Latest Highlight



မြန်မာ့ နိုင်ငံရေးတွင် ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းယူခဲ့ပြီး နောက်ပိုင်းမှစ၍ လက်ရှိ စစ်ဝတ်ချွတ်ထားသော တချို့အာဏာရ ခေါင်းဆောင်များ အထိ ပြည်သူများအရေးထက် မိမိတို့၏ လုပ်ပိုင်ခွင့်အာဏာ ဆက်လက်မြဲမြံရေး နည်းမျိုးစုံဖြင့် ဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။ စာရေးသူ မမီလိုက်သော်လည်း ကြားသိရသလောက်မှာ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ အဖွဲ့ဝင်များအတွင်း သဘောထားကွဲပြားသူများ၊ အမိန့်မနာခံသူများကို အဖွဲ့အတွင်း အန္တရာယ်ရှိသူများဟု သတ်မှတ် ကာဖယ်ရှားခဲ့သည့် ဖြစ်စဉ်များရှိခဲ့ဖူးသည်။


ဦးအောင်လင်းထွဋ် (ဓါတ်ပုံ - photayokeking.org)

အလားတူ ၁၉၇၀ ခုနှစ်ဝန်းကျင် မြန်မာ့ဆိုရှယ်လစ် ပါတီညီလာခံတွင် ဥက္ကဋ္ဌကြီး ဦးနေဝင်းကိုယ်တိုင် မဲမရသောကြောင့် ပါတီအတွင်း ဖြုတ်ထုတ်ရှင်းခဲ့မှုများ ရှိခဲ့သည်။ နောက်ဆုံး ၁၉၈၈ ခုနှစ် အရေးအခင်း မတိုင်ခင် ဦးနေဝင်းက အစိုးရ နောက်ကွယ်သို့ ပြောင်းရွှေ့နေရာယူခဲ့သည်။ ၁၉၈၈ ခုနှစ် အရေးအခင်းတွင် မအောင်မြင်သော လက်ရင်းတပည့် ဗိုလ်ချုပ်ဟောင်းများကို ဘေးဖယ်ခိုင်းပြီး တပည့်လက်သစ် ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်ချုပ် ခင်ညွန့်တို့ကို မြန်မာ့နိုင်ငံရေးတွင် ဆက်လက်ဦးဆောင်ရန် စစ်တပ်အုပ်ချုပ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကိုမွေးဖွားပေးခဲ့ကာ နှစ်အတန်ကြာ နဝတ၏ နောက်ကွယ်မှ ထိန်းကျောင်း အကြံပေးခဲ့ပါသည်။

ဗိုလ်ချုပ်ကြီးစောမောင် အာဏာ စတင်ရယူစဉ်ကာလသည် ပြည်တွင်းပြည်ပ ဖိအားအများဆုံးအချိန် ဖြစ်ခဲ့သည့် အတွက်ကြောင့်လည်း အဖွဲ့အတွင်း အာဏာတည်ဆောက်မှုကို မဆောင်ရွက်နိုင်ခဲ့ပါ။ ထိုစဉ်က နဝတအဖွဲ့ဝင် ဗိုလ်ချုပ်အများစုသည် ဗိုလ်ချုပ်ကြီး စောမောင်ထက် ဒု စစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး သန်းရွှေနှင့် ပိုမိုအနေနီးစပ်ခဲ့သူများ ဖြစ်ကြသည်။ ထို့အတွက်ကြောင့်လည်း ဗိုလ်ချုပ်ကြီး စောမောင်သည် ဒု ဗိုလ်ချုပ်ကြီး သန်းရွှေကို နိုင်ငံရေးအရ အရေးပါသော နဝတ ဒုတိယဥက္ကဋ္ဌ ရာထူးကိုပေးရန် အချိန်အတော် ကြာစဉ်းစားခဲ့ပြီးမှ ခန့်အပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး စောမောင် စိတ်ကျန်းမာရေး ဖြစ်လာသည့်အချိန်အခါတွင်မူ အလွယ်တကူပင် ဗိုလ်ချုပ် ခင်ညွန့်၏ ကူညီပံ့ပိုးမှုဖြင့် ဒု ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော်အာဏာကို သွေးထွက်သံယိုမရှိဘဲ ရယူနိုင်ခဲ့သည်။ အာဏာရပြီး ရက်ပိုင်းအတွင်းမှာပင် ဦးနေဝင်း၏ တပည့်လက်ရင်း ဗိုလ်ချုပ် ခင်ညွန့်ကို ထိန်းကျောင်းသည့်အနေဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သားတပည့် ဗိုလ်ချုပ် ကျော်ဝင်းကို ဒု ထောက်လှမ်းရေးအကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပါသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ခင်ဗျားတို့ လျှော့မတွက်နဲ့” ဟု ဗိုလ်ချုပ် ကျော်ဝင်းက ၁၉၉၃ ခုနှစ်ပတ်ဝန်းကျင်က ပြောခဲ့ပါသည်။ ယနေ့အချိန်တွင်လည်း မြန်မာ့နိုင်ငံရေး၌ ထိပ်ပိုင်းခေါင်းဆောင် စစ်ဝတ်ချွတ် ဗိုလ်ချုပ်ကြီးဟောင်းများ၊ စစ်ဝတ်ဝတ်ထားဆဲ ဗိုလ်ချုပ်ကြီးများကို မည်ကဲ့သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နေရာချသွားသည်ကို လေ့လာမှတ်သား ရရှိသောသတင်းများကို အခြေခံ၍တင်ပြသွားမည် ဖြစ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းတွင် နိုင်ငံရေးအရ ကြီးမားသော အမှားကြီးတခုကို ဦးဆောင်ကျူးလွန်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်က ရပ်စဲခဲ့သော အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်တွင် မဖြစ်မနေ ပြန်လည် ကျင်းပခဲ့ရသည်။ အမျိုးသားညီလာခံ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌအဖြစ် လက်ရှိသမ္မတ ဦးသိန်းစိန်ကို ခန့်အပ် တာဝန်ပေးခဲ့သည်။ ထိုစဉ်က သမ္မတဦးသိန်းစိန်သည် နအဖ အတွင်းရေးမှူး (၂) နှင့် စစ်ရေးချုပ် တာဝန်ကို ယူနေရသူဖြစ်ပါသည်။

အလားတူ ၂၀၀၄ ခုနှစ် အမျိုးသားညီလာခံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမျိုးသားညီလာခံ ပြန်လည်ဝင်ရောက်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ယူ စေ့စပ်ဆွေးနွေးခဲ့ရသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ထောင်ချပြီး ဒီပဲယင်းအရေးခင်းကို ဦးဆောင်ခဲ့သူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ ဒု ဥက္ကဋ္ဌ၊ နအဖ အတွင်းရေးမှူး (၁)၊ လေကြောင်းရန်ကာကွယ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း (ကွယ်လွန်) ကို ဝန်ကြီးချုပ်တာဝန် ပေးခဲ့သည်။ ထိုစဉ်က နအဖ ဒု ဥက္ကဋ္ဌနှင့် ဒု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး မောင်အေးအား ဗိုလ်ချုပ်ကြီး ခင်ညွန့်ကိစ္စတွင် ခေါ်ယူ၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ သတိပေးခဲ့ပြီးနောက် စစ်တပ်၏ ကွပ်ကဲမှုကို ညှိနှိုင်းကွပ်ကဲရေးမှူး၊ လက်ရှိပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး သူရရွှေမန်းမှ တာဝန်ယူကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ တိုက်ရိုက်တင်ပြခြင်းဖြင့် နိုင်ငံတော်အာဏာကို ထိန်းကျောင်းသွားခဲ့သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး၊ ၂၀၀၈ ခုနှစ် နာဂစ် လေမုန်းတိုင်း ပြဿနာများပြီးနောက် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့၏ နိုင်ငံအပေါ် ရှုမြင်ပုံအမြင်များနှင့် ပတ်သက်၍ တိုးတိုးတိတ်တိတ် သတင်းများဖြစ်ပေါ်ခဲ့သေးသည်။ ယင်းကိစ္စများ ကိုင်တွယ်မှုအပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တည့်တည့် မဝေဖန်ဝံ့သော်လည်း ထိုကိစ္စများသည် ဦးအောင်သောင်း (လက်ရှိ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်) ကြောင့်ဟု အားလုံးက မှတ်ချက်ပြုကြောင်း သိရသည်။

သို့သော် အဆိုပါဖြစ်စဉ်များအပြီး စစ်ခေါင်းဆောင်ကြီးငယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ လောကတွင် အကယ်၍ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသာ နိုင်ငံကိုဦးဆောင်လျှင် တိုင်းပြည်အတွက်ကောင်းမည်၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းက အခြေအနေမှန်ကို တင်ပြလျှင် လက်ခံနားထောင်ပြီး စဉ်းစားပေးတတ်သည့်သူ ဖြစ်မည်ဟု ထိုအချိန်က နေပြည်တော်တွင် သတင်းများ ဖြစ်ခဲ့ပါသည်။ ထိုသို့ တိုးတိုးတိတ်တိတ် သတင်းများ စိမ့်ထွက်လာပြီး နောက်ကြားသိရသော သတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး မှ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ဇနီးကို ခေါ်ယူ၍ သတိပေးခဲ့ကြောင်း သိရသည်။

၎င်းနောက် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် အနာဂတ်တွင် နံပတ် (၁) မဖြစ်နိုင်ကြောင်း သုံးသပ်မှုများ အတွင်းပိုင်းမှ တီးတိုးထွက်ရှိလာသည်။ မြန်မာနိုင်ငံ၏ အနာဂတ်နံပတ် (၂) ဟု မှန်းဆထားခြင်းခံရသူ ဗိုလ်ချုပ်ကြီး စိုးဝင်းမှာမူ သေမင်းမှ စောစောခေါ်ယူသွားသည့်အတွက် မြန်မာ့နိုင်ငံရေးမှ စွန့်ခွာသွားရသည်။ နဝတ၊ နအဖ လက်ထက် ပြုလုပ်ခဲ့ရသော မကောင်းမှု အကုသိုလ်များကို သေခါနီးမှ သံဝေဂတရားရပြီး စင်ကာပူတွင် ဆေးကုသနေစဉ် တိတ်ခွေအတွင်း အသံသွင်းထားခဲ့ကြောင်း သိရသည်။ သတင်းများအရကမူ ၈ လေးလုံး အရေးအခင်း၊ ဒီပဲယင်းအရေးအခင်း၊ သံဃာအရေးအခင်းများတွင် ပါဝင်ပတ်သက်မှုများကို ဝန်ခံထားသည်ဟု သိရပါသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မူလက အသက်ငယ်ရွယ်သူ၊ ကျန်းမာရေးကောင်းမွန်သူကို အနာဂတ်ခေါင်းဆောင်အဖြစ် ရည်ရွယ်ခဲ့သော်လည်း အခြေအနေအရ ၄င်း၏ စိတ်ကြိုက်မဖြစ်ခဲ့ပါ။ နောက်ဆုံး ကျန်းမာရေးသိပ်မကောင်း၊ နှလုံးရောဂါရှိသူ ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ရွေးချယ်ခဲ့ရသည်။ စစ်တပ်အတွင်း ဗိုလ်ချုပ်ကြီး သိန်းစိန်သည် နာမည်ကောင်းရှိသူတဦး ဖြစ်ပါသည်။ အလုပ်နှင့်ပတ်သက်၍ အထက်လူကြီးများ၊ ဘေးဘယ်ညာ လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ငယ်သားများ၏ လေးစားချစ်ခင်မှုကို ရသောသူတဦး ဖြစ်ပါသည်။ စာရေးသူ စစ်ရုံးတွင် တာဝန် ထမ်းဆောင်စဉ် စစ်ဦးစီးဗိုလ်မှူးကြီး (Col. GS) ဗိုလ်မှူးကြီး သိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရုံးတွင် ရှိနေသရွေ့ နေ့ရောညပါ အနားတွင် ရှိနေသူဖြစ်သည်။

နှစ်ပေါင်းများစွာ စစ်ရုံးချုပ်တွင် ဦးစီးအရာရှိ (Staff) တာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ယနေ့ မြန်မာနိုင်ငံကို ဦးဆောင်မည့်သူ (Commander) တာဝန်ကို ထမ်းဆောင်နေပြီ ဖြစ်ပါသည်။ စိတ်ရင်းစေတနာကောင်းဖြင့် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမည်ဟု ကြုံးဝါးပြောဆို မိန့်ကြားနေသည်ကို ကြားသိမြင်တွေ့နေရသော်လည်း စိတ်ထင်တိုင်း မလှုပ်ရှားနိုင်သည့် အခြေအနေနှင့် ကြုံတွေ့နေသည်ဟု ခန့်မှန်းရသည်။ စာရေးသူ ရရှိသော သတင်းအရမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “ငါခင်းပေးသောလမ်းကြောင်း အတိုင်း မင်းတို့အချင်းချင်း ညှိနှိုင်းပြီးလုပ်ကြ။ ဒါပေမယ့် ငါနဲ့ ကိုအေးတို့ရဲ့ မိသားစုကိုတော့ လာပြီးမထိနဲ့” ဆိုသည့် မှတ်ချက်ကို လက်ရှိခေါင်းဆောင်များ ပေးခဲ့သည်ဟု သိရသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို လေ့လာလျှင် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည်။ သဘောထားမကွဲပါဟု ပြောနေသော်လည်း အထက်ပါ သုံးဦးသည် တသဘောတည်း ဆောင်ရွက်၍ မရအောင် အခြေအနေများက ဖန်တီးထားသည်ကို တွေ့မြင်နေရသည်။

လက်ရှိအခြေအနေအရလည်း ခေါင်းဆောင် သုံးဦး၏ ဆောင်ရွက်နေရပုံများကို စာဖတ်သူများ ကြားသိ မြင်တွေ့နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် မြန်မာ့နိုင်ငံရေး၏ ဦးဆောင်မှုတွင် ပါဝင်ရမည့် ဦးတည်ချက်ကို လက်ရှိအချိန်တွင် အဆိုပါ သုံးဦး အာခံရဲကြမည် မဟုတ်ပါ။ သို့သော်နောင်တချိန် မပြောင်းလဲနိုင်ဘူးဆိုသည်ကိုမူ အပြတ်ပြော၍မရပါ။ ယခင်ကာလများနှင့်မတူ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးတို့သည် အချိန်နှင့်တပြေးညီ ပြောင်းလဲနေသောကြောင့် ဖြစ်သည်။

မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ပစ်ပယ်၌မရဆိုသည်ကို စစ်ခေါင်းဆောင် အဆက်ဆက် ကောင်းကောင်း နာလည်ကြပါသည်။ ထို့ကြောင့်လည်း နဝတ၊ နအဖ ခေတ်အဆက်ဆက် နည်းမျိုးစုံနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးခဲ့ကြသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပြီး၂၀၀၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ရက်စေ့၍ ပြန်လွှတ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စဉ်းစားခဲ့သေးသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၂၀၁၀ ရွေးကောက်ပွဲဝင်လာလျှင် ၄င်းတို့၏ ရည်ရွယ်ချက် ပျက်သွားနိုင်သည်ဟု ဆုံးဖြတ်ခဲ့သဖြင့် အမေရိကန်နိုင်ငံသား ယက်တောကို အကြောင်းပြုကာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲအပြီးအထိ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည်။

စာရေးသူအနေဖြင့် “၁၉၉၀ ရွေးကောက်ပွဲမှသည် ၂၀၁၀ ရွေးကောက်ပွဲဆီသို့” ဆောင်းပါးဖြင့် ဖြစ်လာနိုင်ခြေ နည်းလမ်း သုံးလမ်းကို ထိုစဉ်က နအဖ၏ စဉ်းစားပုံအား တင်ပြခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို မြန်မာ့နိုင်ငံရေးတွင် ပစ်ပယ်၍မရဆိုသည့် စစ်ခေါင်းဆောင်များ၏ မူဝါဒအရ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဖြင့် လမ်းဖွင့်ပေးခဲ့သည်ကို ယနေ့ တွေ့မြင်ရမည်ဖြစ်သည်။

သို့သော် ယနေ့ ဒေါ်အောင်ဆန်းစုကြည်အား တပ်မတော်သားများ အပါအဝင် ပြည်သူလုထု၏ ထောက်ခံမှုသည် ယခင်ကာလများကထက်ပင် ပိုမိုအားကောင်းလာသည့်အတွက် မူဝါဒရေးဆွဲသူကြီးအနေဖြင့် အတော် တုန်လှုပ်သွားသည်ဟု အတည်ပြုဆဲ သတင်းများအရ သိရပါသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ရွေးကောက်ပွဲ ဝင်ရခြင်းရည်ရွယ်ချက် သုံးချက်ဖြစ်သည့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ ဥပဒေပြင်ရေးသည် အငြိမ်းစားယူပြီဆိုသော စစ်ခေါင်းဆောင်ကြီးများနှင့် လက်ရှိစစ်ဝတ်ချွတ် စစ်ခေါင်းဆောင်များအတွက် အထူးတုန်လှုပ်နေကြသည်ဟု သိရသည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော်အတွင်း ရောက်သွားခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတွက် သင်ပုန်းခြေရေးလမ်းစဉ်ကို ကိုင်ဆွဲကာ လက်ရှိခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည် ဆိုပါက အခြေအနေကောင်းများ ဖြစ်လာနိုင်ပါသည်။ စစ်ခေါင်းဆောင်များဘက်ကလည်း ဒီပဲယင်းကဲ့သို့သော ဖြစ်စဉ်များ မလုပ်တော့ပါဆိုသည့် ကတိကဝတ်များ ရထားရန် လိုအပ်သည်။ လုံခြုံရေးသတိ အမြဲရှိရန် လိုအပ်သည်။

အချုပ်အားဖြင့် လက်ရှိ အာဏာရှိနေသော သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ တိုင်းပြည်အပေါ်ထားသည့် စိတ်ရင်းစေတနာသည် ယခင် စစ်အာဏာရှင်ကြီးများနှင့် မတူဆိုသည်ကတော့ သေချာပါသည်။ သို့သော် ယခင် အငွေ့အသက်များကမူ ယခုအထိ ရှိနေကြဆဲပင်။ အငွေ့အသက်များ ပျောက်အောင် ချက်ချင်းတော့ လုပ်၍မရပါ။ အချိန်ယူရလိမ့်မည် ထင်ပါသည်။

လက်ရှိအခြေအနေတွင် တိုင်းရင်းသားအရေးသည် အဓိကဖြေရှင်းရမည့်ကိစ္စဟု မြင်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို ပီပြင်အောင် ဆောင်ရွက်ရပါလိမ့်မည်။ လက်ရှိ အာဏာရခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ပါတီများနှင့် လက်နက်ကိုင်များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်မှ ရလိမ့်မည်ဟု မြင်ပါသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိမြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင်အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)

Credit : Irrawaddy Burmese





စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်အရ NLD ပါတီဝင်များကို အပြစ်ရှာ နှိမ်နင်းခဲ့သည်ဟု မြန်မာစစ်ထောက်လှမ်းရေးတပ်ဖွဲ့တွင် အရာရှိတစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးအောင်လင်းထွဋ်က VOA သတင်းဌာနကို မကြာသေးမီက ပြောလိုက်သည်။

၁၉၈၈ နှင့် ၂၀၁၀ အတွင်း နိုင်ငံရေးသမားများ ရည်ရွယ်ချက်ရှိရှိဖြင့် နှိပ်ကွပ်ခံရပုံကို စစ်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“NLD အမြစ်ပြတ်ခြေမှုန်းရေး ကျနော်တို့ ကိုယ်တိုင် မဟုတ်တောင်မှ ကျနော်တို့အဖွဲ့အစည်းက လုပ်ရတာကိုးဗျ။ NLDနဲ့ ပတ်သက်လျှင် NLD ပါတီဝင် တွေ ကို ရေဖြတ်၊ မီးဖြတ်ကအစ အပြစ်ရှာပြီး လုပ်ခဲ့ရတာ။ မလုပ်လို့ လည်းမရဘူး။ အာဏာရှင်တို့ရဲ့သဘော သဘာဝအရ ခင်ဗျားသိတဲ့အတိုင်း၊ ကျူပင်ခုတ်ကျူငုတ်မကျန်၊ သားစဉ်မြေးဆက်အကုန်လုံးကို ဒုက္ခ ပေး တာ ကိုး” ဟု ဦးအောင်လင်းထွဋ်က ပြောဆိုကြောင်း VOA သတင်းဌာန ၀က်ဆိုက်တွင် ဖေဖော်ဝါရီ ၁၈ နေ့စွဲဖြင့် ဖော်ပြထားသည်။

၁၉၉၆ နောက်ပိုင်းတွင် ထိုသို့ နှိမ်နင်းရန် အမိန့်ရခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“ဗိုလ်ချုပ်မှူးကြီးကနေ ကျနော်တို့ကို NLD ကို မင်းတို့ အမြစ်ပြတ်ခြေမှုန်းရမယ် ဆိုလို့ ထောက်လှမ်းရေးက လူမိုက်အငှားခံခဲ့ရတဲ့ အနေအထားမျိုး ရှိပါတယ်” ဟု စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ပြောသည်။

ထိုသို့ ချေမှုန်းခံရသော်လည်း NLD ပါတီဝင်များ၊ နိုင်ငံရေးသမား အများအပြား ဒီမိုကရေစီလှုပ်ရှားမှုတွင် တစ်စိုက်မတ်မတ် ပါဝင်ခဲ့ကြသည်။

ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဆက်လက် ပြောကြားရာ မြန်မာပြည်တွင် စစ်သားများက အနိုင်ကျင့်တတ်သည့် စရိုက်ရှိသည်ဟု ဆိုသည်။

“စစ်သားဆိုတာ တပ်ရင်းမှူး၊ တပ်စုမှူးက တောမှာ ဗိုလ်ကျချင်တိုင်း ကျကြတယ်ဗျာ။ မြို့ပေါ်တက်တော့လည်း အဲဒီအကျင့်က ပါနေတုန်းပဲ။ ဒီအကျင့်တွေက ခုထိ မပျောက်သေးဘူးဗျ။ အဲဒီတော့ ဒီအကျင့်တွေ ပျောက်ဖို့ဆိုတာ တပ်မတော်ကိုလည်း ပြင်ဖို့ ဆင်ဖို့ train လုပ်ဖို့ က လိုတယ်ဗျ” ဟု သူက ရှင်းပြသည်။

သို့သော်လည်း စစ်တပ်တွင် တိုးတက်ဖြစ်ထွန်းမှုတခုရှိကြောင်း သူက ထောက်ပြသည်။

“ဒီနေ့ ကြားရတဲ့သတင်းမှာ ကချင်ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်ကို ဖမ်း ထားပြီးမှ ပြန်မလွှတ်တဲ့ကိစ္စကို နေပြည်တော်မှာ တရားရုံးတင်မယ်ဆိုတာ ဒါကောင်းတဲ့ သတင်းပါ” ဟု သူက ပြောသည်။

“တောထဲမှာ လူမသိသူမသိ အသတ်ခံရ မုဒိန်းကျင့် ခံရတာတွေအများကြီး ရှိခဲ့တယ်။ ဒါတွေကို အရေးယူပေး ရမယ်” ဟုလည်း သူက ပြောပြသည်။

ဦးအောင်လင်းထွဋ်သည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်။

ဝါရှင်တန်ရှိ မြန်မာသံရုံးတွင် သံတမန်တစ်ဦးအဖြစ် ဦးအောင်လင်းထွဋ် တာဝန်ယူစဉ် စစ်ထောက်လှမ်းရေးအရာရှိများကို မြန်မာပြည်တွင် ဖမ်းဆီးအကျဉ်းချသည့် ၂၀၀၅ ခုနှစ်တွင် ဦးအောင်လင်းထွဋ်က အမေရိကန်တွင် ခိုလှုံခွင့် တောင်းလိုက်သည်။

ဇနီး၊ သား တစ်ဦး၊ သမီး နှစ်ဦး၊ နှမ (သို့မဟုတ် အစ်မ) တဦး တို့နှင့် အတူ ခိုလှုံခွင့် တောင်းခံခြင်း ဖြစ်ကြောင်း၊ သူ၏ အတိတ်ကာလ စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်မှုများကြောင့် ခိုလှုံခွင့် ငြင်းပယ်ခံထားရကြောင်း၊ သို့သော်လည်း ၎င်းတို့အား နေထိုင်ခွင့် ပြုထားကြောင်း Asia-Pacific Defense Forum စစ်ဘက်ဆိုင်ရာ မဂ္ဂဇင်း၏ အင်တာနက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

Source : မိုးမခ

        ဦးအောင်လင်းထွဋ်  ( Photo Moe Makha)


တပ်မှူးတပ်သား ပြောစကား (၁၀၀)

ဦးရော်နီညိမ်း။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ထွန်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ပေး ဖို့ စစ် ထောက်လှမ်းရေးနဲ့ သံတမန်အရာရှိဟောင်း၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို ဗီအိုအေရဲ့ စတူဒီ ယိုထဲကို ဖိတ်ခေါ်ပြီး ဗီအိုအေ၀ိုင်းတော်သားကိုကျော်ကျော်သိန်းနဲ့ ဗီဒီယိုရိုက်ကူးထားတဲ့ တွေ့ဆုံမေးမြန်းခန်း ကို ဗီအိုအေ မြန်မာပိုင်းရုပ်မြင်သံကြားကနေ လွှင့်ထုတ်ခဲ့ပြီးပါပြီ။ ဒီရုပ်သံလွှင့်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှု အစီအ စဉ် အစအဆုံးကို ဗီအိုအေမြန်မာပိုင်း ရေဒီယိုအစီအစဉ်ရဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍကနေ နှစ်ပိုင်း ခွဲပြီး လွှင့်ထုတ်တာမှာ အပိုင်း(၁)ကို တော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၁)ရက်နေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ တင်ဆက်ခဲ့ပြီးပါပြီ။ ဒီတစ်ပတ်မှတော့ ကိုကျော်ကျော်သိန်းနဲ့ ဦးအောင်လင်းထွဋ်တို့ရဲ့ ၀န်ကြီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးခင်ညွှန့်နဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားတာတွေကို အပိုင်း(၂)အဖြစ် ဆက်ပြီး တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။

ဦးကျော်ကျော်သိန်း။ ။ အခုနောက်ဆုံး လွှတ်တဲ့အထဲမှာ ဦးအောင်လင်းထွဋ် သိပြီးသားပါ။ ဗိုလ်ချုပ်ကြီး ခင်ညွှန့် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်တဲ့အထဲမှာ ပါလာပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့် လွတ်လာတဲ့ အခါမှာ ဦးအောင်လင်းထွဋ်ရဲ့ ပထမဦးဆုံးတုန့်ပြန်မှု စိတ်ထဲမှာ ဘယ်လိုဖြစ်လဲ။

ဦးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ပတ်သက်ပြီးတော့ သူလွတ်လာတာကို ကျနော် ၀မ်းသာ တယ်ပြောရမှာပဲ။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးခင်ညွှန့်ဟာ လွတ်လာပေမယ့် အများထင်ထားကြသလို ဘာမှ ပြန် မလုပ်နိုင်ပါဘူး။ လွှတ်လိုက်ကတည်းကိုကလည်း ပုဒ်မ (၄၀၁) (အလုံးစုံ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် မဟုတ်သော၊ သမ္မတ၏ လုပ်ပိုင်ခွင့်အရပေးအပ်သည့်)လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်လိုက်တယ်လို့ ကျနော် တို့ သဘောပေါက်တယ်။ အခုအချိန်လည်း ကျနော်တို့ အင်တာနက်တွေ၊ ဂျာနယ်တွေမှာ တွေ့ရတယ်။ အင် တာဗျူးတွေ ဖတ်ရတယ်။ နောက် ကျနော့်ရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေဆီက ကျနော်သိရှိချက်တွေ အရ ဗိုလ်ချုပ်ကြီးခင်ညွန့်အနေနဲ့ ဆက်ပြီးတော့ နိုင်ငံရေးလုပ်ဖို့ အစီအစဉ်မရှိဘူး။ သူလုပ်ခဲ့ကိုင်ခဲ့တဲ့ အတွေ့ အကြုံတွေတော့ရှိတယ်။ သူ့အနေနဲ့ဝန်ကြီးချုပ်ဘ၀က နိုင်ငံတကာဆက်ဆံရေးအတွေ့အကြုံ၊ ထောက် လှမ်း ရေးအတွေ့အကြုံ၊ ငြိမ်းချမ်းရေးအတွေ့အကြုံ ဒါတွေနဲ့ပတ်သက်ပြီးတော့မှ မေးလာလျှင်တော့၊ ပြန်ပြီး share လုပ်မယ့်သဘော၊ ဝေငှမယ့်သဘောတော့ ရှိပါတယ်။ သူ့အနေနဲ့ကတော့ နောင်တက်လာမယ့် မျိုး ဆက်သစ်ပေါ့လေ၊ ဘယ်သူတွေပဲဖြစ်ဖြစ် အသက်ငယ်တဲ့လူငယ်ပိုင်းတွေကို လိုအပ်တဲ့အခါ လာမေးတဲ့အခါ မှာ ပြောပြမယ်ဆိုတဲ့ အနေအထားမျိုးလောက်ပဲ ရှိပါတယ်။

ဦးကျော်ကျော်သိန်း။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ထိတွေ့ဆက်ဆံဖူးတဲ့ လူတွေထဲမှာ၊ အဓိကအားဖြင့် နိုင်ငံ ခြားတိုင်း ပြည်တွေက သံတမန်တွေ ရှိမယ်၊ နောက် ပညာရှင်တစ်ချို့ ရှိမယ်။ သူတို့ပြောတဲ့စကားက ဗိုလ်ချုပ်ကြီးခင်ညွှန့်ဟာ moderate ပေါ့နော်၊ အလယ်အလတ်သမားဖြစ်တယ်။ သဘောထားအလယ်အ လတ်ရှိတယ်။ မတင်းမာဘူးပေါ့။ အဲဒီ အချက်ကို ဦးအောင်လင်းထွဋ် သဘောတူလား။

ဦးအောင်လင်းထွဋ်။ ။ ကျနော် သဘောတူပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့် ဂျာနယ်တစ်ခုမှာ ပြောခဲ့ဖူး တယ်။ သူဟာ အတွင်းရေးမှူး(၁)၊ ၀န်ကြီးချုပ်၊ ဒါတွေ ဖြစ်ခဲ့တယ်။ သူ့ရဲ့အထက်မှာ ဘယ်သူတွေရှိတယ် ဆို တာ အားလုံး သိပါတယ်။ ဒီရဲ့ policy ကို သူက အကောင်အထည် ဖေါ်ရတဲ့လူပါ။ အခုမှ မဟုတ်ပါဘူး။ ကျနော်တို့ခေတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ 2001 လောက်ကတည်းက ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားခဲ့တယ်။ မှတ်မှတ်ရရ ဒေါ်အောင်ဆန်းစုကြည်က 1996 Visit Myanmar Year ကို သပိတ်မှောက် တယ်။ ပြီးတော့ NLD က အမျိုးသားညီလာခံကနေ ထွက် တယ်။ ထွက်ပြီးတဲ့နောက်ပိုင်း အပေါ်ဆုံးက ဗိုလ်ချုပ်မှူးကြီးကနေ ကျနော်တို့ကို NLD ကို မင်းတို့ အမြစ်ပြတ်ခြေမှုန်းရ မယ်ဆိုလို့ ထောက်လှမ်းရေးက လူမိုက်အငှားခံခဲ့ရတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီအချိန်တုန်းကဆိုလျှင် အားလုံး သိကြပါတယ်။ NLD နဲ့ ပတ်သက်တဲ့လူတွေကို ဆွေမျိုးသားချင်းက အစ၊ ကလေးတွေနေတဲ့ ကျောင်းကအစ၊ ကျနော်တို့ က ပြဿနာရှာပေးရတဲ့ အနေအထားမျိုးတွေ ရှိတယ်။ ပြဿနာမရှာလျှင်လည်း မင်းတို့ ဘာလို့မလုပ်လဲ ဆိုတာမျိုး တွေက ရှိကြတယ်။ အဲဒီလို လုပ်လာရာကနေမှာ 1997 မှာ အာဆီယံကို မြန်မာနိုင်ငံ ၀င်တာရှိ တယ်။ အဲဒီအချိန်မှာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံတကာနဲ့ထိတွေ့မှုတွေ ရှိလာပြီ။ 1999, 2000 လောက် ကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြန်ထားလိုက်ပြီးပြီ။ အဲဒီအချိန်အခါမှာ ဗိုလ်ချုပ် ကြီးခင်ညွန့်အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ့နိုင်ငံရေးမှာ ပစ်ပယ်လို့ မရဘူး၊ ဒေါ်အောင်ဆန်းစု ကြည်မပါဘဲ လုပ်လို့မရဘူးဆိုတဲ့ conclusion တစ်ခု ချခဲ့ တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒီပေါ်မူတည်ပြီး မှလည်း 2000, 2001 လောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လျှို့ဝှက် ပြီးတော့ ဆွေးနွေးခဲ့ကြတယ်။ ဒီဆွေးနွေးချက်တွေပေါ် မူတည်ပြီးတော့မှ 2002 May မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်လိုက်တယ်။ အဲဒီအချိန်မှာ ကျနော်က အမေရိကားကို ရောက်ပါတယ်။ အဲဒီအချိန်တုန်းကလည်း စနစ်တကျ ပါပဲ။ အဲဒီ အချိန်တုန်းက ကျနော်တို့ DCI (lobby ကုမ္ပဏီ) အမေရိကားမှာ ငှားတယ်။ အမေရိကားမှာ သမ္မတ Bush တက်ခါစပေါ့လေ။ ကျနော်တို့ lobby group တွေငှားပြီးတော့မှ အမေရိကန်အစိုးရနဲ့ ပြေရာပြေကြောင်း ပြော ပါတယ်။ အမေရိကန်အစိုးရကလည်း ကျနော်တို့ကို ပြောပါတယ်။ အခုလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပေါင်းပြီးမှ မင်းတို့လုပ်ပါဆိုတဲ့ အနေအထားမျိုး၊ ပေါင်းလို့ရှိလျှင် သူတို့လက်ခံမယ်ဆိုတဲ့ အနေအထားမျိုး ရှိတဲ့အတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့သမိုင်းစာမျက်နှာအသစ် ပြန်ဖွင့်မယ်ဆိုပြီး ကြေညာပြီး တော့ ပြန် လွှတ်လိုက်တယ်။ ၀ါရှင်တန်မြန်မာသံရုံးကနေပြီးတော့မှ ကျနော်တို့ကိုယ်တိုင်ပဲ ဘယ်သူမှမသိခင်မှာ ကြေ ညာပေးလိုက်တာပါ။ အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီးတော့ အခုလိုပဲနယ်လှည့် ခွင့် ပးတယ်။ နောက်ဆည်တွေ၊ တမံတွေ လိုက်ပြတာတွေ ရှိတယ်။ ပြီးတော့ အားလုံး ခြုံပြောရလျှင်တော့ 2003 ဒီပဲယင်း မှာ ကျနော်တို့ ဇာတ်လမ်း အဆုံးသတ်သွားပြီးတော့မှ ဒုက္ခရောက်သွားတယ်လို့ပဲ ပြောရမှာပဲ။

ဦးကျော်ကျော်သိန်း။ ။ ဒီပဲယင်းက တစ်ကဏ္ဍ ဖြစ်ခဲ့တာပေါ့လေ။ ဆိုတော့…ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ပတ် သက်ပြီး ပြောမယ်ဆို ကျနော်တို့ fair to say (တရားမျှမျှတတ ပြောမယ်ဆိုရင်) ပေါ့နော်၊ သူပြန်လွတ်လာ ပြီးတဲ့နောက်ပိုင်းမှာ ဦးအောင်လင်းထွဋ်လည်း အင်တာနက်ပေါ်မှာ တွေ့မှာပါ၊ အဓိကအားဖြင့်တော့ ပြည် ပ ရောက်နေတဲ့ မြန်မာအသိုင်းအ ၀ိုင်းကြားထဲမှာ အမျိုးမျိုး ပြောကြဆိုကြတာတွေ ရှိပါတယ်။ သဘောထား အမျိုးမျိုးပေးကြတာတွေ ရှိပါတယ်။ ဒီနေရာမှာ ကျနော်တွေးမိတဲ့ အတွေးလေးတစ်ခုကတချိန်တုန်း က ထောက်လှမ်းရေးယန္တယားကို ဦးဆောင်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ တစ်ချိန်တုန်းက ဖြစ်ပျက်ခဲ့တဲ့ကိစ္စ တွ၊ တစ်နည်းအားဖြင့်ဖမ်းခဲ့တာတွေ၊ ထောင်ကျခဲ့တာတွေ၊ သေ ဆုံးခဲ့ရတာတွေနဲ့ ပတ်သက်ပြီး တစ်ချိန်က စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ပြောလျှင်၊ ဗိုလ်ချုပ်ကြီးခင်ညွှန့် မှာကော ဘယ်နှစ်ရာခိုင်နှုန်း တာဝန်ရှိတယ်လို့ ပြောလို့ ရပါသလဲ။

ဦးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့်မှာလည်း တာဝန်ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတင် မဟုတ်ပါဘူး။ နောက်ဆုံး ကျနော်တို့မှာလည်း တာဝန်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကိုယ်တိုင် ဒီထောက်လှမ်းရေး အဖွဲ့အစည်းထဲမှာ နေခဲ့ရတာကိုး။ ဒါပေမယ့် ခုနကပြောသလို စနစ်ပေါ့၊ စစ်အာဏာရှင် စနစ်အောက်မှာ ကျနော်တို့က သားကောင် ဖြစ်ခဲ့ကြပါတယ်။ ဒါ ဗိုလ်ချုပ်ကြီးခင်ညွှန့်တင် မဟုတ်ပါဘူး။ ကျနော်တို့ အဖွဲ့တွေ အားလုံးလည်း ပါပါတယ်။ ကျနော်တို့ အနေအထားအရလည်း ကျနော်တို့ မကောင်း တာလေးတွေ လုပ်ခဲ့ရတာရှိတယ်။ ခုနက ပြောသလိုပေါ့ဗျာ။ NLD အမြစ်ပြတ်ခြေမှုန်းရေး ကျနော်တို့ ကိုယ် တိုင်မဟုတ်တောင်မှ ကျနော်တို့အဖွဲ့အစည်းက လုပ်ရတာကိုးဗျ။ NLDနဲ့ ပတ်သက်လျှင် NLD ပါတီဝင် တွေ ကို ရေဖြတ်၊ မီးဖြတ်ကအစ အပြစ်ရှာပြီး လုပ်ခဲ့ရတာ။ မလုပ်လို့ လည်းမရဘူး။ အာဏာရှင်တို့ရဲ့သဘော သဘာဝအရ ခင်ဗျားသိတဲ့အတိုင်း၊ ကျူပင်ခုတ်ကျူငုတ်မကျန်၊ သားစဉ်မြေးဆက်အကုန်လုံးကို ဒုက္ခ ပေး တာ ကိုး။ ဗိုလ်ချုပ်ကြီးခင်ညွှန့်လည်း ဒီတိုင်းပါပဲ။ ကျနော်တို့ကို ဗိုလ်ချုပ်ကြီးခင်ညွန့် နှစ်ခါပြောဖူးတယ်။ သူ ထွက် ချင်တယ် ဆိုပြီး။ တစ်ခါက ၁၉၉၇ လောက်မှာ တစ်ခါပြောဖူးတယ်။ နောက်တစ်ခါက ၁၉၉၉ ကျနော် အမေရိကား မထွက်ခင်ပေါ့လေ။ ကျနော် ဒီမရောက်ခင်မှာ ပြောခဲ့ဖူးတယ်။ စိတ်ဓါတ်ပျက်တာပေါ့လေ၊ အဲဒီအချိန်မှာ သူ စိတ်မ ကောင်းစွာနဲ့ ပြောခဲ့တယ်။ ငါထွက်ချင်တယ်တဲ့၊ ငါထွက်လျှင် မင်းတို့ ဒုက္ခရောက် လိမ့်မယ်တဲ့။ မင်းတို့ကြောင့် ငါဆက် နေနေရတယ် ဆိုတဲ့ စကားတစ်ခု ပြောခဲ့ဖူးတယ်။ အလားတူပဲ အဲဒီ အချိန်တုန်းက ၀န်ကြီးတစ်ချို့ ဗိုလ်ချုပ်ခင်ညွှန့်ကို လာပြောတာတွေရှိတယ်။ ဗိုလ်ချုပ် ကျနော့်ကို ထွက် ခွင့် ပေးပါ။ ထွက်ခွင့်ဆိုတာ အေးအေးဆေးဆေး ထွက်ချင်တာ ပေါ့ဗျာ။ ဗိုလ်ချုပ်ခင်ညွှန့်က ခင်ဗျားမပြောနဲ့ ကျနော်တောင် ထွက်ချင်တာ ထွက်လို့မရဘူးဆိုတဲ့ အနေအထားမျိုး ပြန် ပြောတယ်။ ဆိုတော့ ကျနော်တို့ က ၀င်ပြီးတဲ့အချိန်မှာ အရှင်ထွက် ထွက်ဖို့က မလွယ်တဲ့ အနေအထားမျိုး ရှိပါတယ်။ တာဝန်မရှိဘူးလား ဆိုတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်လည်း တာဝန်ရှိတယ်။ ကျနော်တို့လည်း တာဝန်ရှိတယ်။ ကျနော် ပြောပြောနေ တဲ့ ခရစ်စတီးကျွန်းကိစ္စဆိုလျှင် ကျနော်လည်းပါသွားတော့ ကျနော့်မှာလည်း တာဝန်ရှိတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သေသွားတဲ့လူတွေအတွက်ကို ကျနော် ဘာမှ မလုပ်ပေးနိုင်ဘူး။ အခု ကျနော်ပြောခွင့်ရလို့ အဲဒီမှာ သေ သွားတဲ့လူတွေအတွက်ကို ကျနော် ပြောပြောနေ တာ။ ဒီအမှုကိစ္စပေါ်လာလို့ အစစ်ခံကြရလို့ ကျနော့်ကို ထောင်ချမယ် ဆိုလည်း ကျနော် ထောင်ကျခံရမယ့်သဘော၊ သေဒဏ်ပေးလည်း သေဒဏ် ကျခံ ရမယ့်သဘော ရှိတယ်။ ဒါပေမယ့် ကျနော့်လိုပဲ ကျနော်တို့ကို အမိန့်ပေးတဲ့ သူတွေကိုလည်း အရေးယူရလိမ့် မယ်။

ဦးကျော်ကျော်သိန်း။ ။ စောစောကပြောတဲ့ ကျူပင်ခုတ်ကျူငုတ်မကျန် ဆိုတဲ့ စကားလိုပေါ့။ ဒါ ၁၉၈၈ နောက်ပိုင်း ပေါ့လေ၊ တကယ်ကတော့ ၁၉၈၈ မတိုင်ခင်ကတည်းက။ သို့သော် ၁၉၈၈ နောက်ပိုင်း မှာ ပိုပြီးသိသာလာတာပါ။ ၁၉၈၈နဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်တို့ ထောက်လှမ်းရေး၊ စစ်ထောက်လှမ်းရေး၊ တပ်မတော်ထောက်လှမ်းရေးကို ဖျက်သိမ်းတဲ့ အချိန်ထိ ထောက်လှမ်းရေးယန္တယားဆိုတာက ဖိန့်ဖိန့် တုန် ကြောက်ခဲ့ကြရတဲ့ ယန္တယားကြီးပါ။ လူတွေကို အကြောက်တရားနဲ့ ကြီးစိုးခဲ့တာပါ။ ဒီလိုယန္တယားမျိုး ဒီနေ့ ဒီအချိန်မှာ ပြန်ကြည့်မယ်ဆိုလျှင် အနာဂတ် မြန်မာနိုင်ငံမှာ ပြန်ပေါ်လာနိုင်တဲ့ အလားအလာ ရှိသေး တယ်လို့၊ ဦးအောင်လင်းထွဋ် အခုအချိန်မှာ မြင်ပါသလား။

ဦးအောင်လင်းထွဋ်။ ။ ရှိသေးတယ်ဗျ။ အခုအချိန်မှာ SB(Special Branch-ရဲအထူးသတင်းတပ်ဖွဲ့)၊ စရဖ (ကာကွယ် ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) လို့ခေါ်တဲ့ စစ်ထောက် လှမ်းရေး အဖွဲ့ကော ရှိနေတုန်းပဲ။ ဒီအတိုင်းပဲ သွားတယ်။ အခု စရဖမှာ ရှိတဲ့လူတွေက ကျနော့်တပည့်တွေ ပဲ။ ကျနော် ထောက်လှမ်းရေး သင်တန်းကျောင်းမှာ (၅) နှစ် သင်တန်းဆရာ လုပ်ခဲ့တာကိုး။ နောက်ဆုံး သင် တန်းဆရာဘ၀က၊ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဗိုလ်ချုပ်ကြီး ရွှေမန်းတို့၊ ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦး တို့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တက်တုန်းက ကျနော် သူတို့ကို lecture ပို့ချခဲ့တဲ့ကောင်ပါ။ အဲဒီတော့ အခုထိတော့ ဒီညာဉ်တွေညာဉ်ဆိုးတွေကတော့ မပျောက် သေးဘူး။ ဘယ်လိုပြောရမလဲ ဆိုတော့ တောမှာ နေပြီးတော့မှ ကျနော်တို့ စစ်သားဆိုတာ တပ်ရင်းမှူး၊ တပ်စုမှူးက တောမှာ ဗိုလ်ကျချင် တိုင်း ကျကြတယ်ဗျာ။ မြို့ပေါ်တက်တော့လည်း အဲဒီအကျင့်က ပါနေတုန်းပဲ။ ဒီအကျင့်တွေက ခုထိ မပျောက်သေးဘူးဗျ။ အဲဒီတော့ ဒီအကျင့်တွေ ပျောက်ဖို့ဆိုတာ တပ်မတော်ကိုလည်း ပြင်ဖို့ ဆင်ဖို့ train လုပ်ဖို့ က လိုတယ်ဗျ။ ဒီလို စည်းမရှိကမ်းမရှိ လုပ်ချင်တာလုပ်လို့ ဘာမှ မဖြစ်ဘူးဆိုတာမျိုး မရဘူး။ အခု သူတို့ လုပ်လာကြ ပါပြီ။ ဒီနေ့ ကြားရတဲ့သတင်းမှာ ကချင်ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်ကို ဖမ်း ထားပြီးမှ ပြန်မလွှတ်တဲ့ကိစ္စကို နေပြည်တော်မှာ တရားရုံးတင်မယ်ဆိုတာ ဒါကောင်းတဲ့ သတင်းပါ။ ဒီလို မျိုးကိစ္စတွေဟာ ပွင့်ပွင့်လင်းလင်း ပြောလာဖို့ လိုတယ်။ တောထဲမှာ လူမသိသူမသိ အသတ်ခံရ မုဒိန်းကျင့် ခံရတာတွေအများကြီး ရှိခဲ့တယ်။ ဒါတွေကို အရေးယူပေး ရမယ်။

ဦးကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ် ဦးအောင်လင်းထွဋ်။

ဦးရော်နီညိမ်း။ ။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၁၃) ရက်နေ့က နေအိမ် အကျယ်ချုပ်ချ ခံထားရနေရာက သမ္မတ ဦးသိန်းစိန် ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ပြီးလွတ်မြောက်လာခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ် ကြီးဦးခင်ညွှန့်နဲ့ ပတ် သက်ပြီး ဗီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းနဲ့ ဗိုလ်မှူးဟောင်းဦးအောင်လင်း ထွဋ်တို့ရဲ့ တွေ့ဆုံမေးမြန်းခန်း အပိုင်း(၂)ကို ထုတ်လွှင့်တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။

Credit :ဗီအိုအေ 

ဒီမိုကရေစီလမ်းကြောင်းလျှောက်လှမ်းရေး ပြည်တွင်းပြည်ပမှ ဝိုင်းဝန်းဖိအားပေးတိုက်တွန်းမှုများ အားကောင်းခြင်း၊ မြန်မာ့ စစ်ခေါင်းဆောင်ဟောင်းများ ကိုယ်တိုင် မအောင်မြင်သော မူဝါဒများကို သဘောပေါက် ဝန်ခံလာခြင်းနှင့် သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း သို့ နောက်မဆုတ်တမ်း စတင် ခြေလှမ်းလှမ်းနေခြင်းတို့ကို အငြင်းပွားစရာရှိမည် မထင်ပါ။


                                              ဦးအောင်လင်းထွဋ်  ( Photo Moe Makha)

သို့သော် နှစ်ပေါင်း ၅၀ တိုင်နိုင်ငံ၏ အလုံးစုံအာဏာကို ထိန်းချုပ်ခဲ့သော မြန်မာ့ တပ်မတော်ကို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းသို့ လက်တွဲခေါ်ယူသွားနိုင်ရေး၊ဒီမိုကရေစီစနစ်နှင့်အညီမြန်မာ့တပ်မတော်ဖြစ်ရေးတို့ကိုမူပြည်သူလူထုအနေဖြင့်မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းစဉ်းစားပေးရန် လိုမည်ဖြစ်ပါသည်။

မြန်မာ့ တပ်မတော်၏ ဆောင်ပုဒ်တွင် “ရဲဘော် မကောင်းတာ မရှိခေါင်းဆောင် မကောင်းတာသာရှိ ပါသည်” ဟု ရှိသည်။ ဆိုလိုသည်မှာ တပ်မတော်တွင်ခေတ် အဆက်ဆက် စစ်အာဏာရှင် စစ်ဦးစီးချုပ် တဦးမှလွဲ၍ လက်အောက် ကျန်ရှိသူ အားလုံးသည် ရဲဘော်များသာ ဖြစ်ကြပါသည်။ တနည်းအားဖြင့် စစ်အာဏာရှင် စနစ်၏ အောက်တွင် “ပေးတာယူ ၊ ကျွေးတာစား ပြန်မပြောနဲ့ ထောင်ထဲရောက်သွားမည်” ဆိုသည့် ဆောင်ပုဒ်အောက်တွင် စစ်ကျွန်ဘဝဖြင့် အားလုံးနေခဲ့ကြသူများ ဖြစ်ကြသည်။ စစ်အာဏာရှင်ကြီးက သူ့အာဏာကိုသာ မထိပါးစေနှင့်၊ ကျန်တာလုပ်ဟု လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းကြောင့် လည်း တပ်မတော်သည် သံဃာနှင့် ပြည်သူများ၏ မုန်းတီးနာကျည်းမှုကို ခံနေရသည်။ ထို့ကြောင့် တပ်မတော်သားတို့ အနေဖြင့်လည်း ပြည်သူနှင့် အတူပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် လက်တွဲလျှောက်လှမ်းနိုင်ရေး လမ်းဖွင့်ပေးရမည် ဖြစ်သည်။

ဒီမိုကရေစီစနစ်နှင့်အညီမြန်မာ့တပ်မတော်ဖြစ်ရေးအတွက်အဓိကအားဖြင့်တပ်မတော်အရာရှိအရာခံ အကြပ်တပ်သားများ၏အတွေးအခေါ် ပြုပြင်ပြောင်းလဲရေးသည် အရေးအကြီးဆုံးအချက်ဖြစ်ပါသည်။အခြေခံတပ်သားအဆင့်၊ ဗိုလ်လောင်းအဆင့်တို့ တပ်မတော်ထဲ စတင်ဝင်ရောက်လာသည့် အချိန်မှစ၍ ဝါရင့်ဗိုလ်လောင်း၊ ဝါရင့်စစ်သည်များ၏ အပြစ်ပေးနှိပ်စက်ခြင်း၊ အနုနည်းဖြင့်ဆုံးမခြင်းတို့ ခံခဲ့ရသည်။ ဤသို့အားဖြင့် “မြန်မာနိုင်ငံတွင် တပ်မတော်သည်သာ ပြည်သူလူထု၏ အားကိုးရာဖြစ်သည်”၊ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တိုင်းတပါးကို အားကိုးပြီး မြန်မာနိုင်ငံမှခွဲထွက်၍ သီးခြားလွတ်လပ်သော နိုင်ငံထူထောင်လိုသူများဖြစ်ကြသည်”၊ “ပြည်တွင်းအတိုက်အခံ အဖွဲ့စည်းများသည်လည်း တပ်မတော်ကိုဖြိုခွဲပြီး နိုင်ငံရေးအာဏာကိုရယူကာ နိုင်ငံကိုရောင်းစားမည့်သူများဖြစ်သည်” အစရှိသည်ဖြင့်ဝါဒဖြန့်ချိရေးစကားလုံး ပေါင်းစုံဖြင့် ဦးနှောက်ဆေးကြောခြင်း (BrainWash) ကို စစ်ဗိုလ် စစ်သားတိုင်း ခံခဲ့ရသည်။

့ကြောင့် လက်ရှိခေတ်နှင့်အညီ ပြောင်းလဲရမည့် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတွင် တပ်မတော်သည် ပြည်သူလူထုနှင့်အတူ လက်တွဲနိုင်ရေးအတွက် အထက်ပါ အတွေးအခေါ်များကို တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက ပြန်လည်၍ ဦးနှောက်ဆေးကြောပေးခြင်းပြုလုပ်ရပေမည်။

တပ်မတော်သည်အမိန့်အာဏာဖြင့် ဖွဲ့စည်းထားသောကြောင့်တပ်ကို တာဝန်ယူသော အရာရှိတပ်စုမှူးမှသည်စစ်ဦးစီးချုပ် အဆင့်ဆင့်သည်တပ်မတော် အတွေးအခေါ်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင်ပါဝင်ရန် ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်သည်။တပြိုင်တည်းမှာပင်တခြားအဆင့် စစ်သည်အားလုံးကိုလည်း“ပြည်သူသည်သာအမိ၊ ပြည်သူသည်သာအဖ”ဆိုသည့်ဆောင်ပုဒ်ကိုနားလည် သဘောပေါက်ရေးတန်ပြန်လုပ်ဆောင်သွားရမည်ဖြစ်သည်။

ယနေ့ မြန်မာ့တပ်မတော် အရာရှိကြီးငယ် အများစုသည်၁၉၈၈ခုနှစ်နောက်ပိုင်းတွင်တရုတ်၊ရုရှား၊ အိန္ဒိယနိုင်ငံများတွင်သာ စစ်ပညာ လေ့လာဆည်းပူးခွင့်ရရှိခဲ့သည်။စစ်လက်နက်ပစ္စည်းများကိုလည်း အဆိုပါနိုင်ငံများနှင့်မြောက်ကိုးရီးယားနိုင်ငံမှ ရောင်းချပေးခဲ့သည့် လက်နက်နှင့်နည်းပညာများကိုသာကိုင်တွယ်သုံးစွဲနေကြသည်။ထို့ကြောင့်အနောက်နိုင်ငံ တပ်မတော်များနှင့် ကင်းကွာခဲ့ပြီးအတွေးအခေါ်ပိုင်းဆိုင်ရာတွင်အာဏာရှင်တပ်မတော် အတွေးအခေါ်ကို မသိမသာသွတ်သွင်းခံထားရသူများ ဖြစ်သည့်အတွက် ဒီမိုကရေစီတပ်မတော်တခု၏ သိက္ခာ၊ ပြည်သူလူထုအပေါ် ကျင့်ကြံဆက်ဆံရမည့် စည်းကမ်းများကို မေ့လျော့နေသည့်သဘော မြင်တွေ့နေရသည်။

အမှန်တကယ်တွင်မြန်မာ့တပ်မတော်သည်လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာသောတပ်မတော်၊ဗိုလ်ချုပ်အောင်ဆန်းစတင်ထူထောင်သော တပ်မတော်ဖြစ်သကဲ့သို့တပ်မတော်၏ နည်းဥပဒေများသည်လည်းစည်းကမ်းစနစ် ကောင်းမွန်သော ဗြိတိသျှတပ်မတော်နှင့် တိုက်ရည်ခိုက်ရည် ရဲစွမ်းသတ္တိရှိသော ဂျပန်တပ်မတော်တို့ကို အခြေခံပြီး ရေးဆွဲပြဋ္ဌာန်းထားခြင်းဖြစ်သည်။ယနေ့တိုင်လည်း အဆိုပါစည်းမျဉ်းစည်းကမ်းများ တည်ရှိနေဆဲဖြစ်သည်။

ဥပဒေကို စာအုပ်အထဲတွင်သာထားပြီးစစ်အာဏာရှင်၏ နှုတ်ကထွက်လာသောအမိန့်ဖြင့်တပ်မတော်ကို စေခိုင်းနေခြင်းကြောင့်သာတပ်မတော်သည်သံဃာကို သံဃာမှန်းမသိ၊ပြည်သူကို ပြည်သူမှန်းမသိ၊တိုင်းရင်းသားအချင်းချင်းကို ရန်သူဟု သတ်မှတ်နေကြသည်။အကယ်၍ နှုတ်မိန့်ကို အာခံခဲ့ပြန်လျှင်လည်းကျူပင်ခုတ်ကျူငုတ်မကျန်အောင် အဖိုးအဖွား အဖေအမေမကျန်သားစဉ်မြေးဆက် ဒုက္ခရောက်အောင် လုပ်ပြခဲ့သည့်အတွက်ကြောင့်လည်း မည်သူမျှ မလှန်ရဲ။ဒုတိယ စစ်ဦးစီးချုပ်မှသည် တပ်သားအထိ တပ်မတော်သည်အာဏာရှင်စနစ်၏ အောက်စစ်ကျွန်သဖွယ် နေခဲ့ရသည်။ထို့ကြောင့်တပ်မတော်ကိုလည်း စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးပြည်သူများအနေဖြင့်လည်း ကယ်တင်ရမည်ဆိုသည်ကိုသတိမမေ့ဖို့ လိုပါသည်။

တပ်မတော်အား ဒီမိုကရေစီလမ်းကြောင်းသို့ ပြောင်းလဲနိုင်ရေး လက်ရှိအခြေအနေတွင် သမ္မတ ဦးသိန်းစိန်၊ ပြည်သူလူထုနှင့် နိုင်ငံတကာ၏ ထောက်ခံမှုကို ရရှိနေသောဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦး စဉ်းစားချင့်ချိန်ပြီးပြေပြေလည်လည် ပူးပေါင်းဆောင်ရွက်နိုင်မှသာလမ်းမှန်ပေါ်သို့ ရောက်နိုင်မည်ဖြစ်သည်။

စစ်သားများ၏စိတ်ထဲတွင် အရိုးစွဲနေသော ယူဆချက်တခု ရှိသည်။ “ငါတို့ အသက်တောင် အသေခံရဲသေးတာပဲ၊ငါတို့ကို လာမစော်ကားနဲ့၊ဘယ်သူမှ ဂရုမစိုက်ဘူး” ဆိုသည့်အချက်ဖြစ်သည်။စစ်သားကိုညင်ညင်သာသာပြောတတ်ဆိုတတ် စည်းရုံးတတ်ရန် လိုသည်။အတိုက်အခံရော အစိုးရပါ စစ်သားများ၏ ခံစားချက်ကို နားထောင်ပေးရန် လိုသည်။

မြို့နေစစ်ဗိုလ်ချုပ်တစုနှင့် မိသားစုကိုသာကြည့်ပြီးအများထင်သကဲ့သို့ စစ်တပ်ကြီးတခုလုံးကောင်းစားနေသည် မဟုတ်ပါ။တချို့နယ်စွန်နယ်ဖျားများတွင် မြို့နေပြည်သူလူထုထက် ဒုက္ခရောက်နေသူစစ်သည်နှင့် မိသားစုအများအပြား ရှိပါသည်။စစ်အာဏာရှင်စနစ်၏ ဒဏ်ကို ပြည်သူလူထုနှင့်အတူ စစ်သားများလည်း ခံကြရသည်။ ထို့ကြောင့် ပြည်သူလူထုကလည်း မိဘသဖွယ်သဘောထားပြီး စစ်ကျွန်ဘဝရောက်နေသော တပ်မတော်သားများကိုအပြောမဟုတ်လက်တွေ့ကျကျ နွေးထွေးစွာ လက်ကမ်းကြိုသင့်ပါသည်။တပ်မတော်သားများဘက်မှလည်းပြည်သူဘက်မှ ကြိုဆိုလာသောလက်များကို ယုံယုံကြည်ကြည်ဖြင့်လက်ခံပြီး မိဘရင်ခွင်ကို ပြန်ဝင်ရန် အချိန်တန်ပြီဟုတိုက်တွန်းချင်ပါသည်။

အစိုးရအနေဖြင့် တပ်ကို နိုင်ငံတကာအဆင့်မီ တပ်မတော်မျိုးဖြစ်ရန် ရည်ရွယ်သကဲ့သို့ စစ်မှုထမ်းအားလုံးကိုလည်း စိတ်ဓာတ် စည်းကမ်းနှင့် ရပိုင်ခွင့်များ ပြည့်ပြည့်ဝဝရရှိရေးလည်း ဆောင်ရွက်ပေးရန် လိုမည်ဖြစ်သည်။ထို့အပြင်လျော့လျဲပြန့်ကျဲစွာ မြန်မာနိုင်ငံ နေရာအနှံ့ ဖွဲ့စည်းထားသော တပ်များကိုကျစ်လစ်သိပ်သည်းစွာ ပြန်လည်စုဖွဲ့သင့်သည်။

စစ်တပ်အင်အား အဆမတန်ချဲ့သည့်အတွက် တပ်သားသစ် စုဆောင်းမရသောအခါ အရွယ်မရောက်သေးသော ကလေးပါမကျန် စစ်သားစုရသည့် အဖြစ်မျိုး နောင်မဖြစ်ပေါ်လာစေရန် ဖြစ်သည်။ စစ်သည်နှင့်မိသားစုတို့၏ အတွေးအခေါ်အသစ်များ ဒီမိုကရေစီစနစ်နှင့်အညီ ပြုပြင်ပြောင်းလဲလာရေး တပ်တွင်းသင်တန်း၊ ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများတွင် ယခင်အတွေးအခေါ်ဟောင်းများကို ပစ်ပယ်ပြီး ဒီမိုကရေစီအတွေးအခေါ် အကြောင်းများကို စတင်ပို့ချသင့်ပြီဖြစ်သည်။

ယခင် စစ်အာရှင်စနစ်၏အမွေးဆိုးများကြောင့်ပြည်သူလူထုအပေါ် အနိုင်ကျင့်သည့်လုပ်ရပ်များကို ရပ်တန်းကရပ်သင့်ပြီး စစ်တပ်ထဲမှ ပြစ်မှုကျူးလွန်သူမှန်သမျှကိုကျောသားရင်သား မခွဲခြားဘဲစစ်ဥပဒေအရ အရေးယူပြရန် လိုသည်။လက်ရှိကချင်တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော စစ်ပွဲများနှင့်ပတ်သက်၍လည်းသာသည်နာသည် သဘောမထားဘဲတပ်မတော်ဘက်မှစတင်၍ အပစ်ရပ်စဲရေးကို ထိရောက်စွာ လုပ်ဆောင်ရန် လိုအပ်သည်။တပ်မတော်အနေဖြင့် ပြည်တွင်းစစ်ကိုရပ်စဲပြီးပြည်ပရန်ကို ကာကွယ်သည့် တခုတည်းသော တပ်မတော်ဖြစ်ရေးဦးတည်ဆောင်ရွက်သွားသင့်သည်။

အတိုက်အခံနှင့် ပြည်သူလူထုအနေဖြင့်တပ်မတော်အပေါ် နားလည်လက်ခံပေးရန်လိုသည်။ သို့မှလည်း ဒီမိုကရေစီစနစ်နှင့် လျှောက်လှမ်းရမည့် တပ်မတော်၏ ခြေလှမ်းများသည် ရဲရဲဝံ့ဝံ့ ဖြောင့်ဖြောင့်မတ်မတ်ဖြစ်နိုင်ပါသည်။၁၉၉၀ခုနှစ် ရွေးကောက်ပွဲအပြီးအနိုင်ရပါတီကြီး၏ အမတ်တစ်ဦးက အမှတ်မထင် ပြောလိုက်သော “ငါတို့ အာဏာရလျှင် စစ်တပ်ဗိုလ်မှူးကြီးနှင့်အထက်အားလုံးကို အရေးယူရမည်” ဆိုသောစကားလုံးသည် ပြောသူအနေဖြင့်မေ့ကောင်းမေ့နိုင်ပေသော်လည်းခံရသူအနေဖြင့်မမေ့နိုင်ဘဲ “အာဏာလွှဲမပေးတော့လည်း ဘာဖြစ်လဲ၊ နောင်အနှစ် ၂၀ ဆက်အုပ်ချုပ်မယ်” ဆိုသည့်အတွေးအခေါ်မျိုး ဝင်ရန် အချက်တချက်ဖြစ်ခဲ့သည်။

ယနေ့အချိန်အခါမျိုးသည်လည်းအထိမခံနိုင်သေးသည့် အခြေအနေမျိုး ရှိနေသေးသည့်အတွက်သမ္မတက နောက်ကြောင်းပြန်မလှည့်ဟု ဆိုသော်ငြားလည်းစစ်တပ်ကိုမူ အပြတ်ပြောရန် မသင့်ဆိုသည်ကို ထောက်ပြလိုပါသည်။ ထို့ကြောင့် အတိုက်အခံအဖွဲ့များအနေဖြင့် စစ်တပ်၏ အခန်းကဏ္ဍကို လျှော့မတွက်ဘဲအရေးပါမှုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အသိအမှတ်ပြုသကဲ့သို့ ပြည်သူများမှလည်း လက်ခံရန်လိုပါသည်။

ဒီမိုကရေစီနိုင်ငံများမှ တပ်မတော်များအနေဖြင့်လည်း မြန်မာ့တပ်မတော်ကို ပစ်ပယ်မထားဘဲအာဏာရှင် အုပ်ချုပ်ခဲ့သော တပ်မတော်ကို ပြန်လည်ဆွဲထုတ်သင့်ပါသည်။ ထို့အပြင် ဒီမိုကရေစီတပ်မတော်များ နေထိုင်ကျင့်ကြံ လုပ်ဆောင်ရမည့် နည်းနာများကို မြန်မာ့တပ်မတော်သို့ မျှဝေပေးသင့်သည်။
ဒီမိုကရေစီ နိုင်ငံကြီးများအနေဖြင့်လည်းလက်ရှိမြန်မာ့တပ်မတော်မှ အရာရှိကြီးငယ်များကို ခွဲခြားဆက်ဆံခြင်းမပြုတော့ဘဲ တခြားဒီမိုကရေစီနိုင်ငံငယ်များ၏တပ်မတော်များနည်းတူအရာရှိကြီးများကို ဖိတ်ခေါ်ခြင်း၊အရာရှိငယ်များကို ကာလတို၊ ကာလရှည် သင်တန်းများ ပေးခြင်းဖြင့်မြန်မာ့တပ်မတော်ကိုဒီမိုကရေစီနားမျက်စိများကို ဖွင့်ပေးရန် လိုမည်ဖြစ်သည်။ ထို့အပြင် စစ်ပစ္စည်းများ ဝယ်ယူခွင့် ပိတ်ပင်ထားမှုများကိုလည်းအဆင်ပြေသလို ဖြေလျှော့သွားစေလိုပါသည်။သို့မှသာအာဏာရှင်နိုင်ငံကြီးများ၏ လောင်းရိပ်မှ အကြွင်းမဲ့ လွတ်မြောက်သွားမည်ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံသူနိုင်ငံသားများ၏ အလိုလား အတောင့်တဆုံးဖြစ်သည့်ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးရရှိရေးကို ဖြည့်စွမ်းပေးနိုင်သည့်အထဲတွင်တပ်မတော်သည်အရေးပါသည့် အခန်းကဏ္ဍမှ ရှိနေပါသည်။ထို့ကြောင့်တပ်မတော်သားများအနေဖြင့်လည်းမိမိတို့၏ အကျိုးစီးပွားထက်တိုင်းပြည်၏ အကျိုးစီးပွားကို ကြည့်ရန်လိုပါမည်။

အတိတ်ကာလမှအမှားများကို နောင်ဖြစ်မလာစေရန်လည်း ဆင်ခြင်သွားရမည်ဖြစ်သည်။တမြေတည်းနေ တရေတည်းသောက်ကြသော သွေးရင်းသားရင်း ညီအစ်ကိုမောင်နှမချင်းမပစ်မခတ် မသတ်မဖြတ်ကြတော့ဘဲချစ်ချစ်ခင်ခင် နေသွားသင့်ပါပြီ။ ဒီမိုကရေစီစနစ်နှင့်အညီ လျှောက်လှမ်းနိုင်သောမြန်မာ့တပ်မတော်အမြန်ဖြစ်လာစေချင်ပါသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည်တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိမြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင်အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)


Credit: Irrawaddy (Burmese)
By ဗိုလ်မှူးအောင်လင်းထွဋ်

ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့ပြီးသော နောက်ပိုင်းမှစ၍ ဗိုလ်ချုပ်တို့ ချမှတ်ခဲ့သော လမ်းစဉ်များကိုနိုင်ငံရေးသမားများ တိုင်းရင်းသားခေါင်းဆောင်များ တပ်မတော်ခေါင်းဆောင်များ သည် မိမိတို့လိုသလိုသာအသုံးချခဲ့ကြပြီး ခေတ်အဆက်ဆက် ယနေ့အထိတိုင်အောင်တိုင်းသူပြည်သားများကိုဓါးစာခံအဖြစ်အသုံးချနေဆဲဖြစ်နေသည်ကိုတွေ့မြင်နေရမည်ဖြစ်ပါသည်။ တစ်နေ့ကလွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ကမ္ဘာကျော် ဟာသ သရုပ်ဆောင် ကိုဇာဂနာ ပြောခဲ့သလိုဆိုမာလီပင်လယ်ဓါးမြများကဲ့သို့အစိုးရသည် နိုင်ငံရေးအကျဉ်းသားများကိုပြန်ပေးဆွဲထားပြီး သူတို့လိုချင်တာကိုရမှ လိုသလောက်သူတို့အိပ် ကပ်ထဲကထုတ်ပေးနေတာကိုတွေ့မြင်ရမည်ဖြစ်ပါသည်။

စာရေးသူအနေဖြင့်၁၉၈၈ခုနှစ် ပြည်လုံးကျွတ်လူထုဆန္ဒပြပွဲနောက်ပိုင်းတပ်မတော်ခေါင်းဆောင်များ၏ နိုင်ငံရေး ကစားကွက်များကိုလေ့လာတင်ပြလိုပါသည်။ ၈၈၈၈ လေးလုံးအရေးခင်းကို စက်တင်ဘာလ ၁၈ ရက် စစ်တပ် အာဏာသိမ်းစဉ် ပါတီစုံရွေးကောက်ပွဲ ကျင်းပပြုပေးပြီး တပ်မတော်သည်စစ်တန်းလျားပြန်မည်ဟူသော ကြေငြာချက်ဖြင့် နိုင်ငံရေးခေါင်းဆောင်များ နှင့် ပြည်သူပြည်သားများကို ချွေးသိပ်စေခဲ့ပြီး နဝတ သည် အကြမ်း အနုနည်းများကိုသုံး၍ ဖြိုခွဲခဲ့ပါသည်။


တစ်ဘက်မှ မက်လုံးပေးသောစကားကိုသုံးပြီးအခြားတစ်ဘက်တွင် လည်း ကျောင်းသားခေါင်းဆောင်များ သဘောထားပြင်းထန်သောနိုင်ငံရေးခေါင်းဆောင်များကို စစ်ထောက်လှမ်းရေးမှ လိုက်လံဖမ်းဆီးပြီး အကျဉ်းထောင်များအတွင်းထည့်ခဲ့ကြရပါသည်။ နောက်ဆုံး ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုပါဖမ်းဆီးပြီးနေအိမ်အကျယ်ချုပ်ချခဲ့သည်ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။ ၁၉၉၀-၁၉၉၁ ခုနှစ် ကာလများအတွင်း ကျောင်းသားလှုပ်ရှားမှုများတွင်ပါဝင်သော ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးခိုင်းခဲ့ပြီး အေ အဆင့်ကို ထောင်အနှစ် ၂၀ နှစ် ၊ ဘီ အဆင့်ကို ထောင်အနှစ် ၇ နှစ် မှ ၁၀ နှစ် ၊ စီ အဆင့်ကို ထောင်အနှစ် ၃ နှစ် မှ ၅ နှစ် သတ်မှတ်ပေးပြီး ထောင်ချခိုင်းခဲ့ပါသည်။ အထက်ပါချိန်ကာလလောက် ကတည်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ သည်စစ်အာဏာာရှင်ကြီးများ၏ လိုသလိုအသုံးချခံရမည့် ဓါးစာခံ များဖြစ်လာရပါသည်။ စစ်ထောက်လှမ်းရေးတို့အနေဖြင့် အကျဉ်းသား နိုင်ငံရေးသမားတို့ကို လစဉ်ပုံမှန်တွေ့ဆုံပြီး စစ်တပ်၏လုပ်ဆောင်ချက်ကို ထောက်ခံရန် မက်လုံးပေးပြီးစည်းရုံး ခဲ့ရပါသည်။ နိုင်ငံရေးအကျဉ်းသားများ နှင့်တွေ့ဆုံမှုအစီရင်ခံစာကို အထက်ဌာနများသို့ စစ်ထောက်လှမ်းရေးမှ ပုံမှန်တင်ပြခဲ့ရပါသည်။ ထိုအချိန်ကာလက ယနေ့ကဲ့သို့ နယ်အကျဉ်းထောင်များသို့ နိုင်ငံရေးအကျဉ်းသားများ ကိုပို့ဆောင်ချုပ်နှောင်ခြင်းမရှိဘဲ အင်စိန်အကျဉ်းထောင်တွင်သာထားပြီး ခေါင်းဆောင်ပိုင်းကို အထူးဆောင် နှင့် သီးသန့်ဆောင်များတွင်ထားပါသည်။ထိုစဉ်အချိန်အခါကတည်းက အမျိုးသားအရေးတွက် အကြောင်း အမျိုးမျိုး ကြောင့်ကိုယ့်အကျိုးမစွန့်နိုင်သူများသည်စစ်အစိုးရကိုမချစ်သောလည်းအောင့်ကာနမ်းခဲ့ကြရပါသည်။ ဒေါင်ဒေါင် မြည်နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဝင်းတင် နှင့် ကိုမင်းကိုနိုင် နှင့် အဖွဲ့ ကျောင်းသားခေါင်းဆောင်များသာ တိုင်းပြည်အတွက်ဒီမိုကရေစီအရေး ယုံကြည်ချက်ခံယူချက်ကို မပြောင်းမလဲ ယနေ့တိုင် ကြံ့ကြံ့ခိုင်ရပ်တည်ခဲ့ကြသူများဖြစ်ပါသည်။လက်ရှိအနေထားမှာပင်ကိုမင်းကိုနိုင်နှင့်အဖွဲ့ ကျောင်းသား ခေါင်းဆောင်များ စစ်အစိုးရ၏ ဓါးစာခံများအဖြစ်ရှိနေဆဲဖြစ်နေပါသည်။

၂၀၀၀ခုနှစ်ပတ်ဝန်းကျင်ကာလလောက်မှစ၍စစ်အစိုးရသည်နိုင်ငံတကာနိုင်ငံရေးကိုလစ်လျူရှုပြီး မြန်မာ့နိုင်ငံ အရေးကိုထင်သလိုလုပ်၍မရမှန်းသိလာခဲ့ပါသည်။ နိုင်ငံတကာတွင် လူ့အခွင့်အရေးချိုးဖေါက်မှုဂုဏ်သတင်း သည်ပေါ်လွင်ထင်ရှားလာပြီး ကုလသမဂ္ဂအပါဝင် အင်အားကြီးနိုင်ငံများ၏ ဖိအားပေးမှုကြီးထွားလာမှုနှင့် ရင်ဆိုင်ခဲ့ရပါသည်။ 
ဖိအားပေးမှုများအထဲတွင် ဒေါ်အောင်ဆန်းစုကြည် နှင့်နိုင်ငံရေးအကျဉ်းသားလွတ်မြောက် ရေးသည် အဓိကအချက်တစ်ခုအနေဖြင့်ပါခဲ့ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အား ၂၀၀၀ ခုနှစ် အတွင်း လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ရသလို အခြားတစ်ဖက်တွင်လည်း Lobby Group ငှါး၍ အမေရိကန် အစိုးရကို ချဉ်းကပ်ခဲ့ရပါသည်။ထိုကာလအတွင်းပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်းမှုနှင့်ပတ်သက် ၍ထိန်းသိမ်းထားသူများပြန်လည်လွှတ်ပေးပြီး ပြည်တွင်းပြည်ပတွင် စစ်အစိုးရမှသဘောထားကြီးသရောင် ပြ ခဲ့ ပါသည်။အမှန်တစ်ကယ်တော့ စစ်အစိုးရအနေဖြင့်မြန်မာ့နိုင်ငံရေးရှေ့ဆက်တိုးနိုင်ဘို့ ဒေါ်အောင်ဆန်းစုကြည် မပါလျှင်အလုပ်မဖြစ်နိုင်ဟုသိရှိထား၍လည်းဖြစ်ပါသည်။ထို့ကြောင့်၂၀၀၂ ခုနှစ်မေလတွင်D C I Lobby Group အစီအစဉ်ဖြင့်စစ်ထောက်လှမ်းရေးဗိုလ်မှူးချုပ်ကျော်သိန်းနှင့်မူးရစ်ဆေးဝါးနှိမ်နင်းရေးမှ ရဲမှူးကြီးခမ်းအောင် တို့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ကို လာရောက်ပြီးနောက် ဝါရှင်တန်မြို့ မြန်မာသံရုံးမှနေ၍ ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ပေးကြောင်းကို သတင်းအစောဆုံးကြေညာချက်ထုတ်ပြန်ပေးခဲ့ရပါသည်။ ထိုစဉ်အချိန်အခါကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးခေါင်းဆောင်အချို့ကို စစ်အစိုးရအနေဖြင့် အသုံးချခဲ့သောလည်း စိတ်ရင်း စေတနာမမှန် စိတ်ကောင်းနှစ်လုံးကောင်းမရှိခဲ့၍ ဒီပဲရင်း အရေးအခင်းဖြင့် အဆုံးသတ်ခဲ့ရပါသည်။
၂၀၀၃ခုနှစ်ဒီပဲရင်းအရေးခင်းလူသတ်ပွဲကြီးပြီးနောက်နိုင်ငံတကာ၏ပြင်းထန်စွာရှုပ်ချမှုများနှင့်ပိတ်စို့ အရေးယူမှု များထပ်မံဖြစ်ပွါးခဲ့ပြီးနောက် တစ်ဖန် ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုချဉ်းကပ်ခဲ့ရပြန်ပါသည်။ ဝန်ကြီးတစ်ဦး ကိုခေါင်းဆောင် တာဝန်ပေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စေပြီး စေ့စပ်ဆွေးနွေးမှုများလုပ်ခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ၊ အမျိုးသားညီလာခံမူအချက်အလက်အချို့ ပြန်လည်ဆွေးနွေးခွင့်ပြုရေး ၊ ၁၉၉၀ ရွေးကောက်ပွဲ နိုင် NLD ကိုအသိအမှတ်ပြုရေး တို့သည်အဓိကအချက်များအနေဖြင့် ဆွေးနွေးခဲ့ကြဘူးပါသည်။ ထိုစဉ်ကလည်း နာလည်မှုတစ်စုံတစ်ရာ ရခဲ့ပြီးကာမှ ရက်ပိုင်းအလိုမှာ NLD အမျိုးသားညီလာခံတက်ပြီးမှ အခြေအနေကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏တိုက် ရိုက်ပြင်ဆင်အမိန့်ကြောင့် ဆွေးနွေးပွဲပျက်ခဲ့ရဘူးပါသည်။ ယနေ့အချိန်အခါတွင်လည်း နိုင်ငံရေးအကျဉ်းသား အရေးသည် ကိုဇာဂနာ ပြောသလို “ကိုယ့်အိပ်ထဲကပေးရတာကျနေတာဘဲ အကုန်လုံးလွှတ်တော့ဘာဖြစ်လဲ” ဖြစ်နေပါသည်။ တစ်ကယ်တော့ ဦးသိန်းစိန် အစိုးရလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တုံးကလိုများ နိုင်ငံရေး အကျဉ်းသားများ ကို ဓါးစာခံအဖြစ် လုပ်နေပြီလာလို့ သံသယဝင်ခဲ့မိပါတယ်။

စာရေးသူလေ့လာကြားသိရတဲ့အတည်ပြုဆဲသတင်းတွေကိုထောက်လှမ်းရေးမှန်းခြေဆွဲကြည့်ပြီး စာဖတ်သူများ ကိုတင်ပြလိုပါသည်။ ထောက်လှမ်းရေးသတင်းဆိုသည့် အဓိပ္ပါယ်ကိုဦးစွာရှင်းပြလိုပါသည်။ သတင်းဆိုတာ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တိကျသည်ဖြစ်စေ မတိကျသည်ဖြစ်စေ ခိုင်လုံသည်ဖြစ်စေ မခိုင်လုံသည်ဖြစ် စေသတင်းဖြစ်ပါသည်။ ဒီသတင်းကိုမှ အခြေအမြစ်ပေါင်းစုံမှ အချက်အလက်ပေါင်းစုံစုစည်းပြီး အကဲဖြတ် အနက်ကောက် သတင်းတည်ဆောက်ပြီး သတင်းအဆင့်သတ်မှတ်ရပါသည်၊ သတင်းအဆင့်သတ်မှတ်ရာမှာ လည်း သတင်းဖြစ်ပေါ်ရာအခြေအမြစ် နှင့် သတင်း၏အမှားအမှန်ကိုလေ့လာသုံးသပ်ပြီးမှ အသုံးပြုနိုင်သည့် သတင်းတစ်ခုဖြစ်လာတာပါ။ စာရေးသူရရှိသည့် အတည်ပြုဆဲသတင်းတွေအရ သမ္မတ ဦးသိန်းစိန် အနေဖြင့် ပြုပြင်ပြောင်းလဲရေးကို လုပ်ကိုလုပ်မှဖြစ်မည်လို့ သဘောထားရှိထားသူတစ်ဦးပါ။ ဒါပေမဲ့တစ်ချိန်တည်းမှာလည်း စစ်အစိုးရကာလဆရာသမားကြီးများ နှင့် လုပ်ဖေါ်ကိုင်ဘက်များကို အကာကွယ်ပေးရမယ်ဆိုတဲ့ စိတ်သဘော ထားရှိ နေပါသည်။

ပြုပြင်ပြောင်းလဲရေးလုပ်ရာမှာလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် ပူးပေါင်းရေး နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးရေးတို့သည် ပြည်တွင်းပြည်ပ မြန်မာ့အရေးစိတ်ဝင်စားသူများ၏ တောင်းဆိုချက် များဖြစ်၍ လိုက်လျောရမည်ကိုနားလည်သလို ၄င်းဘက်တွင်လည်း စစ်အစိုးရကာလ လူ့အခွင့်အရေးချိုးဖေါက်ခဲ့ မှုအပေါ် ကုလသမဂ္ဂမှ Commission of Inquiry မဖွဲ့ရေး နောက်ကြောင်းပြန်အရေးမယူရေးတို့ အပေါ်ဘယ်သူ အာမခံချက်ပေးမှာလဲဆိုတာတွေအတွက် ခေါင်းခဲနေရသည့်အချက်တစ်ချက်ရှိပါသည်။ အဲဒီကိစ္စတွေ နဲ့ ဆက် စပ်၍ တိုင်းရင်သားများ နှင့် ငြိမ်းချမ်းရေး ရယူဘို့လည်းလိုနေပါသည်။ အားလုံးကိုခြုံသုံးသပ်ရရင်တော့ ဂုဏ်သိက္ခာရှိသည့်အစိုးရ ဖြစ်ဖို့ပြုပြင်ပြောင်းလဲရေးလုပ်ဘို့ မဟာဗျူဟာတစ်ခုချဆောင်ရွက်နေတယ်လို့ပြောရ မှာပါ။


ပထမဦးဆုံးအကြံပေးအဖွဲ့များကို ယခင်ခေတ်ကာလများနှင့်မတူ အစိုးရ၏ရှေ့တန်းတိုက်စစ်မှူးများအဖြစ်အသုံး ပြုလာသည်ကိုတွေ့ရပါသည်။ အဲဒီအထဲတွင် ဒီမိုကရေစီခေါင်းဆောင်နှင့်ရင်းနှီးသူကိုထည့်သွင်းဖွဲ့စည်းပြီးချဉ်း ကပ်ခဲ့သည်ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်မှတစ်ဆင့် နိုင်ငံတစ်ကာအရေးကိစ္စများနှင့်ပတ်သက် သည့် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့လာရောက်ခြင်းကိစ္စ ဥရောပနိုင်ငံအချို့မှအကူအညီပေးရေးကိစ္စ အာဆီယံ ကိစ္စများ ပူးပေါင်းဆောင်ရွက်ရေးကမ်းလှမ်းမှုများရှိခဲ့ပါသည်။ ၄င်းနောက် ဝန်ကြီးဦးအောင်ကြည် နှင့်တွေ့ဆုံ ခဲ့ပြီး ဆက်လက်၍မကြာမှီ သမ္မတကြီးနှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့သည့် အခြေအနေထိ ရောက်ခဲ့ပါ သည်။ သမ္မတဘက်မှ NLD ပါတီမှတ်ပုံတင်ပြီး လွှတ်တော်အတွင်းနိုင်ငံရေုးလုပ်စေလိုပြီး ၂၀၀၈ ခုနှစ်အခြေခံ ဥပဒေ ကိုလေးစားစေလိုသည့် သဘောထားပြခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဘက်မှလည်း နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးရေး ၊ ၂၀၀၈ ခုနှစ်အခြေခံဥပဒေ နှင့် ရွေးကောက်ပွဲကော်မရှင်ဥပဒေ ကိစ္စများ ထောက်ပြမှုများရှိနေပါသည်။ ဧရာဝတီမြစ်စုံစီမံကိန်းကိစ္စကတော့ မမျော်လင့်ဘဲပေါ်လာသောပြဿနာ တစ်ခု ဖြစ်ပါသည်။ သမ္မတ အနေဖြင့်အဆိုပါအခွင့်အရေးကိုအသုံးပြု၍ ပြည်တွင်းပြည်ပ မှ၎င်း၏လုပ်ဆောင်ချက် အပေါ် ထောက်ခံမှုအများကြီးရယူသွားခဲ့ပါသည်။ ဆက်လက်၍ အကျဉ်းသား ( ၆၀၀၀ ) ကျော်ကို လွတ် ငြိမ်း ချမ်းသာခွင့် ပေးမည်ဟုကြေငြာခဲ့ပါသည်။
သို့သော် နိုင်ငံရေး အရအဖမ်းခံထားရသူ (၂၀၀) ကိုသာလွှတ်ပေးခဲ့သည့် အထဲထင်ရှားသော အနုပညာသမား ကိုဇာဂနာ နှင့် ကျန်းမာရေးမကောင်းသူ ဗိုလ်ချုပ်ဆေးထင်ကိုသာလွှတ်ပေးခဲ့ပါသည်။ တစ်ကယ့် နိုင်ငံရေး သမားကျောင်းသားခေါင်းဆောင်များကို ဆက်လက်ဖမ်းထားခဲ့သည်။ ဓါးစာခံ များအဖြစ်ဖမ်းဆီး ထားသလိုဖြစ် နေပါသည်။ စာရေးသူလေ့လာသိရှိရသလောက်ကတော့ သမ္မတ ဦးသိန်းစိန် NLD ထံမှတစ်စုံတစ်ခုပြန်လည် မျော်လင့်နေသည်ဟုသိရပါသည်။ NLD အနေဖြင့် ဆိုမာလီပင်လယ်ဓါးမြတွေနဲ့တူသည့် အစိုးရဆီက ဓါးစားခံ နိုင်ငံရေး အကျဉ်းသားအားလုံးကို အဖိုးအခဘယ်လောက်ပေးရွေးရမှာလည်းကိုစောင့်ကြည့်ရပါဦးတော့မည်။ စာရေးသူအနေဖြင့်အကြံပြုလိုသည်မှာ စစ်အစိုးရတစ်ဖြစ်လဲအရပ်သားအစိုးရနှင့် နိုင်ငံရေးကစားပွဲများတွင် မခံရစေရေး နည်းပရိယယ်ကြွယ်ဝစွာဖြင့် သတင်းလက်ဦးမှုရယူပြီး တန်ပြန်ထိုးစစ်ဆင်နွဲသွားနိုင်ပါမှတော်ယုံ ကြမည်ဖြစ်ပါသည်။ တပ်မတော် နှင့် အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်လိုသူများအင်အားကြီးထွား လာအောင်လုပ်ပေးနိုင်မှ စစ်ကျွန်ဘဝမှလွတ်မြောက်မှာဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားဓါးစာခံများ အမြန် လွတ်မြောက်ပါစေလို့ဆန္ဒပြုလျက်။


၂၀၁၁ ခုနှစ် အောက်တိုဘာ လ ၁၄ ရက်
ဝါရှင်တန်မြို့။

Credit : ဗိုလ်မှူးအောင်လင်းထွဋ်
ဆောင်းပါးရှင်။ အောင်လင်းထွဋ်

၁၉၉၁ ခုနှစ် မေ လ ၂၁ ရက် နေ့ Tamil Nadu State တွင် အိန္ဒိယ ၀န်ကြီးချုပ် Rajiv Gandhi လုပ်ကြံခံခဲ့ရပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတို့၏ ဒီမိုကရေစီရေးလှုပ်ရှားမှု များအပေါ် အိန္ဒိယနိုင်ငံ ခေါင်းဆောင်အဆက်ဆက်သည် ယနေ့ထိတိုင် လစ်လျူရှုခဲ့ကြပါသည်။ ကမ္ဘာ့ လူအင်အားအများဆုံး ဒီမိုကရေစီနိုင်ငံတော် ဟုကြွေးကြော်နေသော အိန္ဒိယနိုင်ငံ သည် မြန်မာ့ဒီိမိုကရေစီအရေးကို မျက်ကွယ်ပြု ၍ တရုတ်အရေး နှင့် စီးပွါးရေးကို ရှေ့တန်းတင်ပြီး ၁၉၉၂ ခုနှစ် မှစကာ မြန်မာစစ်အာဏာရှင်အစိုးရကို ဆက်သွယ်မှုများပြုလုပ်ခဲ့ပါသည်။

၁၉၈၈ ခုနှစ် အရေးအခင်းပြီးကာစ တွင် တရုတ် နှင့် အမေရိကန် သည် မြန်မာနိုင်ငံ၏ ရန်သူဖြစ်လာ ဖွယ်နိုင်ငံ (Potential Enemy Country) ဟု သတ်မှတ်ခဲ့ပြီး တရုတ်နယ်စပ် နှင့် ထိုင်းနယ်စပ် တို့အား မြန်မာ စစ်အာဏာရှင်တို့အနေဖြင့် ကာကွယ်ရေးစစ်ရေးစီမံချက်များရေးဆွဲ ပြင်ဆင်မှုများရှိခဲ့ပါသည်။ သို့သော် ၁၉၈၉-၁၉၉၀ ခုနှစ် တရုတ်နယ်စပ် တိုင်းရင်းသားလက်နက်ကိုင်များဖြင့် ငြိမ်းချမ်းရေးရရှိသွားခြင်း ထိုင်းတပ်မတော်ဦးစီးချုပ်General Chavalit Yongchaiyudh ပထမဦးဆုံး နိုင်ငံခြားဧည့်သည်အဖြစ် ရောက်ရှိလာပြီးနောက်ထိုင်း-မြန်မာ ဆက်ဆံရေးကောင်း လာခြင်း တို့ကြောင့် ထိုစဉ်အချိန်အခါက တရုတ် နှင့် အမေရိကန် သည် ရန်သူဖြစ်မလာနိုင် မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ကို ပြင်းပြင်းထန်ထန် အားပေးနေသော အိန္ဒိယနိုင်ငံ သည်သာ ရန်သူဖြစ်လာနိုင်ဖွယ်ရှိသည်ဟုသုံးသပ်ကာ ရန်သူဖြစ်လာ ဖွယ်နိုင်ငံ (Potential Enemy Country) ဟုပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

၁၉၉၂ ခုနှစ် ဧပြီ လ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရယူခဲ့ပြီးနောက် ရန်ကုန် ရှိ အိန္ဒိယနိုင်ငံ သံအမတ်ကြီး နှင့် သံရုံးရှိ အိန္ဒိယထောက်လှမ်းရေးအရာရှိ တို့မှ မြန်မာစစ်ထောက်လှမ်းရေးကိုဆက် သွယ်လာခဲ့ပြီး အိန္ဒိယနိုင်ငံ၏ အရှေ့မျော်ပေါ်လစီ (Look East Policy) ကိုရှင်းပြ၍ မြန်မာ-အိန္ဒိယ ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်လိုကြောင်းစတင်ကမ်းလှမ်းမှုများ အိန္ဒိယနိုင်ငံ ဘက်မှစခဲ့ ပါသည်။၁၉၉၂ ခုနှစ် သြဂုတ် လတွင် စစ်ထောက်လှမ်းရေးမှ ဒုတိယဗိုလ်မှူးကြီးကျော်သိန်း (ဗိုလ်မှူးချုပ်ကျော်သိန်း) ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေး (အငြိမ်းစား ကနေဒါ နှင့် သြစတြေးလျ နိုင်ငံ သံအမတ်ကြီး) တို့ ၂ ဦးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ အိန္ဒိယနိုင်ငံ သို့စေလွှတ်ခဲ့ပါ သည်။ ၎င်းတို့ ၂ ဦးသည် အိန္ဒိယနိုင်ငံ အစိုးရ ၊ တပ်မတော်နှင့်ထောက်လှမ်းရေး ဆိုင်ရာအဆင့်မြင့် တာဝန်ရှိသူများမှအထူးကိုယ်စားလှယ်အနေဖြင့် လက်ခံ တွေ့ ဆုံခဲ့ပြီး အိန္ဒိယနိုင်ငံ ဘက်မှ စစ်ရေးပူးပေါင်းဆောင်ရွက်မှု နှင့်ပတ်သက်၍ နယ်စပ်ဒေသ နာဂ နှင့် ကသည်း လူမျိုးစုသူပုန်များပူး ပေါင်းနှိမ်နင်းရေး စစ်ဘက်ဆိုင်ရာပစ္စည်းများထောက်ပံ့ရေး စစ်ဘက်အရာရှိများ အိန္ဒိယနိုင်ငံတွင် သင်တန်းတက်ရောက်ခွင့်အရေး ထောက်လှမ်းရေးသတင်းများ အပြန်အလှန်ဖလှယ်ရေး စီးပွါးရေးအတွက် အိန္ဒိယနိုင်ငံ နယ်စပ် မိုးရေးမြို့ မှ တမူး ၊ ကလေး ကားလမ်းပြုပြင်ရေး အစရှိသည်တို့ကို အိန္ဒိယနိုင်ငံ ဘက်မှကမ်းလှမ်းလာခဲ့ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံပြန်ရောက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုသတင်းပို့သည့်အခါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏မှတ်ချက်က` ဒီ ကုလားတွေစိတ်ချရတာမဟုတ်ဘူး မင်းတို့ သတိထားပြီး ဆက်ဆံကြ´ ဟု ပြောခဲ့ပါသည်။ အဲဒီနောက်ပိုင်း မြန်မာစစ်တပ်ဘက်က စစ်ရေးအရလိုက်လျောသည့် အနေဖြင့် အိန္ဒိယ ၏ ရန်သူ နာဂ သူပုန်တို့ ဘင်္ဂလားဒေ့နိုင်ငံ စစ်တကောင်းတောင်တန်း တွင်စစ်သင်တန်းတက်ရောက်ပြီးအပြန် အင်အား ၁၀၀ ကျော် မြန်မာနိုင်ငံနယ်နမိတ် အတွင်း က ဖြတ်မည်ဟူသောသတင်းကို အိန္ဒိယထောက်လှမ်းရေး က ပေးခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုတင် ပြခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ ကွပ်ကဲမှုဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင် ခြေမြန် တပ်ရင်းများစေလွှတ်ကာ တိုက်ခိုက်ခဲ့သဖြင့်နာဂသူပုန်၇၅ ယောက်ကျော်သေဆုံးခဲ့ပြီးအများအပြားဒဏ်ရာရရှိစေခဲ့ပါသည်။မြန်မာစစ်တပ်ဘက်မှ အနည်းငယ်သာထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။ ထိုစဉ်က လက်ရှိ နိုင်ငံတော်သမ္မတကြီး ဗိုလ်ချုပ်ကြီးသိန်းစိန် မှာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ၏ စစ်ဦးစီးဗိုလ်မှူးကြီး (Colonel General Staff ) ဖြစ်ပါသည်။ အလားတူ နာဂ၊ ကသည်း သူပုန် တို့၏သတင်းများကို ယခင် မကြာခဏ မြန်မာစစ်ထောက်လှမ်းဌာန ကရရှိ၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) သို့ တင်ပြခဲ့သော်လဲ ယခုလိုတစ်ကြိမ်တစ်ခါမျှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေဖြင့် ခွင့်မပြုခဲ့ပါ။ 

၁၉၉၃ ခုနှစ်မှစ၍ အိန္ဒိယနိုင်ငံ ကာကွယ်ရေးတက္ကသိုလ် ၌ ဗိုလ်မှူးမိုးဟိန်း ( ဗိုလ်ချုပ် မိုးဟိန်း၊အငြိမ်းစား နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး ) ၊ ဗိုလ်မှူးဉာဏ်ဝင်း (ဗိုလ်ချုပ် ဉာဏ်ဝင်း၊နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်) တို့အပါဝင် မြန်မာတပ်မတော်အရာရှိများ နှစ်စဉ်သင်တန်းတက်ရောက်ခဲ့ကြပါသည်။
နာဂသူပုန်များကိုနှိမ်နင်းပေးခြင်း ကိုအကြောင်းပြု၍ မြန်မာ-အိန္ဒိယ ဆက်ဆံရေးကောင်းတော့မည် ဟုထင်ခဲ့ကြသော်လဲ ၁၉၉၃ ခုနှစ်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည် အား အိန္ဒိယအစိုးရ မှ ၁၉၉၂ ခုနှစ်အတွက် Jawaharlal Nehru Award ကိုပေးခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြီးအကျယ်ဒေါသထွက်ခဲ့ပါသည်။ `ဒီကုလားတွေ ကုလားမူလာမူတိုင်း မင်းတို့မယုံကြနဲ့ ၊ နောင်ဒီ ကောင်တွေတောင်းတိုင်းမပေးနဲ့တော့´ ဟုပြောခဲ့သည်ကိုသိရှိခဲ့ရပါသည်။အဲဒီနောက်ပိုင်းမြန်မာ-အိန္ဒိယဆက်ဆံရေးမှာ မြန်မာဘက်ကခပ်ခွာခွာနေခဲ့ပြီး နိုင်ငံတကာအရေးတွေ မှာ လိုအပ်သည့် ထောက်ခံမှုတွေရဖို့ကိစ္စတွေ ကြမှသာ တရုတ်နှင့်ဆက်ဆံရေး ၊ သဘာဝဓါတ်ငွေ့အရေး တွေကို အကြောင်းပြ ဆက်ဆံခဲ့ကြပါသည်။ နိုင်ငံတကာနိုင်ငံရေးပထ၀ီမဟာဗျူဟာ အရ အိန္ဒိယ ကို တရုတ် နှင့် ထိန်းညှိ (Balance) လုပ်ထားခြင်းသာဖြစ်ပါသည်။ အိန္ဒိယ သည် မြန်မာစစ်တပ်မှ သတင်းလွှင့်ထားသော မြန်မာပိုင်ကိုးကိုးကျွန်းရေဒါစခန်း ၌ တရုတ်များက အိန္ဒိယကို ထောက်လှမ်းမှုများ ပြုလုပ်နေသည်ဆိုသော သတင်းကိုယခုအထိ ယုံနေကြဆဲဟုယူဆပါသည်။နာဂ၊ကသည်း သူပုန်များနှိမ်နင်းရေး အတွက် အိန္ဒိယဘက်မှ သတင်းထပ်မံပေးခဲ့သော်လဲ ယခုအချိန်ထိအရေးယူဆောင်ရွက်ခြင်း ပြုလုပ်ရန် ခွင့်မပြုတော့ပါ။ ၁၉၉၃ ခုနှစ် နှောင်းပိုင်းလောက်ကစပြီး မြန်မာနယ်နမိတ်တွင်ရှိသော အိန္ဒိယ သူပုန်များကို အားလဲမပေး နှောက်လဲမနှောက်ယှက်သော မူကိုယခုအထိ ကျင့်သုံးနေဆဲဖြစ်ပါသည်။ ရန်ဖန်ရန်ခါ အိန္ဒိယ သူပုန်များ မြန်မာနယ်မြေမှဖြတ်၍ လက်နက်ဝယ်ယူမှုကိစ္စများ ရှိခဲ့သော်လဲ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အမိန့်ဖြင့် မသိချင်ယောင်ဆောင်ခိုင်းခဲ့သည်များရှိခဲ့ပါသည်။ ၁၉၉၄ ခုနှစ်လောက်ကစပြီး ပါကစ္စတန် ထောက်လှမ်းရေး မှ လည်း မြန်မာအစိုးရအားချဉ်းကပ်ပြီး ပါကစ္စတန်တွင် မြန်မာတပ်မတော်အရာရှိများနှင့် ထောက်လှမ်းရေးများ အားသင်တန်းပေးရေး အဆင့်မြင့်အရာရှိများလည်ပတ်ရေး အိန္ဒိယနယ်စပ် အဆင့်မြင့် ဆက်သွယ်ရေးကရိယာများတပ်ဆင်ပေးရေး တို့ကိုကမ်းလှမ်းလာခဲ့မှုများရှိခဲ့ပါသည်။

၁၉၉၆ ခုနှစ် နောက်ပိုင်းတွင် အေးတိအေးဆက်ဖြစ်နေသော ဆက်ဆံရေး ကို ပြန်လည်အသက်သွင်းသည့် အနေဖြင့် အိန္ဒိယ စစ်ထောက်လှမ်းရေး မှ မြန်မာနိုင်ငံဖွား ဒုဗိုလ်မှူးကြီးအဆင့်ရှိ ဂရိတ်ဝေါ မြန်မာအမည် မျိုးမြင့် ကိုစေလွှတ်၍ မြန်မာအစိုးရကိုဆန့်ကျင်သော ကရင် နှင့် ရခိုင် သူပုန်များကို အိန္ဒိယစစ်တပ်အနေဖြင့် နှိမ်နင်းပေးမည်ဟုကမ်းလှမ်းလာခဲ့ပါသည်။ အလားတူ ထိုစဉ်က မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး (ယခုအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန်)အနေဖြင့် ဆက်ဆံရေးပြန်လည် ကောင်းမွန်ရေး အထူးကြိုးစား ခဲ့ပါသည်။ အိန္ဒိယ စစ်ထောက်လှမ်းရေး ဂရိတ်ဝေါ (ခေါ်) မျိုးမြင့် သည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ အိန္ဒိယ စစ်ထောက်လှမ်းရေးသတင်းပေးများအကူအညီဖြင့် ကရင် ရခိုင် သူပုန်များ နှင့် အဆက်အသွယ်ရယူခဲ့ပြီး ဘင်္ဂလားဒေ့နိုင်ငံစစ်တကောင်းတောင်တန်းတွင် သင်တန်းတက်နေသော နာဂ ၊ ကသည်း သူပုန်များအတွက် လက်နက်မှောင်ခိုဝယ်ယူရေး အသွင်ယူတွေ့ဆုံမှုများလုပ်ခဲ့သလို ကရင် ရခိုင် သူပုန်များကိုလည်း ယင်းအနေဖြင့်လှည့်ဖြားကာ နိုင်ငံရေးအရအကူအညီပေးမရောင်ရောင် စည်းရုံးသိမ်းသွင်းခဲ့ပါသည်။ မျိုးမြင့် အနေဖြင့် ယင်း၏လှုပ်ရှားမှုအသေးစိပ်ကို နှစ်နှင့်ချီ၍ မြန်မာအစိုးရ ကိုသတင်းပို့ကာ ယုံကြည်မှုတည်ဆောက်ခဲ့ ပါသည်။

၁၉၉၈ ခုနှစ်ဖေဖေါ်ဝါရီလ တွင် သက်သေပြသည့်အနေဖြင့် မြန်မာအစိုးရကိုဆန့်ကျင်သော ကရင် နှင့် ရခိုင် သူပုန်များကို အိန္ဒိယ မှ နှိမ်နင်းပေးသည်ဟု သဘောသက်ဝင်အောင် သတ်သူကိုသတ်ပြီး ဖမ်းသူကို ဖမ်းကာ မြန်မာအစိုးရ ကို ပြသခဲ့ပါသည်။ ထို့ပြင် မျိုးမြင့်၏သတင်းပေးချက်အရ မြန်မာရေပြင်နယ်နမိတ် ခရစ်စတီးကျွန်း တွင်လက်နက်များရှိသည်ဟု သတင်းများပေးသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အမိန့်ဖြင့် ၁၉၉၈ခုနှစ် ဧပြီလ တွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်မှူးချုပ်ကြည်မင်း (ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်း၊ယခုထားဝယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်မှူးချုပ်မြင့်ဆွေ (ကာကွယ်ရေးဦးစီးချုပ် (လေ) ဟောင်း ၊ဦးနေ၀င်း ၏ မြေးများကိစ္စဖြင့်အဖြုတ်ခံရသူ)၊ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ချုပ် တပ်မမှူး ဗိုလ်မှူးချုပ်မြင့်အောင် (စစ်ရေးချုပ်ဟောင်း၊ ကာကွယ်ရေးဝန်ကြီးမလုပ်လို၍အဖြုတ်ခံရသူ) တို့ဦးစီးသည့်ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး ကိုပြုလုပ်ခဲ့ပါ သည်။ ထိုစစ်ဆင်ရေးတွင် ခရစ်စတီးကျွန်း ပေါ် သစ်ခုတ် ၀ါးခုတ် ငါးဖမ်း လုပ်ကိုင်စားသောက်နေသော ခလေးငယ်များ၊ အမျိုးသမီးများ အပါဝင် သာမန်အရပ်သူအရပ်သား ၈၁ ဦးကိုဖမ်းဆီးမိခဲ့ပါသည်။ 
၁၉၉၈ ခုနှစ် မေလတွင် အဆိုပါသာမန်အရပ်သူအရပ်သား (၈၁) ဦးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် ပူးပေါင်းစစ်ဆင်ရေးကွပ်ကဲမှု အဖွဲ့ မှ ကော့သောင်အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်း (လက်ရှိ အမှတ်(၁)လျှပ်စစ်ဝန်ကြီး နှင့် ယခင် တွဲဘက် အထွေထွေအတွင်းရေးမှူး ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း) ကို အားလုံးသတ်ပစ်ရန် ဆက်လက်အမိန်းပေးခဲ့ပါသည်။ တာဝန်ယူပစ်သတ်ခဲ့သည့် တပ်ရင်းမှူး (၂) ဦးမှာ ဒုဗိုလ်မှူးကြီးစိုးတင် (အမှတ် ၂၆၂ ခြေလျင်တပ်ရင်း၊) ၊ ဒုဗိုလ်မှူးကြီးဝင်းဆွေ (အမှတ် ၄၀၃ ခြေလျင်တပ်ရင်း၊) တို့ဖြစ်ပါသည်။ထိုအချိန်က ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ၏ စစ်ဦးစီး ဗိုလ်မှူးချုပ် မှာ ဗိုလ်မှူးချုပ်မြင့်ဆွေ (ဒုဗိုလ်ချုပ်ကြီးဟောင်း၊ လက်ရှိ ရန်ကုန်တိုင်ဒေသကြီးဝန်ကြီးချုပ်) ဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်များပြီးနောက် အိန္ဒိယ ရေနံကုမ္မဏီများကို ရခိုင်ကမ်းလွန်ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေရေးလုပ် ကိုင်ခွင့်များတွင် ပါဝင်ခွင့်များချပေးခဲ့ပါသည်။ တစ်ကယ် သဘာဝဓါတ်ငွေ့ များထွက်လာသည့်အခါ အိန္ဒိယ နိုင်ငံ အားဦးစားပေး၍ ရောင်းချပေးမရောင်မက်လုံများ ပေးခဲ့ပါသည်။ နယ်စပ်သူပုန်များ အရေးနှင့်ပတ်သက်၍ ကိုယ်တိုင်ဝင်ရောက် မတိုက်ပေးသောလည်း သူပုန်များကို အတိုင်တာတစ်ခုထိ အားပေးအားမြှောက် မပြုလုပ်တော့ပါ။ ဒီလိုနှင့် အိန္ဒိယအစိုးရ ကို စစ်ခေါင်းဆောင်ကြီးအနေဖြင့် မလျော့မတင်းပေါ်လစီကိုကျင့်သုံးပြီး နိုင်ငံဆကာဆက်ဆံရေးအတွက် ထောက်ခံမဲတစ်မဲ အိတ်ကပ်ထဲသို့ထည့်ထားနိုင်ခဲ့ပါသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလ ဗိုလ်ချုပ်ကြီးခင်ညွန့် နှင့် စစ်ထောက်လှမ်းရေးအဖွဲ့ ကိုဖမ်းဆီးပြီး ရက်ပိုင်းအတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည် အိန္ဒိယနိုင်ငံ သို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ အဆိုပါခရီးစဉ် တွင် မြန်မာအစိုးရ နှင့် အိန္ဒိယအစိုးရ အကြား သမရိုးကျမဟုတ်သောလုံခြုံရေးကိစ္စများပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၊ ထမံသီရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း သဘောတူညီချက် ၊၂၀၀၄-၂၀၀၆ အတွက်ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်သဘောတူညီချက်၊စုစုပေါင်း သဘောတူညီချက် (၃)ခု လက်မှတ်ရေး ထိုး ခဲ့ကြပါသည်။အဆိုပါ သဘောတူညီချက် (၃)ခု အနက် အိန္ဒိယဘက်မှနယ်စပ်လုံခြုံရေးနှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်စေချင်သလို၊ မြန်မာဘက်မှလည်း ထမံသီရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကိုအမြန် အကောင်ထည်ဖေါ်စေချင်ပါသည်။
၂၀၀၆ ခုနှစ် မတ်လ တွင် အိန္ဒိယသမ္မတ Dr APJ Abdul Kalam နှင့်အဖွဲ့ မြန်မာနိုင်ငံ သို့လာရောက်စဉ်အချိန်တွင်လည်း အိန္ဒိယအစိုးရ မှ နယ်စပ် နာဂ ၊ ကသည်း သူပုန်များထံ လက်နက်ခဲယမ်းများ ရောက်ရှိနေမှု တပ်မတော်ချင်းပူးပေါင်း၍ သူပုန်များအားနှိမ်နင်းလိုကြောင်း ကုလားတန်မြစ် ဘက်စုံစီမံကိန်း နှင့် စစ်တွေမြို့တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်း အမြန်အကောင် ထည်ဖေါ်လိုကြောင်း မဲခေါင်- ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးအတွက် အိန္ဒိယ မြန်မာ ထိုင်း လမ်းမကြီးကိုအမြန် အကောင် ထည်ဖေါ်လိုကြောင်း ကွန်ပြူတာနည်းပညာများအကူအညီပေးသွားမည်ဖြစ် ကြောင်းမြန်မာနိုင်ငံရှိ သိပ္ပံဓါတ်ခွဲခန်းများအဆင့်မြင့်စေရေးအကူညီပေးသွားမည်ဖြစ်ကြောင်း e-government စီမံကိန်းများအတွက် မြန်မာအရာရှိများအား သင်တန်းများပို့ချပေးသွားမည်ဖြစ်ကြောင်း ၊ မကြာမှီကာလတွင် မြန်မာနိုင်ငံ ၌ Entrepreneurship Development Center တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း လုံခြုံရေးကောင်စီတွင် အိန္ဒိယနိုင်ငံ အမြဲတန်းအဖွဲ့ဝင်အဖြစ်ဝင်ခွင့်ရရှိရန်အဆိုပြုထားချက်အပေါ် မြန်မာနိုင်ငံ မှ ထောက်ခံမှုပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း အိန္ဒိယနိုင်ငံ အနေဖြင့်လဲ မြန်မာနိုင်ငံ ကို ကုလသမဂ္ဂ ညီလာခံအစည်းအဝေးများ ILO အစည်းအဝေးများ Human Right Council အစည်းအဝေးများတွင် ထောက်ခံမှုပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်ဟုသိရှိခဲ့ရပါသည်။မြန်မာအစိုးရ မှ ပြန်လည် ဆွေးနွေးရာ တွင် နယ်စပ်ရှိ နာဂ ၊ကသည်း သူပုန်များထံရောက်ရှိနေသော လက်နက်ခဲယမ်းများသည် ထိုင်း နှင့် ကမ္ဘောဒီးယား နိုင်ငံများ မှ လာရောက်ခြင်းသာဖြစ်ကြောင်း ရန်သူသတင်းများ ကို အသိပေးသွား မည်ဖြစ်ကြောင်း အိန္ဒိယ မြန်မာ ထိုင်း လမ်းမကြီးအတွက် မြန်မာနိုင်ငံအတွင်းတံတားကြီး ၅ စင်းတည်ဆောက် ရန် အိန္ဒိယအစိုးရ မှ အမေရိကန်ဒေါ်လာသန်း ၂၅၀ ချေးငွေထုတ်ပေးစေလိုကြောင်း ကွန်ပြူတာနည်းပညာများ အကူအညီပေးရေးနှင့်ပတ်သက်၍ မန္တလေးတွင် ICT Park တည်ဆောက်ရန် အိန္ဒိယအစိုးရ မှ ငွေကြေး နှင့် နည်းပညာ အကူညီတောင်းလိုကြောင်း သံ ၊ ကြေးနီ ၊ နီကယ် သတ္တုရိုင်းများ တန်ချိန်သန်းပေါင်းများစွာ မြန်မာ နိုင်ငံအထက်ပိုင်းတွင် ထုတ်လုပ်ရန် လျှပ်စစ်ဓါတ်အားလိုပါကြောင်း ထို့ကြောင့် ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယနိုင်ငံ သို့လည်ပတ်စဉ် သဘောတူလက်မှတ်ရေးထိုးခဲ့သော ထမံသီစီမံကိန်းကို အမြန်အကောင်ထည်ဖေါ်လိုကြောင်း မြန်မာအစိုးရ၏ လမ်းပြမြေပုံကိုရှင်းပြပြီး အိန္ဒိယနိုင်ငံ အနေဖြင့် အနောက် နိုင်ငံများကိုအနှောက်အယှက်မပေးရေး တိုက်တွန်းပြောကြားပေးစေလိုကြောင်း နိုင်ငံတကာတွင် မြန်မာအစိုးရ ဘက်မှထောက်ခံ ရပ်တည်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း တို့ကိုဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။
၂၀၁၀ ခုနှစ် ဇူလိုင်လ ဒုတိယအကြိမ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ အိန္ဒိယနိုင်ငံ သို့လည်ပတ်သည့်ခရီးစဉ်တွင် ၂၀၁၀ ရွေးကောက်ပွဲ နှင့် အစိုးရသစ်ကို အိန္ဒိယနိုင်ငံ မှ ထောက်ခံပေးရေး၊ နိုင်ငံတကာ၏အသိအမှတ်ပြုမှုခံရ ရေးတို့ကို ကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့ခြင်းနှင့် ယခင်အတိုင်း နောင်အစိုးရလက်ထက်တွင်လည်း ချစ်ကြည်ရေး ကို ထိန်းသိမ်းသွားရန် တို့ဖြစ်ပြီး အဓိက ခရီးစဉ်၏ရည်ရွယ်ချက်မှာ မိသားစု ဘုရားဖူး လည်ပတ်ခြင်းသာဖြစ်ပါသည်။

နှစ်ပေါင်း (၂၀) နီးပါး မြန်မာ-အိန္ဒိယ ဆက်ဆံရေး ကို လေ့လာကြည့်မည်ဆိုလျှင် အပေါ်ယံအဆင်ပြေသရောင် ထင်ရသောလည်း အမှန်တစ်ကယ်တော့ နောက်ကွယ်တွင် မရိုးသားမှုအများပြားရှိနေသည် ကို တွေ့ရမှာ ဖြစ်ပါသည်။ မြန်မာ-အိန္ဒိယ ခေါင်းဆောင်ချင်း သဘောတူညီချက်များစွာ လက်မှတ်ထိုးခဲ့ကြသော်လဲ ယနေ့အချိန်ထိ ပီပီပြင်ပြင် အကောင်အထည်ပေါ်လာသော စီမံကိန်းများမတွေ့ရသေးပါ။ အဆင်ပြေလိုက် မပြေလိုက် နှင့် ဆွေးနွေးနေသည့်အဆင့်သာရှိနေပါသည်။ အိန္ဒိယ ကလဲ ကုလားမူကုလားချွဲ လုပ်နေသလို မြန်မာစစ်အာဏာရှင် တို့ကလဲ လိမ်လိုက်ညာလိုက်လှည့်ဖျားနေ သည်ကိုတွေ့ရမှာဖြစ်ပါသည်။နှစ်ပေါင်း (၂၀) နီးပါး မြန်မာ-အိန္ဒိယ ဆက်ဆံရေး မှာတော့ မြန်မာစစ်အာဏာရှင်တို့ မရှုံးဟုယူဆပါသည် ၊ ကမ္ဘာ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယနိုင်ငံ ကို အာဏာရှင်စနစ်ကျင့်သုံးသည့်စစ်တပ်အစိုးရက အရင်းအနှီးသိပ် မစိုက်ရဘဲ လက်မှက် (Ticket) တစ်စောင်ကို အိတ်ကပ်အတွင်းထည့်ထားပြီး အနောက်နိုင်ငံများနှင့်နိုင်ငံတကာ ညီလာခံများကို နိုင်ငံရေးကစားခွင့်ရခဲ့ပါသည်။ မြန်မာစစ်အာဏာရှင်တို့အနေဖြင့် တရုတ်နိုင်ငံ ၏ ထောက်ခံမှု လက်မှတ်ရရှိရန်အတွက်မူစီးပွါးရေး ၊ နိုင်ငံရေး ၊ လူမှုရေး အရင်းအနှီးများစွာပေးပြီးမှ ရသည်ကိုတွေ့ရမည်ဖြစ်ပါ သည်။မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် အိန္ဒိယ ကို အဆိပ်မရှိသော ရေမြွေ လိုသဘောထားပြီး တရုတ် ကို တော့ အဆိပ်ပြင်းသော မြွေပွေး လိုသဘောထားပြီး ဆက်ဆံကြပါသည်။
မြန်မာ-အိန္ဒိယ သည် အင်္ဂလိပ် ၏ကိုလိုနီကျွန်အဖြစ်နှစ်ပေါင်းရာချီ၍နေခဲ့ကြရပြီး လွတ်လပ်ရေး တိုက်ပွဲဝင်စဉ် အချိန်ကာလ တွင်လည်း အိန္ဒိယ ခေါင်းဆောင်ကြီးများဖြစ်သည့် မဟတ္တမ ဂန္ဒီ ၊ ဂျဝါလာနေရူး တို့သည် မြန်မာ ခေါင်းဆောင်ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ၊ ဦးနု တို့နှင့် လုပ်ဖေါ်ကိုင်ဘက်များ ဖြစ်ခဲ့ကြသည့်အပြင် ပုဂ္ဂိလ်ရေး အားဖြင့်လည်း ရင်းနှီးခဲ့ကြသူများဖြစ်ပါသည်။လွတ်လပ်ရေး ၊ ဒီမိုကရေစီအရေး တို့အတွက် အသက် ပေး၍တိုက်ပွဲ ၀င်ခဲ့ကြသူ များလဲဖြစ်ကြပါသည်။ ထို့ကြောင့် သမိုင်းကြောင်းအရ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သော မြန်မာ-အိန္ဒိယ ဆက်ဆံရေးကိုထောက်ရှုပြီး ၎င်း အိန္ဒိယ အပေါ် စိတ်ရင်းစေတနာ မမှန် လိမ်လည် လှည့်ဖျားနေ သော စစ်အာဏာရှင်တို့၏လုပ်ရပ် ကို ထောက်ရှု၍ ၎င်း ဒီမိုကရေစီစနစ် ကိုကျင့်သုံးနေသည့် ကမ္ဘာ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယ အစိုးရ အနေဖြင့် မြန်မာစစ်အာဏာရှင်အစိုးရအား ထောက်ခံနေမှုအပေါ်ပြန်လည်စဉ်းစားသုံးသပ်သင့်ပါသည်။
မြန်မာပြည်သူလူထု စစ်ကျွန်ဘ၀မှလွတ်မြောက်ရေး အိန္ဒိယ အနေဖြင့် အမေရိကန် ၊ ဥရောပ နိုင်ငံများနှင့်အတူ ၀ိုင်းဝန်း အကူညီပေးပရန် မေတ္တာရပ်ခံအပ်ပါသည်။

၂၀၁၁ ခုနှစ် ဇွန် လ (ရ) ရက်
ဝါရှင်တန်မြို့
By အောင်လင်းထွဋ်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကြီးအားသမ္မတဦးသိန်းစိန်မှဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။ ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်စဲရေး လှုပ်ရှားမှုကြီးသည် မြန်မာနိုင်ငံ၏ အမျိုးသားရေးစိတ်ဓာတ် မြင့်မားစွာ နိုးကြွမှုဖြစ်ခဲ့သကဲ့သို့ အစိုးရအနေဖြင့်လည်း ပထမဦးဆုံး ပြည်သူ၏ဆန္ဒကို လိုက်လျောခဲ့ရခြင်း ဖြစ်သည်။

၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်သားတပိုင်းအစိုးရအနေဖြင့် ဓားဓားချင်း လှံလှံချင်းဆိုသည့် သဘောထားမှ ပြည်သူ၏သဘောထားကို လက်ခံလာသည်ဟု ပြောရပါမည်။ ဧရာဝတီမြစ်ဆုံစီမံကိန်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် သဘောတူ လက်မှတ်ရေးထိုးခဲ့သော စာချုပ်ဖြစ်သည်။ အဆိုပါစာချုပ်ကို ဆိုင်းငံ့ပစ်ခဲ့သော သမ္မတဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ကို လေးစားပါသည်။

ယနေ့ဖြစ်ပေါ်နေသော အခြေအနေမှ ဒီမိုကရေစီခရီး ဆက်လက်လျှောက်လှမ်းရေးနှင့် ပတ်သက်၍ ယခင် စစ်တပ်၏ သဘောသဘာဝ၊ အခြေခံ ခံယူထားသည့်စိတ်ဓာတ်တို့ကို ဆွေးနွေးတင်ပြလိုပါသည်။ ယနေ့ မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်သည်ပင်လျှင် ၁၉၇၄ ခုနှစ်မှစ၍ စစ်တက္ကသိုလ်ဗိုလ်လောင်း အမှတ်စဉ် (၁၉) ကို တက်ရောက်ပြီး တပ်မတော်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ စာရေးသူတို့၏ အသက်အရွယ်တန်းများ ဖြစ်ကြပါသည်။

ကျနော်တို့နှင့်ခေတ်ပြိုင် အရာရှိများသည် တော်လှန်ရေးကောင်စီခေတ်မှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ပြောင်းကာစတွင် တပ်မတော်၌ ဝင်ရောက်အမှုထမ်းခဲ့ကြသည်။ ဆိုရှယ်လစ်စနစ်၏ ဝါဒမှိုင်းအတိုက်ခံထားရသော တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် ဘဝတို့ဖြင့် ကြီးပြင်းလာခဲ့ရပြီးမှ စစ်တပ်အတွင်း ရောက်ခဲ့ကြသူများဖြစ်သည်။ တံခါးပိတ်ဝါဒ ကျင့်သုံးစဉ် ကြီးပြင်းလာခဲ့သူများဖြစ်၍ ပေးတာယူ၊ ကျွေးတာစား၊ ပြန်မပြောနဲ့၊ ခိုင်းတာလုပ် ဆိုသည့် ဆောင်ပုဒ်ဖြင့် ခေါက်ရိုးကျိုးနေပြီး စစ်အာဏာရှင်ကြီးများ ခိုင်းတာမှန်သမျှကို တပ်မတော်သစ္စာ (၄) ချက်တွင် တချက်ဖြစ်သည့် အထက်မှပေးအပ်သော အမိန့်နှင့် တာဝန်ဝတ္တရားများကို နာခံရမည် ဆိုသည်ကို လွဲမှားစွာ မှတ်ယူလိုက်နာခဲ့ကြရသူများ ဖြစ်သည်။

နိုင်ငံတကာအတွေ့အကြုံရှိသူနှင့် လေ့လာသူ စစ်အရာရှိတချို့မှလွဲ၍ အများစုသည် စစ်အာဏာရှင်ကြီးများပြောသမျှ ဝါဒမှိုင်းတိုက်မှု (Brain Wash) ကိုသာ ကြားနေရပြီး သူတို့ပြောသမျှကိုသာ အမှန်ထင်ခဲ့ကြပါသည်။ အစိုးရ၏လမ်းစဉ် မှားမှန်းသိနေသူ အရာရှိများအနေဖြင့်လည်း စိတ်ထားတူသူ အချင်းချင်းတွေ့သောအခါမှ ရှေ့နောက်ကြည့်ပြီး ပုန်းလျှိုးကွယ်လျှိုး ပြောဆိုဝံ့ကြသည်။

စစ်ထောက်လှမ်းရေးက စစ်ဘက်နယ်ဘက် အရာရှိကြီးများအပြင် စစ်ထောက်လှမ်းရေး အဖွဲ့အတွင်းမှာပင် ဖုန်းကြားဖြတ်နားထောင်ခြင်း၊ သူလျှိုများထားခြင်းဖြင့် အစိုးရပေါ်လစီအပေါ် ဝေဖန်သူများကို ထောက်လှမ်းလေ့ရှိသည်။ အလားတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း အထူးကြားဖြတ် ထောက်လှမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီး တပ်မတော်အရာရှိကြီးများနှင့် နယ်ဘက်ဝန်ကြီးများ၊ စစ်ထောက်လှမ်းရေးများ၏ လှုပ်ရှားမှုကို တပ်မတော်ဆက်သွယ်ရေးတပ်အား တာဝန်ပေး ထောက်လှမ်းစေခဲ့သည်။ အပြန်အလှန် ထောက်လှမ်းမှုများ ရှိခဲ့ကြ၍ အစိုးရကို နည်းနည်းဝေဖန်မိသည်နှင့် ဒုက္ခရောက်သွားကြရသည်။

ယနေ့အခြေအနေကို လေ့လာသုံးသပ်မည်ဆိုလျှင် အတိတ်ကာလနှင့် မတူတော့သည်ကို တွေ့မြင်ရသည်။ တချိန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်မှန်သမျှကို နာခံခဲ့သော သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်တို့နှင့် အပေးအယူလုပ်၊ လက်ဖြင့်ချုပ်ဆိုခဲ့သော မြစ်ဆုံစီမံကိန်းစာချုပ်ကို ပြည်သူတို့၏ဆန္ဒအရ ရဲရဲဝံ့ဝံ့ ခြေဖြင့်ဖျက်လိုက်ပါသည်။ အဆိုပါ အလုပ်မျိုးကို ဦးနေဝင်း ပြုတ်ပြီးနောက် ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်မှူးချုပ် ခင်ညွန့်တို့ မလုပ်ရဲခဲ့ကြပါ။ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေဖြင့် တချိန်က မော့်၍မကြည့်ဝံ့သူ၊ မအေနှမနှင့် အဆဲသန်သူ၊ တပ်မတော်တွင် မိုက်ရိုင်းသူဟူ၍ နာမည်ကြီးသော ဗိုလ်ချုပ်ကြီးဟောင်း ရှစ်လုံး ခေါ် ယခု ဒု သမ္မတ ဦးတင်အောင်မြင်ဦးအား ယခုအခါ ပြန်ပြောဝံ့သည်ဟု သိရပါသည်။

အစိုးရဝန်ကြီး အဖွဲ့အတွင်းမှာလည်း မှားသည် မှန်သည်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုလာကြသည်ကို မြင်တွေ့နေရပါသည်။ လက်ရှိ အစိုးရအဖွဲ့အတွင်းနှင့် တပ်မတော်အတွင်း အရာရှိ ကြီးငယ်များသည်လည်း မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများထက် များစွာခေတ်နောက်ကျနေရသည်ကို ဝန်ခံရဲသည့်သတ္တိ၊ ဝေဖန်ရဲသည့်သတ္တိများ ရှိလာကြသည်ကို တွေ့မြင်ရပါသည်။

တပ်မတော်သည် ၁၉၆၂ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၅၀ နီးပါး စစ်အာဏာရှင်ကြီးများ၏ ကျွန်ပြုခံထားရသော စစ်ကျွန်များသဖွယ် ဖြစ်ခဲ့ကြပါသည်။ ယနေ့အချိန်တွင် တပ်မတော်နှင့် အစိုးရထိပ်ပိုင်းခေါင်းဆောင်များကပါ နိုင်ငံရေး အပြောင်းအလဲ လိုလားနေသည်ကို တွေ့မြင်ရပါသည်။ မပြောင်းလဲလိုသူ၊ သဘောထားတင်းမာသူများ လက်ရှိ တပ်မတော်နှင့် အစိုးရအဖွဲ့အတွင်း ရှိနေသေးသည်ကိုလည်း သတိထားရမည်ဖြစ်သည်။

မကြာသောနှစ်ကာလများအတွင်း နအဖအဖွဲ့တွင် သဘောထားပျော့ပြောင်းသူဟု နိုင်ငံတကာက အထင်ခံခဲ့ရသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် သဘောထားတင်းမာသူများ၏ ဖိအားပေးမှုကြောင့် လက်ရှိ အခြေအနေသို့ ဆိုက်သွားရပါသည်။ ထို့ကြောင့် ထိုအဖြစ်မျိုး သမ္မတကြီး ဦးသိန်းစိန် ရောက်ခဲ့မည်ဆိုပါက မြန်မာ့နိုင်ငံရေးသည် ပိုနေမြဲ ကျားနေမြဲဘဝမျိုး ပြန်ရောက်ပြီး အဆိုးဝါးဆုံး အခြေအနေများနှင့် ရင်ဆိုင်သွားရနိုင်ပါသည်။

နွားကွဲလျှင် ကျားကိုက်မည်ဆိုသည့် မြန်မာစကားပုံကို မမေ့သင့်ပါ။ နိုင်ငံတချို့သည် မြန်မာနိုင်ငံ၏ သယံဇာတ ကြွယ်ဝမှုကို မျက်စေ့ကျလျက် ရှိပါသည်။ အိမ်နီးနားချင်း တရုတ်၊ အိန္ဒိယတို့သည် စီးပွားရေးအင်အားကြီးလာသည့် နိုင်ငံများဖြစ်လာကြပြီး ပြိုင်ဘက်ရန်ဘက်များလည်း ဖြစ်ကြသည်။ စွမ်းအင်ရရှိရေးအတွက် မြန်မာနိုင်ငံကို အာရုံကျလျက်ရှိသည်။

တရုတ်နိုင်ငံဆိုလျှင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှုကြောင့် မကျေမနပ်ဖြစ်ကာ ဗိုလ်သန်းရွှေ ကာလတလျှောက်လုံး ဘာဖြစ်ဖြစ်ထောက်ခံခဲ့ရာမှ ယနေ့ အပြစ်တင်ပြောဆိုလာသည်ကို မြင်တွေ့နေရသည်။ အိန္ဒိယအနေဖြင့်လည်း မြန်မာနိုင်ငံ၏စွမ်းအင်ကို ဈေးပေါပေါဖြင့်ရရန် စောင့်နေသည်ကို သတိချပ်စေလိုပါသည်။

စာရေးသူ ယခင်က တင်ပြခဲ့ဖူးပါသည်။ ၁၉၈၈ ခုနှစ် အရေးခင်းကာလ အမေရိကန်လေယာဉ်တင်သင်္ဘော မြန်မာရေပိုင်နက် ရောက်ရှိလာချိန်တွင် တရုတ်တို့သည် “ဝ” ကိုးကန့် နယ်မြေသို့ တရုပ်တပ်မများစေလွှတ်ပြီး မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းအထိသိမ်းပိုက်ရေး မဟာဗျူဟာများ ချမှတ်ခဲ့ဖူးပါသည်။

အိန္ဒိယအနေဖြင့်လည်း ခြိမ်းခြောက်လာနိုင်သည့်အတွက် စစ်ရေးအရ မြန်မာနိုင်ငံ၏ ဦးတည်ရန်သူ (Potential Enemy) ဖြစ်သည်ဟု သတ်မှတ်ပြီး စစ်နည်းဗျူဟာများကို လေ့ကျင့်ခဲ့ကြရသည်။ စစ်အာဏာရှင်ကြီးများ၏ ကိုယ်ကျိုးစီးပွားအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံကြီးများ၏ လျစ်လျူရှုခြင်းခံရပြီး အိမ်နီးချင်း ၂ နိုင်ငံစလုံးကို မယုံရသော်လည်း မျက်နှာချိုသွေးနေရပါသည်။

ယနေ့ ဗီယက်နမ် ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း စသည့် အာဆီယံနိုင်ငံများပင်လျှင် တရုတ်တို့၏ရန်ကို ခုခံနိုင်ရန် အမေရိကန်၏ အကူအညီကို လိုနေကြသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းတို့နှင့် ပြဿနာဖြစ်နေသော တောင်တရုတ်ပင်လယ်ပြင်အတွင်း Spratly ကျွန်းစုအရေးကိစ္စနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံအား တရုတ်နိုင်ငံဘက်မှ ထောက်ခံရပ်တည်ပေးရန် သမ္မတ ဦးသိန်းစိန်ကို ဖိအားပေးလျက်ရှိကြောင်း သိရသည်။ သမ္မတဦးသိန်းစိန်အနေဖြင့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်ကို လက်ခံလိုစိတ်မရှိဘဲ အာဆီယံနိုင်ငံများနှင့်သာ လက်တွဲသွားလိုသည့်ဆန္ဒရှိသဖြင့် တရုတ်ခေါင်းဆောင်များ မကျေမနပ်ဖြစ်နေကြသည်။ Spratly ကျွန်းစုအရေးကိစ္စ ဖြစ်နေသော နိုင်ငံများအနေဖြင့်လည်း လက်ရှိအနေအထားအရ တရုတ်တို့ကို ရင်ဆိုင်ရန် အမေရိကန်ထံမှ စစ်ရေးအကူညီရရေး ချဉ်းကပ်နေကြပါသည်။

သို့သော် မြန်မာအစိုးရအနေဖြင့်မူ တရုတ်အစိုးရကို အလွန်အမင်း မဆန့်ကျင်ရဲသကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်အစိုးရကိုလည်း ချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေသည့် အခြေအနေမျိုး ဖြစ်နေသည်ဟု သုံးသပ်မိသည်။ ထို့ကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့သို့ ရောက်ရှိလာပြီး သမ္မတအိမ်တော်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရသည်။ နောက်ကြောင်းပြန်လှည့်မည့် အပြောင်းအလဲများ မဟုတ်ပါကြောင်း အာမခံချက်များပေးပြီး အမေရိကန်၏ အကာကွယ်ကို တောင်းဆိုနေရပြီဖြစ်သည်။

စစ်ဆိုသည်မှာ မည်သည့်အခါမှ မကောင်းပါ။ ပြည်ပစစ်ဖြစ်စေ၊ ပြည်တွင်းစစ်ဖြစ်စေ၊ ပြည်သူပြည်သားအားလုံး ဒုက္ခရောက်ကြရပါသည်။ တိုင်းပြည်၏ တိုးတက်ဖွံ့ဖြိုးမှုအားလုံး၊ ငြိမ်းချမ်းမှုအားလုံး ဆုံးရှုံးသွားပါသည်။ ယနေ့ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲများနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်ပွဲများအတွင်း ကြုံတွေ့နေရသည့် ပြည်သူများ၏ဒုက္ခကို မျှဝေခံစားကြည့်လျှင် စစ်၏အနိဋ္ဌာရုံကို သိရှိနိုင်သည်။ ပြည်တွင်းစစ်ပွဲများ ရပ်စဲရေးနှင့် ပြည်ပစစ်ပွဲများ မဖြစ်ရေး လက်ရှိအစိုးရနှင့် မြန်မာနိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်။

ပထမဦးစွာ အစိုးရအနေဖြင့် ကိုယ့်တိုင်းရင်းသားချင်းများအား ရိုးသားမှု၊ သဘောထားကြီးမှုကိုပြပြီး ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းကြောင်း ကြေညာသင့်သည်၊ ဆွေးနွေးပွဲများ ခေါ်သင့်သည်။ အဆိုပါ ဆွေးနွေးပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမာသမတ်ရှိသော၊ လူအများ လေးစားယုံကြည်မှုရှိသော တိုင်းရင်းသားများ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ စစ်ဘက်၊ နယ်ဘက် အငြိမ်းစားအရာရှိကြီးများ၊ အစိုးရတာဝန်ရှိသူများနှင့် အဖွဲ့ဖွဲ့ပြီး တာဝန်ပေးသင့်သည်။ ပြည့်အားသည် ပြည်တွင်းမှာသာရှိသည်အဆိုအရ မိမိတို့အချင်းချင်း ညီညွတ်မှုကို ပထမဦးစွာ တည်ဆောက်ဖို့လိုပါမည်။

ပြည်ပရန်များကို ကျော်လွှားနိုင်ရန် ပြည်တွင်းအင်အားသည် အဓိကလိုအပ်ပါသည်။ အနောက်နိုင်ငံကြီးများ လိုလားသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးကို အလုပ်ဖြင့် သက်သေပြရပါလိမ့်မည်။ အဆိုပါကိစ္စများကို အကောင်အထည်ဖော်ရန် ပြည်သူများဘက်မှလည်း သမ္မတဦးသိန်းစိန်အား နားလည်မှုတစုံတရာပေးပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ခံယူကာ ဝန်းရံပေးဖို့ လိုအပ်သည်။ အရေးကြီးသည်မှာ သမ္မတ ဦးသိန်းစိန်အား အစိုးရအဖွဲ့အတွင်းမှ သဘောထားတင်းမာသည့်အုပ်စုက အနိုင်မရရှိသွားရေးဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ဖြစ်လိုသည်များကို ဆန္ဒစောပြီး နေ့ချင်းညချင်းဖြစ်ရမည်ဟု သဘောမထားဘဲ အစိုးရ၏ ခြေလှမ်းများကို တဆင့်ချင်း စောင့်ကြည့် ထောက်ပြဝေဖန်၍ သမ္မတ ဦးသိန်းစိန်အစိုးရကို အပြုသဘောဖြင့် တွန်းအားပေး၊ တောင်းဆိုသင့်ကြောင်း တင်ပြအပ်ပါသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)
အောင်လင်းထွဋ် 

လွန်ခဲ့သော နှစ်ပေါင်း ၂၀ နီးပါး စစ်ပွဲများကင်းစင်ပြီး ငြိမ်းချမ်းတည်ငြိမ်ခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် လက်ရှိ အရပ်သား အစိုးရသစ်ဟုခေါ်သော အစိုးရလက်ထက်တွင် စစ်၏ အနိဋ္ဌာရုံ သတင်းများကို ကြားနေရပါသည်။

အထူးသဖြင့် ကချင်၊ ကရင်၊ ရှမ်း ပြည်နယ် ဒေသများတွင် စစ်ပွဲများဖြစ်နေကြပါသည်။ တရုတ်နိုင်ငံက ကျောထောက် နောက်ခံပြုထားသော ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့က နယ်ခြားစောင့်တပ်အစီအစဉ်ကိုလက်မခံသဖြင့် ၂၀၀၉ ခုနှစ်တွင် စစ်တပ်က တိုက်ခိုက်ခဲ့သော်လည်း တရုတ်အစိုးရ၏ ပြင်းထန်သော ဖိအားကြောင့် စစ်ပွဲကိုရပ်ဆိုင်းခဲ့ရသည်။ စစ်အစိုးရ ဒုတိယ နှင့် တတိယ ခေါင်းဆောင်များ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ ကိုယ်တိုင် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ သွားရောက်၍ မှားပါကြောင်း ဝန်ချတောင်းပန်ခဲ့ရသည်။

လက်ရှိအချိန်တွင်မူ ကချင်၊ ကရင်၊ ရှမ်း ငြိမ်းချမ်းရေး အဖွဲ့များကို စစ်တပ်က ပြင်းပြင်းထန်ထန် စစ်ပွဲ ဆင်နွဲနေသော်လည်း တရုတ်နိုင်ငံ ထောက်ခံထားသော၊ မူးယစ်ဆေးဝါးနှင့် စစ်အင်အားကြီးထွားလာသော “ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များကိုမူ စစ်ဆင်ရေး မလုပ်ရဲခဲ့ပါ။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရင်းတပည့်များဖြစ်ပြီး လွှတ်တော်ဆပ်ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဝန်ကြီးဟောင်း ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့ ခေါင်းဆောင်သော သမ္မတ၏ အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို “ဝ”နှင့်မိုင်းလားဒေသသို့ စေလွှတ် ဆွေးနွေးခဲ့ရပါသည်။

ထိုသို့ ဆွေးနွေးရာတွင် ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ရန် ဆက်လက်ထိန်းသိမ်းရေး၊ အပြန်အလှန်စကားပြောနိုင်ရန် ဆက်ဆံရေး ဌာန စခန်းများ ဖွင့်လှစ်ရေး၊ ယခင် နှစ်ဦးနှစ်ဘက် သဘောတူညီခဲ့ပြီးဖြစ်သော နယ်မြေမှကျော်လွန်ပြီး လက်နက်ကိုင် သွားလာသည့်အခါ ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရေး၊ နှစ်ဦးနှစ်ဘက် သဘောတူညီသည့် အချိန်နေရာတွင် ဆက်လက် ညှိနှိုင်း ဆွေးနွေးသွားရေး စသည့် အချက် ၄ ချက် ကို “ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များဖြင့် သဘောတူညီခဲ့ကြပါသည်။

အဆိုပါ သဘောတူညီချက်ကို အစိုးရဘက်မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ ၊ တြိဂံတိုင်း စစ်ဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီးဇော်ထွန်းမြင့်၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ရှမ်းပြည်နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေးမှူး ဦးအောင်ကျော်မြင့် တို့က လက်မှတ် ရေးထိုးခဲ့ပြီး “ဝ” ဘက်မှ ဦးကျောက်ကွမ်းအမ်း၊ ဦးပေါက်ယူလျန်၊ ဦးအောင်မြင့်၊ မိုင်းလားအဖွဲ့မှ ဦးစံပေ့၊ ဦးခန်းပောာင်၊ ဦးအိုက်ရှဲန်၊ ဦးဇင်ခမ်းနော် တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။

၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ်ကို လက်မခံလျှင် “ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များ စစ်ရေးအရ ဆောင်ရွက်လိမ့်မည် ဟု ခြိမ်းခြောက်ပြောဆိုခဲ့သော်လည်း ယနေ့အချိန်အခါတွင် ကချင်၊ ကရင်၊ ရှမ်း ငြိမ်းချမ်းရေးအဖွဲ့များကို စစ်ရေးအရ ပြင်းပြင်းထန်ထန် အရေးယူခဲ့ပြီး “ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များကိုမူ ငြိမ်းချမ်းရေး စာချုပ်ချုပ်ခဲ့သည်။

“ဝ” နှင့် “ရှမ်းအခါ” ငြိမ်းချမ်းရေး အဖွဲ့များသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အပြန်အလှန် အကူညီပေးရေး သဘော တူညီထားခဲ့သော်လည်း ကတိကဝတ်ကို ချိုးဖောက်ပြီး အစိုးရနှင့် ပူးပေါင်းခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဓိက လူမျိုးကြီးများဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တို့၏ တည်ငြိမ် အေးချမ်းမှုကို လျစ်လျူရှုထားပြီး တရုတ်နိုင်ငံအတွင်း အများစုနေထိုင်သော “ဝ” နှင့် အခါ လူမျိုးများ ငြိမ်းချမ်းရေးဆောင်ရွက် နေသည်မှာ အစိုးရဋ္ဌ ရိုးသားမှု မရှိခြင်းက ထင်ရှားနေသည်။

ယနေ့မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးပေါ်လစီကို ကျင့်သုံးနေသည်ဟု ဆိုသော်လည်း တရုတ်နိုင်ငံ၏ ကိုလိုနီကျွန်နိုင်ငံ ဘဝသို့ ရောက်မှန်းမသိ ရောက်နေရပါပြီ။ အစိုးရသစ်က ပြည်တွင်းအရေး ကိစ္စများကိုပင် တရုတ်တို့၏ မျက်နှာ ကြည့်ပြီး အလုပ်လုပ်နေရသည်မှာ ရင်နာစရာကောင်းလှပေသည်။ ယခုအချိန်မှ တရုတ်တို့ကို ချိန်ခွင်လျှာညှိနိုင်အောင် အနောက်နိုင်ငံများနှင့် ပလူးပလဲ လိုက်လုပ်နေရသည်မှာလည်း ရှက်ဖို့ကောင်းပါသည်။

နိုင်ငံ၏အင်အားသည် ပြည်တွင်းမှာသာရှိသည်ဟူ၍ အကြိမ်ကြိမ်ကြွေးကြော်နေသော စစ်ဗိုလ်ကြီးများ ဘာကြောင့် ကိုယ့် သွေးရင်း သားချင်းတွေကို စစ်ပြန်တိုက်နေကြပါသလဲဟု မေးလိုပါသည်။

အနှစ်၂၀ နီးပါး ငြိမ်းချမ်းခဲ့ပြီးမှ ယခုကဲ့သို့ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အများပြည်သူ ဘေးဒုက္ခရောက်အောင် လုပ်နေရပါသနည်း။ ကိုးကန့်၊ ဝ ၊ အခါ လူမျိုးများကိုပင် နားလည်မှုပေးနိုင်လျှင် မူရင်း လူမျိုးများဖြစ်သည့်၊ ပင်လုံစာချုပ်နှင့် လွတ်လပ်ရေးအတူ ရယူခဲ့ကြသည့် တိုင်းရင်းသားများကို အဘယ့်ကြောင့် “ဝ” နှင့် အခါ လူမျိုးများကဲ့သို့ သဘောတူညီချက်မျိုးများ မပေးနိုင်သနည်း ဆိုသည်ကိုလည်း မေးလိုပါသည်။

စာရေးသူသည် စစ်ဝတ်စုံဝတ်၍ နှစ်ပေါင်း၂၅ နှစ်ခန့် ၊ စစ်ဝတ်စုံချွတ်၍ နှစ်ပေါင်း ၅ နှစ်ကျော် မဆလ အစိုးရ နှင့် စစ်အာဏာရှင် အစိုးရ လက်ထက်တွင် အမှုထမ်းခဲ့ရသူ တဦးဖြစ်ပါသည်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအရေးကို နှစ်အတန်ကြာ ကိုင်တွယ်ခဲ့ရပါသည်။

စာရေးသူတို့နားလည်ခဲ့သည်မှာ တပ်မတော်သားတိုင်းသည် စစ်တပ်တွင် စတင် ဝင်ရောက် အမှုထမ်းစဉ် ကတည်းက အလံကိုင်ပြီး သစ္စာပြုခဲ့ကြသူများ ဖြစ်သည်။ အကျဉ်းချုပ်ပြောရလျှင် တပ်မတော်သည် တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပြီး ကိုယ့်တိုင်းရင်းသားချင်း နှိပ်စက်သတ်ဖြတ်ရန် မဟုတ်သကဲ့သို့ လူတစု တဖွဲ့ အတွက် အသုံးချရန် ဖွဲ့စည်းထားသော အာဏာရှင်၏ တပ်မတော်လည်း မဟုတ်ပါ။

စစ်ပွဲများဖြစ်ပါက နှစ်ဘက်လက်နက်ကိုင်အဖွဲ့ဝင်များ ကျဆုံးရသကဲ့သို့ အပြစ်မဲ့ပြည်သူများလည်း ဒုက္ခရောက် စစ်ဘေး စစ်ဒဏ် ခံရ စမြဲပင်။ စစ်ပွဲများတွင် ကျဆုံးရသည်မှာ တပ်မတော်ဘက်တွင်ဆိုပါက အရာရှိအငယ်များနှင့် အခြားအဆင့်ဟုခေါ်သော အရာခံ၊ အကြပ်၊ တပ်သား အများစု ဖြစ်သည်။ အရာရှိကြီးများ သေသည်မှာ အလွန်နည်းပါသည်။

ထို့အပြင် အာဏာရှင်ကြီးများ၏ ဆွေးမျိုးများ၊ တပည့်သားမြေးများသည်လည်း သေဘေးမှဝေးသည့်အပြင် နေရာကောင်းများ ရရှိပြီး မိသားစုများပါမကျန် တိုက်တာ အိမ်ကား များနှင့် ကြီးပွား ချမ်းသာနေကြသည်ကို တွေ့ရမည် ဖြစ်ပါသည်။ အသက်စွန့်ပြီး တိုက်ပွဲဝင် နေကြသည် ဆိုသည့် အရာရှိငယ်နှင့် စစ်သည်များ၏ မိသားစုများက နေ့စဉ် အသက်ဘေးအန္တရာယ် ကင်းဝေးစေကြောင်း ဆုတောင်းနေရမည် ဖြစ်သည်။

ယနေ့ တပ်မတော်အတွင်း စစ်ဘက်ရာထူး ယူထားသော ဗိုလ်ချုပ်ကြီးများကို လေ့လာကြည့်ပါ။ ကာကွယ်ရေးဦးစီးချုပ်က အစ လက်အောက်ဗိုလ်ချုပ်များ၏ စစ်ရေးစွမ်းရည်သည် သုည ဟု ပြောရပါမည်။ ဖြတ်သန်းလာခဲ့သော ငယ်စဉ် စစ်အရာရှိဘဝကို လေ့လာကြည့်မည်ဆိုလျှင် အားလုံးနီးပါးသည် ကိုယ်ရေးအရာရှိ၊ လုံခြုံရေးအရာရှိ၊ ဦးစီးအရာရှိ အစရှိသည့် လူကြီး အနီးကပ်ပြီး နေသူ များပါသည်။

ထူးထူးချွန်ချွန် တိုက်ပွဲဝင်ခဲ့သည့်ပုဂ္ဂိုလ်မျိုး တဦးတယောက်မှ တွေ့ရမည်မဟုတ်ပါ။ ထိုသို့သော စစ်ခေါင်းဆောင်များက အတွေး အခေါ်လည်း မရှိ၊ အမြော်အမြင်လည်း မရှိ အထက်ကခိုင်းတာပဲ ဆိုပြီး စစ်တပ်ကို အသုံးချနေမည်ဆိုလျှင် တပ်မတော်အတွင်း မုဆိုးမ နှင့် ဖခင်မဲ့ သားသမီးများ တနေ့တခြား များလာမည်သာဖြစ်သည်။ မစွမ်းမသန် ဒုက္ခိတများ တပ်မတော် အတွင်း ပိုများလာမည်သာဖြစ်သည်။ မစွမ်းမသန် ဒုက္ခိတ ဖြစ်ပြီးလျှင်လည်း မစို့မပို့ နစ်နာကြေးပေးပြီး တပ်က ထုတ်ခံရ၊ ကူညီမည့်သူ မရှိပါက လမ်းဘေးရောက်ပြီး တောင်းစားရသည့် ဘဝမျိုး ရောက်နေသည်။

ထိုသို့ထောက်ပြနေ၍ စာရေးသူကို တပ်ကိုဖြိုခွဲသူဟု စစ်ခေါင်းဆောင်ကြီးများက စွပ်စွဲပါလိမ့်မည်။ တကယ်တော့ အမှန်တရား ဆိုသည်မှာ ငြင်း၍မရပါ။ စစ်သားဆိုသည် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ အတွက် ဒုက္ခိတ ဖြစ်ပါစေ နောက်ဆုံး အသက်စွန့်ရန်အထိ သစ္စာဆိုထားသူများ ဖြစ်သည်။

ယခု တိုက်ခိုက်သတ်ဖြတ်နေရသည်က ကိုယ့်တိုင်းရင်းသားချင်းပါ။ လူမျိုးခြားများ မဟုတ်ပါ။ အဓိပ္ပာယ်မဲ့သည့် စစ်ပွဲများဖြစ်၍ ထောက်ပြနေရခြင်းပါ။ မတရားသည့် စစ်ပွဲများကို စစ်သည်တို့ လက်မခံရန် တိုက်တွန်းနေရခြင်းပါ။

ကချင်ပြည်နယ် ကျောက်စိမ်းတွင်း၊ သစ်တောများ၊ ကရင်ပြည်နယ် ရှမ်းပြည်နယ် သတ္တုမိုင်း သစ်တောများ စသည်တို့ကရသည့် ပြည်သူ့ဘဏ္ဍာငွေဖြင့် ဝယ်ခဲ့သည့် စစ်လက်နက်ကြီးများ၊ အမြောက်ကြီးများနှင့် တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်နေခြင်းမှာ စစ်အာဏာရှင်များ၏ အပြောတမျိုး အလုပ်တမျိုးနှင့် စစ်တပ်ကို နာမည် ပျက်ရန် အသုံးချနေခြင်းကို တွေ့ရမည်ဖြစ်သည်။

စာရေးသူကိုယ်တိုင် ကရင် ခေါင်းဆောင် စောဘိုမြ ၊ ကချင် ခေါင်းဆောင် ဦးဇော်မိုင်၊ မွန် ခေါင်းဆောင် နိုင်ရွှေကျင် တို့နှင့် ရင်းရင်း နှီးနှီး စကားပြောဆိုခဲ့ဖူးပါသည်။ ပြည်တွင်းစစ်ကြောင့် အဓိပ္ပာယ်မဲ့ သေဆုံးခဲ့ကြရသူတို့၏ အလောင်းများကို ဆက်လိုက်မည် ဆိုပါက မြန်မာနိုင်ငံ တောင်ဘက်ခြမ်းက မြောက်ဘက်ခြမ်း အထိ ဆက်နေလောက်ပြီ၊ ဒီလိုအဓိပ္ပာယ်မဲ့သည့် ကိစ္စများကို ရပ်စဲပြီး ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်ရန်အတွက် စကားပြောရန် အချိန်ရောက်ပြီဟု သူတို့၏ ခံယူချက်ကို စာရေးသူအား ပြောပြခဲ့ဖူးပါသည်။

တိုင်းရင်းသား ခေါင်းဆောင်ကြီးများက ပင်လုံစာချုပ်မှသည် ခေတ်အဆက်ဆက် မြန်မာအစိုးရများသည် တိုင်းရင်းသားများအပေါ်တွင် လိမ်ညာခဲ့သည်ဟု ခံစားချက် အသီးသီးရှိကြပါသည်။ လက်ရှိအခြေအနေကို ကြည့်မည်ဆိုလျှင်လည်း ၎င်းတို့ပြောသည့်အတိုင်း ဖြစ်နေသည်ကို တွေ့နေရပါသည်။ အစိုးရအသစ်နှင့် နိုင်ငံရေး ကိစ္စ လက်နက်ကိုင်ဆောင်ရေးကိစ္စ ဆွေးနွေး သည်ဟုဆိုသော ကတိကို အစိုးရဘက်က ချိုးဖောက်ပြီး နယ်ခြားစောင့်တပ် လုပ်ရန် အဓမ္မ လုပ်ရာမှ တိုက်ပွဲများ ဖြစ်လာကြတာပါ။ ဒါကြောင့် တရားခံဟာ စစ်အာဏာရှင်များသာ ဖြစ်သည်။

တပ်မတော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များကို တင်ပြချင်တာက နှစ်ဘက် အဖွဲ့ဝင်များသည် တိုင်းတပါးသားများ မဟုတ်ကြပါ။ တမြေတည်းနေ တရေတည်း သောက်နေကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများပါ။ ဘယ်သူ သေသေ မကောင်းပါ။ စစ်အာဏာရှင်စနစ်၏ အမွေဆိုးကြောင့်သာ တဦး နှင့်တဦး သတ်ဖြတ်နေကြရတာပါ။

တဘက်နှင့်တဘက် နားလည်မှုပေးနိုင်ရန် အဓိက လိုပါသည်။ အောက်ခြေ စစ်သည်ချင်း တဦးနှင့်တဦး ရန်သူကဲ့သို့ မဆက်ဆံကြတော့ဘူးဆိုပါက စစ်ပွဲများ ရပ်စဲသွားပါလိမ့်မည်။

လွန်ခဲ့သောလပိုင်းလောက်က တပ်မတော် တပ်ရင်းတရင်းလုံး KIA နှင့် နားလည်မှု ရသွားသည့်အခါ စစ်ခေါင်းဆောင်ကြီးများက တပ်ရင်းမှူးများမှလွဲ၍ မည်သူကိုမျှ အရေးမယူဝံ့သည့် ဖြစ်စဉ် ရှိခဲ့ပါသည်။

ကချင်၊ ကရင်၊ ရှမ်း လက်နက်ကိုင်များကို မေတ္တာရပ်ခံချင်သည်မှာ - တပ်မတော်ထဲတွင်လည်း တိုင်းရင်းသား အများကြီးရှိပါသည်၊ လူမျိုးရေးကို ရှေ့တန်းမတင်ဘဲ စဉ်းစားဆုံးဖြတ်စေချင်ပါသည်၊ မလွှဲသာ၍ တဦးနှင့်တဦး ပစ်ကြခတ်ကြသည်မှလွဲပြီး နားလည် မှုပေးကြရန် လိုပါသည်။

ပြဿနာအားလုံး၏ အဓိကတရားခံ အာဏာရှင်ကြီးများကို မေတ္တာရပ်ခံချင်သည်မှာ - တိုင်းပြည်ကို ပြန်ကြည့်ပါ၊ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဘေးစစ်ဒဏ် သင့်ပြီး ပြည်သူပြည်သားများသည် ဆင်းရဲဒုက္ခ ဒဏ်ရာများနှင့် ပြည့်နေပါပြီ။ ရှိနေသည့် မာန် မာနများကို ခဝါချသင့်နေပါပြီ။

ရရှိခဲ့ပြီးသား တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကိုလည်း “ ဝ” ၊ အခါ တို့ကဲ့သို့ ပြန်လည် သဘောတူသင့်ပါသည်။ မိမိစစ်သည်များ ကိုလည်း ပြန်ကြည့်ပါ၊ တော်တော်လေး ခါးချိနေကြပြီ။ ပြည်ပနိုင်ငံကို ထိုသို့သော စစ်ရေးစွမ်းရည်နှင့် ယှဉ်နိုင်ပါ့မလား၊ တရုတ်နိုင်ငံကို တကယ့် မိတ်အစစ်နိုင်ငံဟု ဗိုလ်ချုပ်ကြီးတို့ မသတ်မှတ်နိုင်ဘူး ဆိုသည်ကို နားလည်ပါသည်။

ယခု နိုင်ငံရေးကစားကွက်များ သစ်ဆန်းလာခြင်းမှာ ကောင်းပါသည်။ သို့သော် ကိုယ့်တိုင်းရင်းသားများကိုတော့ ထိုသို့မလုပ်ပါနှင့်၊ စကားပြောကြည့်ပါ။ တဖက်သတ်မဆက်ဆံပါနှင့်၊ ယုံကြည်မှုရရှိရန် လိုပါသည်။

သိက္ခာရှိသည့် အစိုးရဟု နိုင်ငံတကာတွင် လူရာဝင်ချင်ပါက ပြည်တွင်းပြည်ပ၏ ယုံကြည်မှု ရရန်လည်း လိုပါသည်။ အဘယ်ကြောင့် ဆိုပါက ယခင် စစ်အစိုးရခေတ်က လိမ်ညာမှု များခဲ့၍ ဖြစ်သည်။ ယခုလည်း လိမ်ညာနေတုန်း။ နိုင်ငံရေးအကျဉ်းသားမရှိ၊ ကလေး စစ်သားမရှိ ဟူ၍ ဖြစ်သည်။
သမ္မတကြီး ပြောသည့်အတိုင်း လုပ်နိုင်ပါစေဟု ဆန္ဒပြုပါသည်။


                                          စာရေးသူ၊ ဗိုလ်မှူးအောင်လင်းထွဋ်

ယနေ့မြန်မာနိုင်ငံ၏ကံကြမ္မာသည် အမျိုးသားပြန်လည်သင့်မြတ်ရေး အား သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော လက်ရှိအစိုးရအသစ် နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအတိုက်အခံလွှတ်တော်အတွင်း၊အပြင် ပုဂ္ဂိုလ်များအချိန်မှီ မဆောင်ရွက်နိုင်လျှင် မကြာသောကာလတွင် တရုပ်နိုင်ငံ၏ကိုလိုနီဖြစ်လာလိမ့်မည့် အရေးကြိုတင်ဟောကိန်းထုတ်လိုပါသည်။ နေပြည်တော်အခြေအမြစ်မှလာသောသတင်းများအရရက်ပိုင်းအတွင်းကဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင်ဦးတရုပ်နိုင်ငံသို့ လျှို့ဝှက်ခရီးထွက်ခွါသွားကြောင်း သိရပါသည်။ ဧရာဝတီမြစ်ဆုံရေ ကာတာကိစ္စအတွက် ဆွေးနွေးရန်သွားကြောင်း အတည်ပြုဆဲသတင်းများအရ သိရပါသည်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ သို့ရောက်ရှိနေပြီး သမ္မတအိမ်တော်မှတာဝန်ရှိသူများနှင့်သမ္မတ၏အထူးကိုယ်စားလှယ် DerickMitchell တို့နှင့်တွေ့ဆုံဆွေးနွေး နေပြီဖြစ်ပါသည်။

တရုပ်နိုင်ငံ သည် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း တို့နှင့်ပြဿနာဖြစ်နေသော South China Sea အတွင်း Spratly ကျွန်းစုအရေးကိစ္စ နှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံ အား တရုပ်နိုင်ငံဘက်မှထောက်ခံရန် ရပ်တည်ပေးရန်သမ္မတဦးသိန်းစိန်ကိုဖိအားပေးလျက် ရှိကြောင်း သိရပါသည်။ သမ္မတဦးသိန်းစိန် အနေဖြင့် တရုပ်နိုင်ငံ၏ တောင်းဆိုချက်ကို လက်ခံလိုစိတ်မရှိကြောင်း အာဆီယံနိုင်ငံများနှင့် သာလက်တွဲသွားလိုသည့်ဆန္ဒရှိသဖြင့် တရုပ်ခေါင်းဆောင်များမကြေမနပ် ဖြစ်နေကြပါသည်။ Spratly ကျွန်းစုအရေးကိစ္စ ဖြစ်နေသောနိုင်ငံများအနေဖြင့်လည်း လက်ရှိအနေအထားအရ တရုပ်တို့ကို ရင်ဆိုင်ရန် အမေရိကန်နိုင်ငံ ထံမှ စစ်ရေးအကူညီရရေး ချဉ်းကပ်နေကြပါသည်။ သို့သော် မြန်မာအစိုးရအနေဖြင့်မူ တရုပ် နိုင်ငံအစိုးရကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင်ရဲသလို လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် အမေရိကန်အစိုးရ ကိုချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေရသည့် အခြေအနေမျိုးဖြစ်နေပါသည်။

ထို့အပြင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ တစ်ဦးတည်းမှားယွင်းစွာဆုံးဖြတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံ သည် တရုပ်အစိုးရ ၏ လက်ဝေခံဘဝရောက်ခဲ့ရပါသည်။ စာချုပ်ပေါင်းများစွာကို တရုပ်တို့အလိုကျ လက်မှတ်ထိုးရေးထိုးပေးခဲ့ရသဖြင့် လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရသည် ချီတုတ်ခံထားရသည့် သဘောဖြစ်နေပါသည်။ တရုပ်တို့၏ တောင်းဆိုချက်အတိုင်း သမ္မတဦးသိန်းစိန် အစိုးရသည် နယ်စပ်ဒေသရှိ ”ဝ“ နှင့်မိုင်းလားလက်နက်ကိုင်အဖွဲ့များကိုယခင်အခြေအနေများအတိုင်းနေထိုင်ခွင့်ပြုရန် သဘောတူညီခဲ့ရပါ သည်။ ယနေ့ မြန်မာတစ်မျိုးလုံး၏ အမျိုးသားရေးကိစ္စဖြစ်သော ဧရာဝတီမြစ်ကယ်တင်ရေး သည် အစိုးရအာဏာပိုင်အများစုအပါဝင် တစ်မျိုးသားလုံး၏ တောင်းဆိုမှုကြောင့် သမ္မတဦးသိန်းစိန် အနေဖြင့်ရေကာ တည်ဆောက်ရေးကိုရပ်တံ့ရန်ဆန္ဒရှိကြောင်းသိရပါသည်။သို့သော်တရုပ်အစိုးရ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရပေဦးမည်။ ယခင်အစိုးရလက်ထက် တရုပ်တို့နှင့် သဘောတူလက်မှတ်ထိုးခဲ့သည့် ကိစ္စဖြစ်နေ၍ တရုပ်တို့၏သဘောထားကိုပြန်လည်မေးမြန်းဘို့လိုသလိုကုန်ကျသုံးစွဲပြီးငွေကြေးများ မည်ကဲ့သို့ဆောင်ရွက်မည် ဆိုသည်ကိုလည်းညှိနှိုင်းရပေဦးမည်ဖြစ်ပါသည်။ ထို့ကြောင့် သီဟသူရဦးတင်အောင်မြင်ဦး တရုပ်နိုင်ငံသို့ သွားနေရပါသည်။

ဧရာဝတီမြစ်ဆုံရေ ကာတာ တည်ဆောက်မှု ကိစ္စ အတွက် မြန်မာပညာရှင်များ တရုပ်နိုင်ငံသိ့သွားရောက်စဉ် တရုပ်တာဝန်ရှိသူများမှ ရေကာတာတည်ဆောက်မှုကြောင့် ဆိုးကျိုးများဖြစ်လာမည်ကိုသိရှိပြီး ဖြစ်သောလည်း ဘာကြောင့်လုပ်ရသလဲဆိုတော့”မင်းတို့အစိုးရကိုယ်တိုင်သဘောတူလို့ငါတို့လုပ်တာ၊မင်းတို့အစိုးရကိုမင်းတို့ အပြစ်တင်၊မင်းတို့အချင်းချင်းပြဿနာဖြစ်တာငါတို့နှင့်မဆိုင်ဘူး၊ငါတို့ကတော့အကျိုးအမြတ်ရှိရင် ဘာမဆို လုပ် မှာဘဲ” လို့ပြောလွှတ်လိုက်ကြောင်းသိရပါသည်။ အကယ်၍ တရုပ်အစိုးရက ဧရာဝတီမြစ်ဆုံရေ ကာတာ တည်ဆောက်မှု ရပ်စဲရေးကို သဘောမတူခဲ့ဘူးဆိုလျှင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဆိုတာကိုလဲ စဉ်းစားထားဘို့လိုမည်ဖြစ်ပါသည်။

သို့ပါ၍ ဧရာဝတီမြစ်ကယ်တင်ရေးအတွက် လက်ရှိဆောင်ရွက်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေး အချိန်ဆွဲ မည်ဆိုပါက မြန်မာနိုင်ငံသည်မကြာမှီ တရုပ်တို့၏ရန်အန္တရယ် နှင့်ရင်ဆိုင်ရလာနိုင်ကြောင်းသုံးသပ် တင်ပြအပ် ပါသည်။


၂၀၁၁ ခုနှစ် စက်တင်ဘာ လ ၂၉ ရက် 
ဝါရှင်တန်မြို့

Rohingya Exodus