြန်မာမဟုတ်သူများက “အော်….. မြန်မာရိုးရာဆိုတာ.. အလွန်အကျွံမူးရတဲ့၊ သူတပါးပစ္စည်းပျက်စီးမှာကို အလေးမထားတဲ့၊ စည်းကမ်းမဲ့တဲ့ ရိုးရာပွဲပါလား” လို့ မှတ်ယူသွား ကြရင်ဖြင့် ရှက် စရာ ကောင်းပါလား၊ တိုင်းပြည်ရောလူမျိုးဂုဏ်ကိုပါထိခိုက်စေတာပါကလား လို့များမတွေးမိရော့ကြလေသလား မသိပါ။
ဒီနှစ်ဇူလိုင်လက ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံး ခြေစစ်ပွဲ၊ အိုမန်နဲ့ ကန်တဲ့ပွဲကိုလည်းကြည့်ဦး။ ပထမဆင့် အိုမန်မှာကန်တုန်းက ၂ ဂိုးနဲ့ရှုံး ခဲ့တာကို ကိုယ့်နိုင်ငံမှာ ကစားရမဲ့ပွဲစဉ်ကျရင် ၁၃ယောက်မြောက် ကစားသမားနဲ့ အနိုင်ယူမယ်လို့ဆိုတယ်။ အနိုင်ယူလိုစိတ်ရှိတာကကောင်းပါတယ်။ ဒါပေမဲ့ အနိုင်ယူဖို့ စိတ်စောကာ ပရိသတ် များအောင် ရိုးရိုးတန်းပွဲကြည့်စင်တွေကိုအခမဲ့ဝင်ခွင့်ပေးခဲ့လေတော့ ပြဿနာတက်သွားရပါတော့တယ်။ ပရိ သတ်တွေကမူးနေသူတွေများတယ်လို့ဆိုတယ်။ 

ကိုယ်ရှုံးတာနဲ့ဘဲစည်းကမ်းမဲ့စွာ ကွင်းထဲကို အရာပေါင်းစုံနဲ့ ပစ် ထည့်ကြပါတယ်။ ယုတ်စွအဆုံး ကိုယ်တုံးလုံးချွတ်ပြီး အော်ဆဲတဲ့သူတွေကလည်း ရှိပါသေးတယ်တဲ့။ အိုမန်လို အသင်းကိုနိုင်မှာမဟုတ်ဘူး ဆိုတာကြိုတွက် ထားတဲ့သူတွေ ကလည်းတွက်ထား ပြီးသားဖြစ်တယ်။ မနိုင်တော့ လည်းဘာမှတော့မဖြစ်ပါဘူး၊ ကစားတယ်ဆိုကတည်းက အနိုင်အရှုံးဆိုတာရှိမှာဘဲ။ ကိုယ့်အသင်းကိုအနိုင်ရ စေခြင်တာက သဘာဝကျပါတယ်။ အားကစား ပြိုင်ပွဲဝင်တယ်ဆိုကတည်းက နိုင်ပြချင်လို့ဝင်တာဘဲ၊ ဒါပေမဲ့ မနိုင်ရင်နိုင်ရာနဲ့ချကွာ ဆိုတာကတော့ စိတ်ဓါတ်ညံ့ဖျင်း လွန်းရာကျပါတယ်။ အခုတော့ကြည့် မြန်မာဘောလုံး အသင်းဟာ ၂၀၁၈ ခုနှစ်မှာကျင်းပမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့်တောင် ပိတ်ပင်ခံလိုက်ရတယ်လို့ဆိုတယ်။ အခု လိုဖြစ်တော့ကာ နှစ် ၅၀ ကျော်အတွင်း ကမ္ဘာဖလား ခြေစစ်ပွဲလေးကို ပထမဆုံးအကြိမ် ဝင်ခွင့်ရပါမှအဝင်ဆိုးနဲ့ သမိုင်းတွင်ခဲ့ပါတော့မယ်။ တတိုင်းပြည်လုံး၊ တမျိုးသားလုံးအတွက် သိက္ခာကျစေတဲ့အဖြစ်ပါဘဲ။ မြန်မာတွေ စိတ်ဓါတ် ဒီလောက်တောင်ဘဲ အောက်တန်းကျ ကြောင်းကမ္ဘာကို သိစေလိုက်သလိုဖြစ်တယ်။

တဖက်မှာလည်းကြည့်ဦး။ မကောင်းသတင်းဘက်မှာ မြန်မာနိုင်ငံက ထိပ်ပိုင်းကနေရာယူ ထားပါသေးတယ်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းမှာလည်းလွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကတည်းက ရှိနေတုန်း ပါဘဲ၊ လူ့အခွင့်အ ရေး အချိုးဖေါက်ဆုံးနိုင်ငံစာရင်းမှာလည်းပါတာဘဲ၊ ဘာသာရေးခွဲခြားဖိနှိပ်မှု အများဆုံးစာရင်း မှာလည်းပါတာ ဘဲ၊ သတင်းလွတ်လပ်မှု မရှိဆုံးစာရင်းမှာလည်းပါတာဘဲ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု အများဆုံးစာရင်း မှာ လည်းထိပ်ကဘဲ၊ ကလေးစစ်သားအသုံးပြုမှုစာရင်းမှာလည်းပါတာဘဲ၊ ချစားမှု အများဆုံးနိုင်ငံများ စာရင်းမှာ လည်းပါတာဘဲ။ 

အရင်က မြန်မာကို သိကြပုံနဲ့ အခုသိကြပုံက ဒီလိုကွာခြားသွားတာပါ။ ဒီလိုပြောလို့ မကောင်းဘဲ မြင်နေ တယ် လို့မထင်ဘဲ၊ ပြင်စေခြင်လို့ စေတနာနဲ့ပြောတာလို့ လှည့်မြင်စေလိုပါတယ်။
ပျက်ရင်အစဉ်ပြင်ရင်ခဏပါ။ မကျန်းမမာဖြစ်နေတဲ့စိတ်ဓါတ်ကိုပြင်ပစ်လိုက်သင့်ပါပြီ။ အထူးသဖြင့်တော့ စိတ်ပိုင်းချို့ယွင်းရခြင်းဟာ အတ္တစိတ်တွေကြောင့်ဖြစ်တယ်။ အာဏာကိုလက်မလွတ်ချင်တာ၊ ရာသက်ပန် ခေါင်းဆောင်ဖြစ်ချင်တာ အတ္တစိတ်ကြောင့်ပါ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး အမြတ်ထုတ်ခြင်း ဟာလဲအတ္တစိတ်ကြောင့်ပါ။ ဒီမိုကရေဒီတော့လိုချင်တယ် ဒီမိုကရေစီကိုမကျင့်သုံးချင်တာလဲ အတ္တကြောင့်ပါဘဲ၊ ကိုယ်ကတော့ လူ့အခွင့်အရေးအပြည့်အဝဆိုတာလိုချင်တယ်၊ သူများကိုတော့ အခြေခံလူ့အခွင့်အရေးတောင် မပေးခြင်တာလည်း အတ္တစိတ်ကြောင့်ဘဲ၊ အဖွဲ့အစည်းတွေအမျိုးမျိုးကွဲပြီး မညီမညွတ်ဖြစ်နေတာလည်း အတ္တ ကြောင့်ပါဘဲ၊ ဝဋ်လိုက်တတ်တယ်ဆိုတာသိလျှက် ဝဋ်လိုက်နေတာကို ဝဋ်လိုက်နေမှန်းမသိတာဟာလည်း အတ္တ စိတ်လွန်ကဲနေတာကြောင့်ပါဘဲ။ အတ္တစိတ်ဟာ အလင်းရောင်ကိုမမြင်နိုင်ပါဘူး။ 

ပညာတွေဘယ်လောက် ဘဲ တတ်နေပါစေ၊ စာတွေ ဘယ်လောက်ဘဲဖတ်နိုင်နေပါစေ၊ အတ္တစိတ်ဖုံးလွမ်းနေရင် အမှန်ကိုမမြင်နိုင်ပါဘူး၊ စည်းကမ်းကိုလည်းမသိပါဘူး၊ ဥပဒေလည်းမလိုက်နာဘူး၊ တရားမျှတမှုကိုမမြင်နိုင်ဘူး။ အတ္တစိတ်ဟာ ဘုရား ကို လည်းလိမ်တယ်၊ တရားကိုလည်းလိမ်ပါတယ်၊ သူတပါးကိုလည်းလိမ်တယ်၊ ကိုယ့်ကိုကိုယ်လည်းလိမ်ပါ တယ်။ အတ္တစိတ်ဟာ ဒီလိုသိမ်ဖျင်းတဲ့စိတ်ပါ။
သိမ်ဖျင်းတဲ့စိတ်ကြောင့် တိုင်းပြည်က ဆင်းရဲသွားရတာလား၊ ဆင်းရဲမွဲတေတာကြောင့် စိတ်ဓါတ်သိမ်ဖျင်းလာ တာလား။ ဆိုရရင်တော့ အာဏာရှင် ဦးနေဝင်းနဲ့ ဦးနေဝင်းကို ဝန်းရံမြှောက်ပေးနေသူတွေရဲ့ သိမ်ဖျင်းတဲ့ စိတ်ကြောင့် တိုင်းပြည် ဆင်းရဲသွားရတာဖြစ်တယ်လို့ဆိုလို့ရနိုင်ပါတယ်။ အုပ်ချုပ်တဲ့သူများ စိတ်ဓါတ်သိမ် ဖျင်းတော့ကာ၊ အုပ်ချုပ်ခံ၊ အဖိနှိပ်ခံ၊ ဆင်းရဲဒဏ်ခံပြည်သူများကလည်း စိတ်ဓါတ်ပျက်ပြားလာရတယ်ဆိုရမှာပါ။ ဒီ စိတ်ဓါတ်ပျက်ပြားလာမှုကြီးက ကိုယ့်နိုင်ငံရဲ့ဂုဏ် သိက္ခာကြီးကို ဆွဲချသွားနေတာဖြစ်တယ်။

ကမ္ဘာမှာ မြန်မာကွဟေ့… ဆိုပြီး တချိန်တုန်းကလို ဂုဏ်သိက္ခာကြီးပြီး နိုင်ငံတကာက အထင်ကြီး လေးစားရတဲ့ အဆင့်မျိုးပြန်ရအောင်လုပ်ဖို့ ယနေ့ ခေါင်းဆောင်များ( နိုင်ငံရေးပါတီအသီးသီး၏ခေါင်းဆောင် များ၊ နယ်စပ်ရှိ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်နက်မကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ မြှောက် များလှစွာသော ကျောင်းသားခေါင်းများ၊ ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းအမျိုးမျိုး၊ အဖွဲ့အသီးသီး၏ခေါင်းဆောင် များ၊ အမျိုးသမီးအဖွဲ့များ၏ ခေါင်းဆောင်များ)မှာ တာဝန်အရှိဆုံးပါ။ ဒါဟာ တိုင်းပြည်ဂုဏ်၊ ပြည်သူတရပ်လုံး ရဲ့ဂုဏ် ကိုပြန်လည် မြှင့်တင်ဖို့ ဒီလိုပျက်ပြားနေတဲ့ စိတ်ဓါတ်ကို ပြင် သွားကြ ရန် ခေါင်းဆောင်များက ဦးဆောင်မှုပေး၊ လမ်းညွန် စံပြ လုပ်ဆောင်သွားကြရန် အချိန်တန် ပြီဖြစ်ပါကြောင်း စေတနာရင်းဖြင့်နိုးဆော် တင်ပြအပ်ပါတယ်။
ဝင်းမောင် (ဟဲဟိုးသား)
၁ ရက်၊ နိုဝင်ဘာလ၊ ၂၀၁၁ ခုနှစ်

ခေတ်ကြီးကအွန်လိုင်းခေတ် ဆိုတော့ တနေ့ တစ်ခေါက်နှစ်ခေါက်လောက်တော့ အီးမေးထဲအလျှံပယ်ဝင်လာတဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ ဆွေးနွေးချက်တွေ၊ ကြော်ငြာတွေထဲက စိတ်ဝင်စားစရာတွေ ကိုဖတ်ဖြစ်ပါတယ်။ အချိန်ရတဲ့အခါတော့လည်း စိတ်ဝင်စားတဲ့၊ တွေးမိတဲ့ အကြောင်းအရာလေးပေါ်မှာ စာကောက်ရေးဖြစ်၊ ဆွေး နွေးဖြစ်ပါတယ်။ အခုလည်း အများဒကာပြောနေကြလို့ ရခိုင်ပြည်တွင်းကလူမျိုးရေးကိစ္စ သိမိ ကြားမိ တွေးမိ တာလေး ရေးလိုက်ရပါတယ်။

မြန်မာနိုင်ငံ၏ လူမျိုးစုများအရေး စဉ်းစားကြတဲ့အခါမှာရခိုင်ပြည်တွင်းက ဘင်္ဂါလီလို့ ရခိုင်များကဆိုတဲ့ (ရိုဟင် ဂျာ) ဆိုသူတွေရဲ့ အရေးကလည်း ခြွင်းချန်ထားလို့မရဘူးဆိုတာ ၁၉၉၀-၉၁  ခုနှစ်လောက်က မာနယ် ပလော မှာ ရခိုင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗဟိုတရားရုံးရှေ့နေကြီး ခိုင်စောထွန်းနဲ့ လူမျိုးစုအရေး စကားစပ်မိပြောဆို ဆွေးနွေးမိကြတုန်းကတည်းက မြင်မိခဲ့ပါတယ်။ တချိန်တုံးကတော့ (ရိုဟင်ဂျာ)ဆိုတာကော သူတို့ရဲ့ဒုက္ခသုက္ခ ကော၊ မြန်မာပြည်သူ အများစုက မသိကြ၊ (အထူးသဖြင့် ဦးနေဝင်းရဲ့အမှောင်ချခေတ် မျိုးဆက်လူငယ်များ က ပို၍မသိကြ) မကြားဖူးကြပါဘူး၊ သိကြသူအနည်းအကျဉ်းတို့ကလည်း၊ သာမန်အားဖြင့်တော့ ဒါ ရခိုင်ပြည် တွင်းကိစ္စ၊ ရခိုင်တွေသာ အသိဆုံး၊ ရခိုင်အမျိုးသားတွေကဘဲဖြေရှင်းရမဲ့ကိစ္စဆိုပြီး ဖာသိဖာသာနေကြပါတယ်။ အခုတော့ သူတို့ကိစ္စဟာ နိုင်ငံတကာမီဒီယာတွေ၊ နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တွေ၊ အဲန်ဂျီအိုတွေ၊ အပြင် ကုလသမဂ အထိပါသိလာကြပါတယ်။ မသိတာတွေ မသိသလိုပျောက် ကွယ်မ သွားဘဲ၊ သိလာတာကိုက သတိမူသင့် အလေးထားသင့် တဲ့အချက်လို့ဆိုရမှာပါ။  

တဖက်မှာတော့ သူတို့တွေရဲ့ ဒုက္ခသုက္ခကို စာနာသူတွေ နိုင်ငံတကာ အသိုင်းအဝိုင်း မှာကော မြန်မာလူမျိုး ထဲမှာပါပို ပိုလာတာ တွေ့မြင်နေရပါတယ်။ ရခိုင်အမျိုးသားတွေတောင်မှ (ရိုဟင်ဂျာ)တို့ရဲ့ ဒုက္ခ သုက္ခကို အများနည်းတူ စာနာမှုရှိ ကြပါတယ်လို့ပြောရင် လွန်ရာကျမယ်မထင်ပါဘူး။ တဖန် ဒီ(ရိုဟင်ဂျာ)တွေဟာ ရခိုင်တွေနဲ့ တမြေထဲနေ၊ တရေထဲသောက်၊ ရခိုင်ပြည်တိုးတက်ရေး၊ ရခိုင်ပြည်အရေးကိုအတူတကွဆောင်ရွက် ကြရမယ်လို့ သဘောပိုက်ထားတဲ့ ရခိုင်ခေါင်းဆောင်များလည်းအများအပြားရှိကြပါတယ်။ ရခိုင်တော်လှန်ရေး ခေါင်းဆောင်ကြီး ခိုင်မိုးလင်းရဲ့တပ်ထဲမှာ (ရိုဟင်ဂျာ)ဆိုသူများပါဝင်ခဲ့တာရှိတယ်လို့ဆိုတယ်၊ ဥက္ကဌ ခိုင်မိုးလင်း ကျဆုံးမှုနဲ့အတူ သူတို့တွေလည်း ရခိုင်ပြည်အတွက် အသက်ပေးခဲ့တာတွေရှိတယ်၊ ဦးကျော်လှက အဲမ်အယ်လ် အို ဆိုပြီးပြောင်းမဖွဲ့ခင်၊ အေအယ်အို (Arakan Liberation Organization)ကိုဖွဲ့တယ်။ အဲဒီမှာ ရခိုင် ဗုဒ္မွဘာသာတွေ နဲ့ပေါင်းဖွဲ့ ခဲ့တာလို့ဆိုတယ်။
စစ်အစိုးရကိုဖြုတ်ချပြီးဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်အရေး ကိစ္စဆောင်ရွက်ရေးတွေမှာ ရခိုင်ပြည် အ တွင်းက အင်အားစုများဖြင့် စုစည်းဖေါ်ဆောင်ရမယ်လို့ ယူဆထားပုံရတဲ့ NUPA အဖွဲ့က (ရိုဟင်ဂျာ)အဖွဲ့များနှင့် မဟာမိတ်ဖွဲ့ထား တာရှိသလို၊ (ရိုဟင်ဂျာ)ဆိုတဲ့ နာမယ်က တကဏ္ဍထား၊ သူတို့ဟာ နှစ်ပေါင်းရာနဲ့ချီပြီး ရခိုင် ပြည်အတွင်းမှာ အတူနေလာကြတဲ့ သူတွေဖြစ်တယ်။ လူမျိုးမတူ၊ ဘာသာမတူတာက အကြောင်းမဟုတ် ငြိမ်း ငြိမ်းချမ်းချမ်းရှိဖို့က အဓိကလို့ အယူအဆရှိသူ တသီးပုဂလ များကလည် အတူနေကြဖို့ဝန်မလေးကြပါဘူးတဲ့။

ကဲ.. ဒါဆိုရင် ပြဿနာက ဘာတဲ့လဲ။ လေ့လာကြည့်ရတာကတော့

ဒုတိယ ကမ္ဘာစစ်တုန်းက အင်္ဂလိပ်နဲ့ဂျပန်စစ်ပွဲရဲ့ ဘက်နှစ်ဘက်ရပ်တည်မှုအပေါ်က ဖြစ်ပွားခဲ့ရတဲ့ လူမျိုးရေး ပဋိပက္ခ ကိုအခြေပြုပြီး၊ လူမျိုးမတူ၊ ကိုးကွယ်တဲ့ဘာသာမတူတဲ့ လူမျိုးနှစ်မျိုးအကြား အဖုအထစ်တွေက၊ သေး လိုက်၊ ကြီးလိုက်နဲ့သံသယတွေကြီးထွားပြီး ပျောက်ကင်းအောင်မကုနိုင်တဲ့ ရောဂါဆိုးလိုဖြစ်လာနေတာဘဲဖြစ် တယ် ။
ပြောရရင် ဒုတိယ ကမ္ဘာစစ်မှာ အင်္ဂလိပ်ဘက်ကို (ရိုဟင်ဂျာ)ဆိုသူတွေက ရပ်တည်တယ်။ ဂျပန်တွေကို ရခိုင် များကကူတယ်။ ဒါနဲ့လူမျိုးရေးအဓိကရုန်းဖြစ်ခဲ့တယ် လို့ဆိုတယ်။ တခါ လွတ်လပ်ရေးရခါနီးတော့၊ ( ရိုဟင် ဂျာ)ဆိုသူ အစွန်းရောက်ထဲက တချို့က မူဂျာဟစ်ဆိုပြီး လက်နက်ကိုင်တော်လှန်တယ်။ အဲဒီတုန်းက အိန္ဒိယ ထဲကနေ ပါကစ္စတန်နိုင်ငံဆိုပြီး ခွဲထွက်ဖို့ကြိုးစားတဲ့အခါ မွတ်စလင်အများစုရှိတဲ့ ရခိုင်ပြည်နဲ့ နယ်စပ်ဖြစ်နေတဲ့ အရှေ့ ဘင်္ဂလားနယ်ကို ပါကစ္စထဲထည့်ဖို့ စီစဉ်နေတဲ့အချိန်ဖြစ်တယ်။ မြန်မာနိုင်ငံမှတချို့လူမျိုးစုခေါင်းဆောင် များကလည်း သီးခြားလွတ်လပ်ရေးယူဖို့ ပြောဆိုနေကြတဲ့အချိန်ဖြစ်တယ်။ မူဂျာဟစ်ခေါင်းဆောင်တချို့ က လည်း အဲ ဒါကိုအားကျပြီး မွတ်စလင်ပြည်ထူထောင်ဖို့ လုပ်ခဲ့ပုံရတယ်လို့ဆိုတယ်။ အဲဒါ ဒုတိယကမ္ဘာစစ် အ တွင်းက ဖြစ်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခအရှိန် မကုန်သေးလို့ အစွန်းရောက်တဲ့လူတစုရဲ့ အစီအမံဖြစ်တယ်လို့ဆို တယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဒါက ကြီးမားတဲ့ အဖုအထစ်ဖြစ်စေခဲ့တယ်။

လွတ်လပ်ရေးရပြီးတဲ့အခါ ဦးနုခေတ်မှာတော့ ဗိုလ်မှူးချုပ်အောင်ကြီးက မူဂျာဟစ် လက်နက်ကိုင်ကိစ္စ သွား ရောက် ညှိနှိုင်းဖြေရှင်းခဲ့တယ်။ ဒီမှာ သူတို့က သူတို့ကို ဘင်္ဂါလီခေါ်တာ ကိုမကြိုက်ကြောင်း၊ ဘင်္ဂါလီ မဟုတ် ကြောင်း (ရိုဟင်ဂျာ)လို့သာ ခေါ်ဖို့တင်ပြတယ်လို့ဆိုတယ်။ ဒီတင်ပြချက်အရ သူတို့ကိုဦးနု အစိုးရက ရိုဟင်ဂျာ တိုင်းရင်းသားဆိုပြီး တရားဝင်သတ်မှတ်ပေးလိုက်ပုံရပါတယ်။ ဦးနုအစိုးရ အနေနဲ့ လက်နက်ကိုင် တော်လှန်မှု ကိစ္စ ရပ်တစ်ခုကို ဖြေရှင်းလိုက်နိုင်ပေမဲ့၊ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်တဲ့ ရခိုင်အမျိုးသား တချို့က တော့ သဘောမတွေ့နိုင်မှာအမှန်ပါ။
၁၉၆၁ ခုနှစ်ကုန်လောက်မှာ ရခိုင်ပြည်နယ်တောင်းတဲ့ကိစ္စပေါ်လာတော့ တချို့ရခိုင်အမျိုးသားတွေက ခွဲထွက် ခွင့်ကိုပါအခြေခံဥပဒေမှာထည့်ပေးဖို့တောင်းဆိုကြတယ်။ ဒီအခြေအနေမှာ ဘူးသီးတောင်၊ မောင်းတောဒေသ  က ဒေသခံတွေ(အထူးသဖြင့် ရိုဟင်ဂျာတွေ) နှင့် သံတွဲခရိုင် ဒေသခံများက ရခိုင်ပြည် နယ်ထဲကို သူတို့ဒေသ တွေမထည့်ဘဲ၊ ပြည်မနှင့်တွဲဘက်ထားပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ဒါကလည်း (ရိုဟင်ဂျာ) နဲ့ ရခိုင်တို့အကြား ရှိနေတဲ့ အဖုအထစ်အတွက် မြေသြဇာထည့် ရေလောင်းပေးသလိုဖြစ်ခဲ့ပုံရတယ်။  ပြည်နယ်များမဖွဲ့စည်းမှုနိုင် သေးခင်မှာဘဲ ဦးနေဝင်း အာ ဏာသိမ်း လိုက်ပါတယ်။

 ဦးနေဝင်း အာဏာသိမ်းပြီးသည့်နောက်ပိုင်းမှာ ဝန်ကြီးချုပ်ဦးနုနှင့် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးတို့ (ရိုဟင် ဂျာကို အသိအမှတ်ပြုရေးဆောင်ရွက်ပေးခဲ့ကြသူများ) ဖမ်းဆီးထိန်းသိမ်းခံနေရစဉ်၊ ၁၉၆၅ ခုနှစ်လောက်က စ ပြီး ရိုဟင်ဂျာ ဆိုတာကို အသိအမှတ်ပြုထားခြင်းမှ ဦးနေဝင်းက ရုတ်သိမ်းလိုက်ပါတယ်။ ဦးနုခေတ်မှာ ရခိုင် အမျိုးသားများ ပြည်နယ်တောင်းစဉ်က ခွဲထွက်ခွင့်ကိုပါတောင်တာကို ဦးနေဝင်းက သတိပြုပြီး၊ ရခိုင်အမျိုးသား များကို နှစ်သိမ့်ဖို့လား၊ ဒါမှမဟုတ် ရခိုင်ခေါင်းဆောင်တချို့သို့မဟုတ် ဒေါက်တာအေးကျော်လို ပညာရှင်က ဦးနေဝင်းကို ချဉ်းကပ်တောင်းဆိုလို့လားတော့မသိပါ၊ (ရိုဟင်ဂျာ) ကိုတိုင်းရင်းသား အဖြစ်က ရုတ်သိမ်းလိုက်ပါ တယ်။ ဦးနေဝင်းက ရခိုင်အမျိုးသားရေးဝါဒီများကျေနပ်အောင်၊ ဘူးသီးတောင်၊ မောင်းတောမြို့နယ်နှင့်၊ သံတွဲဒေသများပါဝင်သော ရခိုင်ပြည်နယ်ကိုလည်းဖွဲ့စည်းပေးလိုက်ပါတယ်၊ ရခိုင်အမျိုးသားများအနေနှင့် ပြည် နယ်တော့ ရလိုက်ပါတယ်၊ ဒါပေမဲ့ ဦးနေဝင်းသဘောကျ အုပ်ချုပ်တာပါ။
ဦးနေဝင်းခေတ် ၂၆ နှစ်လုံးလုံး တိုင်းပြည်အတွင်း ချမှတ်ဆောင်ရွက်သမျှသော ပေါ်လစီများဟာ ဘာတခုမှ မှန်မှန်ကန်ကန်မရှိခဲ့၊ အောင်မြင်မှုမရှိခဲ့ပါ။ ပညာရေးပေါ်လစီ၊ စီးပွားရေးပေါ်လစီ၊ ငွေကြေးဆိုင်ရာပေါ်လစီ၊ ဘာသာရေးဆိုင်ရာပေါ်လစီ၊ ဘာမှမမှန်ခဲ့ဘူး။ ဒီလိုဘဲ လူမျိုးစုရေးရာတွေမှာ ကိုင်တွယ်ပုံကလည်းမမှန်ပါဘူး။


 ရခိုင်ပြည်ကိစ္စမှာလည်း အဖုအထစ်များနဲ့ အက်ကြောင်းထင်နေတဲ့ ရခိုင်အမျိုးသားရေး အစွန်းရောက်သူများနဲ့ (ရိုဟင်ဂျာ)ဆိုသူအစွန်းရောက်တို့အကြား ကျားကွက်ရွေ့နေပါတယ်။  ရိုဟင်ဂျာဆန့်ကျင်သူ များကျေနပ် အောင် ရိုဟင်ဂျာဆိုသူများကို မောင်းထုတ်ပြလိုက်၊ ပြန်ခေါ်လိုက်နဲ့  ကုလသမဂ ဒုက္ခသည်များ ပြန်လည်နေရာ ချထားရေး အစီအစဉ်က လာတဲ့နိုင်ငံခြားငွေများကို အထက်လည်းအထက်အလိုက်၊ အောက်ကလည်း အောက် အလိုက် ဗိုက်မဆန့်၊ အိတ်မဆန့် လောက်အောင်ထည့်ကြတယ်လို့ ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ ထရန်စ်ပဲရင့်စီ တို့ အကောင်တီဘီလီတီတို့ ဘယ်တုန်းကမှ မရှိခဲ့တာဘဲ၊ နိုင်ငံခြားငွေက သူတို့ဘဲ ကိုင်ခွင့်ရှိတာဘဲ။ ဒီကြားထဲ ငွေယူလူသွင်းဆိုတာလည်းရှိပါတယ်လို့ဆိုတယ်။ ဒါကို ရခိုင်အမျိုးသားများအောင့်သက်သက်နဲ့ခံနေရသလို၊ (ရိုဟင်ဂျာ) ဆိုသူများ ခမြာလည်း ဇကောထဲ လောက်စလုံး ထည့်လိမ့်သလို အလူးအလဲခံနေရပါတယ်။
ဦးနေဝင်းခေတ်မှာ (ရိုဟင်ဂျာ) ဆိုတာကို ရုပ်သိမ်းလိုက်တော့ (ရိုဟင်ဂျာ) လက်နက်ကိုင်တွေ ထပ်ပေါ် လာပါတယ်။ ဒီတော့ (ရိုဟင်ဂျာ) လက်နက်ကိုင်များနဲ့ ရခိုင်အမျိုးသား လက်နက်ကိုင်များအကြား ထပ်မံပေါ် လာတဲ့ နယ်မြေကိစ္စ၊ လက်နက်ကိစ္စ စတဲ့ပဋိပက္ခ ကလေးတွေကလည်း၊ ဆိုခဲ့တဲ့ အဖုအထစ်များကို အစိုင်အခဲ ဖြစ် စေလာပါတယ်။

ပြောရရင်တော့ ရခိုင်အမျိုးသားများက (ရိုဟင်ဂျာ) ဆိုတာဟာ ဘင်္ဂါလီတွေ ပါလို့ တွင်တွင်ပြောနေပါတယ်။ သူတို့ပြောတာ သဘာဝကျတယ်လို့ဆိုလို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ (ရိုဟင်ဂျာ)ဆိုသူတွေ ပြောတဲ့ စကားက ဘင်္ဂါလီနွယ်တဲ့စကား(ဒိုင်ယာလက်စကား)၊ နေထိုင်တဲ့အရပ်က ဘင်္ဂလာဒေရှ့် နယ်နိမိတ်နဲ့ နယ်စပ် ဖြစ်နေတဲ့ ရခိုင်ပြည်အနောက်ဘက်ခြမ်းမှာ။ ဘင်္ဂလာဒေရှ့် ဆိုတာက စစ်တကောင်း တောင်တန်းပါဝင်တဲ့ တချိန်ကအရှေ့ဘင်္ဂေါလ်ပြည်ပါ။ အနောက်ဘင်္ဂေါလ်ပြည်က လက်ရှိအိန္ဒိယနိုင်ငံထဲမှာပါ။ အရှေ့ ဘင်္ဂေါလ် ကော အနောက်ဘင်္ဂေါလ်ကော အဓိကအားဖြင့် ဘင်္ဂါလီလူမျိုးအများစုနေထိုင်ကြတာပါ။ စကားအား ဖြင့်က တော့ ဒိုင်ယာလက်ခွဲတွေအများကြီးပါ။ ဘာသာကတော့ အရှေ့ဘင်္ဂေါလ်(ဘင်္ဂလာဒေရှ်)က ဘင်္ဂါလီ မွတ်စလင် များတယ်၊ ဘင်္ဂါလီဗုဒ္မွဘာသာ၊ ဘင်္ဂါလီဟိန္ဒူ နဲ့ ဘင်္ဂါလီ ခရစ်ယာန်တွေလည်းရှိပါတယ်။ အနောက် ဘင်္ဂေါလ် ပြည်နယ်မှာတော့ ဟိန္ဒူနဲ့ ဗုဒ္မွဘာသာဘင်္ဂါလီက ပိုများပါတယ်။ သမိုင်းကြောင်းအရ စစ်တကောင်းတောင် တန်းဒေသအပါအဝင် ဘင်္ဂေါလ် ၁၂ မြို့ကို ရခိုင်ဘုရင်များ နဲ့ ဘင်္ဂလားဘုရင်များ ဘတပြန်ကျားတပြန် မင်းလုပ် အုပ်ချုပ်ခဲ့ကြတာ အထင်အရှားရှိပါတယ်။ ရခိုင်တွေက ဗမာပြည်ကိုလာ ရောက်အုပ်ချုပ်တဲ့ အကြိမ်ရေ ရှားပေမဲ့ စစ်တကောင်းပြည်ကို သွားအုပ်ချုပ်တဲ့ အကြိမ်ရေကများပုံရပါတယ်။ ရခိုင်ဘုရင်များဟာ မွတ်စလင်ဘွဲ့အမည် ခံယူအုပ်ချုပ်ခဲ့တာတွေလည်း ရခိုင်သမိုင်းမှာရှိပါခဲ့ပါတယ်။ သမိုင်း ကြောင်းအရကလည်း ဆက်စပ်မှုရှိနေတယ်။ နယ်စပ်လည်းဖြစ်နေတယ်ဆိုရင် လူမျိုးတစ်မျိုးဟာ ဟိုဘက်ဒီ ဘက်နှစ်နိုင်ငံ ခွရှိနေတတ်တာကတော့ သဘာဝ တော့ကျပါတယ်။

ချင်းလူမျိုးတွေ နယ်မြေဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံတွင်းမှာကော မြန်မာနိုင်ငံအတွင်းမှာပါသက်ဆိုင်ရာနိုင်ငံ၏ တိုင်းရင်းသားတွေအဖြစ် ရှိနေတယ်ဆိုရင်၊ ကချင်လူမျိုးတွေ၊ ဝလူမျိုးတွေ တရုပ်ပြည်ထဲမှာကော မြန်မာနိုင်ငံထဲ မှာပါ သက်ဆိုင်ရာနိုင်ငံ၏ တိုင်းရင်းသားတွေအဖြစ်ရှိနေတယ်ဆိုရင်၊ ဘင်္ဂါလီဆိုတာ ရခိုင်ပြည်နယ်ထဲမှာကော ဘင်္ဂလာဒေရှ့်ထဲမှာကော သက်ဆိုင်ရာနိုင်ငံ၏ တိုင်းရင်းသားတွေဖြစ်တယ်ဆိုတာကို ငြင်းရင်ကော လက်တွေ့ ကျ မလား၊ သဘာဝကျမလားဆိုတာ စဉ်းစားဘွယ်ရာဖြစ်ပါတယ်။  

လူမျိုးတမျိုးဟာ သူတို့လူမျိုးအားလုံးသဘောတူပြီး လူမျိုးအမည်ကို ပြောင်းလဲသုံးစွဲခေါ်ဝေါ်မယ်ဆိုရင် သူတို့ အခွင့်အရေးဘဲ၊ ခေါ်ဝေါ်ခွင့်ရှိမယ်ထင်ပါတယ်။
 သူတို့က တဖက်က ဘင်္ဂါလီများနဲ့ ပြောစကား ဒိုင်ယာလက် မတူတဲ့အတွက် ဟိုဘက်က လူများနဲ့ သီးခြားဖြစ် ချင် လို့ သူတို့ကိုယ် သူတို့ (ရိုဟင်ဂျာ) လို့ပြောင်းလဲ ခေါ်စေလိုတဲ့သဘောဖြစ်မယ်လို့ယူဆရပါတယ်။ သူတို့က ပိုအသိဆုံးဖြစ်မှာပါ။ နောက်တခုက ဘင်္ဂါလီလို့သတ်မှတ်လိုက်ရင် သူတို့ကို နိုင်ငံခြားသားတံဆိပ်ကပ် ပြီးတွန်းပို့မှာ စိုးရိမ်ပုံရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က (ရိုဟင်ဂျာ) ဆိုသူပညာတတ်လူငယ် တစ်ယောက် စကားပြောကြည့်တုံးက၊ ..ခင်ဗျားတို့က ရခိုင်အမျိုးသားတွေနဲ့နီးနီးစပ်စပ် ရင်းရင်းနှီးနှီး နေဖို့လိုတာပေါ့…လို့ ကျနော်ပြောတော့၊… ဒီလူငယ်ပြန်ပြောတာက …ကျနော်တို့က နေချင်ပါတယ်..နေတယ်… သူတို့က ကျနော်တို့ ကို တခါတည်းအမျိုးပါပြုတ်အောင် ဘင်္ဂါလီကုလား၊ နိုင်ငံခြားသားဆိုပြီး မောင်းထုတ်နေတယ်လေ…ဗမာကိုခေါ် တယ်၊ ဗမာစစ်တပ်ကိုခေါ်တယ်၊ ကျနော်တို့ကို မောင်းထုတ်တယ်။ ကျနော်တို့က ဒုက္ခတော့ရောက်တယ်လေ… ဒါပေမဲ့ မပြုတ်ဘူး.. သူတို့က ဒုက္ခမရောက်ဘူး… တဖြည်းဖြည်းကုန်လာပြီ..တဲ့။ အင်း…စဉ်းစားစရာတော့ ကောင်းသား။
၉၂ ခုနှစ်လောက်ကထင်ပါတယ်၊ ချင်းမိုင်မှာ လူအခွင့်အရေးသင်တန်းတစ်ခုမှာ ဆရာဦးတင့်ဇော်က ဘာသာပြန်လုပ်ပေးနေတုန်း သူနဲ့ ရိုဟင်ဂျာ ကိစ္စမေးမြန်ကြည့်ဖြစ်တယ်။ ဦးတင့်ဇော် ရှင်းပြတာက ရခိုင်ပြည်မှာ ရှေး အစဉ်အဆက်ကတည်းက မွတ်စလင်တွေ အတူတကွ နေထိုင်လာခဲ့တယ်ဆိုတာ ငြင်းဘွယ်မရှိပါဘူး။ ဒါပေမဲ့ ရိုဟင်ဂျာဆိုတာ မရှိခဲ့ဘူး။ ရှေးက ရိုဟင်ဂျာဆိုတာမရှိဘူး၊ လူဦးရေကလည်း ရှိသင့်တယ်ထင်တာထက် များနေတယ်လို့ဆိုတယ်။ တချို့ကတော့ ၁၉၇၈ ခုနှစ် နဂါးမင်းစစ်ဆင်ရေးတုန်းက ထွက်သွားတာထက် ပြန်လက်ခံလိုက်ရတာက ပိုများတယ်လို့ဆိုတယ်။ ကိုယ့်ဆီကမဟုတ်ရင် ငြင်းခွင့်ရှိတာဘဲ (များများလက်ခံလေ ကုလသမဂ ဒုက္ခသည် ပြန်လက်ခံရေး အစီအစဉ်အရပေးတဲ့ဒေါ်လာ ငွေပိုရလေလေ ကြောင့်များလားမသိပါ။)


(ရိုဟင်ဂျာ) ရှိခြင်း၊ မရှိခြင်း လက်ခံခြင်း၊ မခံခြင်း အငြင်းပွားကိစ္စကို ကျနော်အနေနဲ့ ထောက်ခံခြင်း၊ ကန့်ကွက် ခြင်း မလုပ်ခဲ့ပါ။ အခုလည်းလုပ်မည်မဟုတ်ပါ။ ဘာ့ကြောင့် လဲဆိုတော့ ရှေ့နေကြီး ခိုင်စောထွန်း ရဲ့စကား အသွားအလာ ကိုသတိပြုမိပြီးသကာလ ဒီလူမျိုးစုနှစ်စု(ရခိုင်နှင့်ရိုဟင်ဂျာဆိုသူတို့) တချိန်ချိန်မှာ နားလည်မှုရ ပြေလည်သွားခဲ့ကြရင် ကြားထဲကကျနော်များတို့ ငပေါကြီး ဖြစ်ကျန်ခဲ့မှာစိုးတာကြောင့်၊ ပြီးတော့ ရှေ့မျက်နှာ နောက်ထားပြီးကျနော် ထောက်ခံမိ(သို့မဟုတ်)မထောက်ခံမိတာ မှားပါတယ်လို့ စိတ်တွင်းကသော် လည်း ကောင်း၊ အပြင်ပန်းအားဖြင့်သော်လည်းကောင်း တောင်းပန်ရမဲ့အလုပ်မျိုးမလုပ်ခြင်တာကြောင့်လို့ပါ။ ဒါ့အပြင် ကောင်းသောအကြံပြုခြင်းအားဖြင့် အားလုံးနှင့် ထာဝရမိတ်ဆွေ ညီနောင်များအဖြစ်သာနေလို၍ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုအကြံပြုလိုက်ရပါတယ်။ အထက်တွင် ဆိုခဲ့သည့် အဖုအထစ်တွေရောဂါကြီး ပျောက်ကင်းဖို့ ဆိုရင် လက်ရှိသွားနေတဲ့နည်းလမ်းက နိုင်ငံရေးအသပြာဆရာဝန်ကို အားထားကုနေသလိုဖြစ်နေတယ်။ ပျောက်တော့ပျောက်မယ်။ ရောဂါရော လူနာရော တပါတည်းပါ။ ဒါကြောင့် ရခိုင်ပြည်ညီနောင်အနေဖြင့် မောင်နှစ်မများ အချင်းချင်းအတွင်း  ကိန်းအောင်းနေတဲ့ လူမျိုးရေး၊ ဘာသာရေး အစွဲအလမ်းတွေ၊ အာဃာတ တွေ၊ သံသယတွေ၊ စိုးရိမ်စိတ်တွေကိုဘေးဖယ်ထုတ်ပြီး အရင်းအမြစ် ကို ဓမ္မဒိဌာန်ကျကျ စဉ်းစားအဖြေရှာပါမှ ရခိုင်ပြည်သူတရပ်လုံး ငြိမ်းချမ်းသာယာရေး၊ တိုးတက်ရေးများကို လုပ်ငန်းကို အားသွန်ဆောင်ရွက်နိုင်ကြမည် သာဖြစ်ပါကြောင်း၊ ဆက်လက်၍ ဒီကိစ္စကိုစိတ်ဝင်စား ဆွေးနွေးနေသူများအနေဖြင့်လည်း၊ ရခိုင်ပြည်သူ ညီ အစ်ကိုမောင်နှစ်မများ စုစည်းညီညွတ်လျှက်၊ တိုးတက်ဖွံ့ဖြိုးသောဒေသသူ ဒေသသားများအဖြစ်ရောက်ကြရ လေအောင် အပြုသဘောဖြင့် အလေးအနက်ထား စဉ်းစားဆွေးနွေးပေး သင့်ပါကြောင်းတိုက်တွန်းလိုက်ရပါ တယ်။

ဝင်းမောင် (ဟဲဟိုးသား)
၁၁ ရက်၊ စက်တင်ဘာလ၊ ၂၀၁၁ ခုနှစ်။
Rohingya Exodus