အခုတလော မြန်မာ့နိုင်ငံရေးမှာ အပြောင်းအလဲများဟာ ဘယ်ကာလတုန်းကနဲ့မှ မတူ ထူးထူးခြားခြား မြန်ဆန်နေတာ ကြောင့် သည်အပြောင်းအလဲတွေဖြစ်နေတဲ့အရွေ့ (Move) ရဲ့ ဦးတည်ရာ (Direction) ဟာ အဆိုး (Negative) လား၊ ဒါမှမဟုတ် အကောင်း (Postive) လားဆိုတာကို အဆိုးမြင်ရှုဒေါင့် (Pessimistic point of view) ကရော၊ အကောင်းမြင် ရှုထောင့် (Optimist point of view) ကရော တိုးတိုးတဖုံ၊ ကြိတ်ဝိုင်းတမျိုးသာမက သတင်းမီဒီယာများကပါ ပွင့်ပွင့်လင်း လင်း ဝေဖန်သုံးသပ်နေတာတွေ့ရတော့ ငါတို့လူမျိုးဟာ ဘယ်တော့မှ သမိုင်းညှိုးမှာမဟုတ်ဘူး၊ အရေးကြုံရင် သက်လုံ ကောင်းတတ်ပါလားရယ်လို့ ပီတိပွားရပါတယ်။
မှန်တဲ့အတိုင်းပြောရရင် အခုဖြစ်ပေါ်တိုးပွားနေတဲ့ အပြောင်းအလဲများကို ကျနော်လဲ ထင်မထားပါ။ ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုက ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆီကို (၂၈.၆.၂၀၁၁) နေ့စွဲနဲ့ ပေးပို့ ထားတဲ့ NLD ရဲ့လှုပ် ရှားမှုများရပ်တန့်ဖို့၊ တကယ်လို့ နိုင်ငံရေးလုပ်ချင်တယ်ဆိုရင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်ဖို့နဲ့ လူ မှုရေးလုပ်ချင်တည်းဆိုရင်လည်း လူမှုရေးအဖွဲ့များ ဖွဲ့စည်းဖို့ အကူအညီပေးမယ်ဆိုတဲ့ အကြောင်းကြားစာ ထွက်လာတော့ တိုင်းပြည်အတွက် စိတ်မကောင်းပေမယ့် ကိုယ်သုံးသပ်ထားတဲ့ (Perspective) တော့ ဖြစ်လာပြီလို့ နည်းနည်းတောင် ဘဝင်မြင့်ချင်စိတ် ပေါ်လာပါတယ်။ လုပ်ဖော်ကိုင်ဖက်များကိုလည်း ငါမပြောလားဆိုတဲ့ လေသံနဲ့မဟုတ်အောင် မနည်း ဂရုစိုက်ပြီး ဒီသတင်းကို ပြောဖြစ်ပါသေးတယ်။
ကျနော်တို့မှန်းထားတာက
(၁) NLD ကို ဖျက်သိမ်းကြောင်း၊ တရားမဝင်တော့ကြောင်း ဦးသိန်းစိန်အစိုးရက ကြေညာမယ်။
(၂) ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တဖြေးဖြေးဘေးရောက်သွားအောင်လုပ်မယ်လို့ ဖြစ်ပါတယ်။
ကျနော်တို့ ယူဆထားတဲ့ နှစ်ချက်စလုံးမှားတယ်လို့ ပြောဖို့စောပါသေးတယ်။ ဒါပေမယ့် မှန်တယ်လို့ ဆက်ကိုင်စွဲထားလို့ မရတော့တဲ့ ဖြစ်ပေါ်ပြောင်းလဲမှုများကို လက်တွေ့ တွေ့နေရပါတယ်။ ၉ ကြိမ်မြောက် ဒေါ်စုနဲ့ ဦးအောင်ကြည် တွေ့တယ် လို့ သတင်းတွေထွက်လာတော့ ကျနော် ဂရုမထားမိပါ။ သြော်… ငါတို့ငယ်ငယ်က သတင်းစာမှာ အမေရိကန်ကင်း ထောက်လေယာဉ်ရဲ့ ကျူးကျော်မှုကို တရုတ်ပြည်သူ့ သမတနိုင်ငံက အကြိမ်တထောင့်ခြောက်ရာ ခုနှစ်ဆယ့်သုံးကြိမ် မြောက် ပြစ်တင်ရှုတ်ချလိုက်တယ်ဆိုတဲ့ သတင်းဖတ်ရသလိုပါလားရယ်လို့ ကိန်းဂဏန်းများရဲ့ လှောင်ပြောင်သရော်မှုကို အတွေ့အကြုံအရ သိထားသူပါ။
သည်နေရာမှာ အဓိက ကျနော်ပြောချင်တာက ပြဿနာတွေကို၊ အဖြစ်အပျက် အပြောင်းအလဲတွေကို ရှုမြင်သုံးသပ်တဲ့ အခါမှာ အဆိုးမြင် (သို့) အကောင်းမြင်ဆိုတဲ့ ကြည့်မြင်မှု (၂) ရပ်စလုံးကို လက်ဝဲစွန်း၊ လက်ယာစွန်း များသဖွယ်ရှောင် ရှားပြီး လက်တွေ့ပကတိ Reality အပေါ်အခြေခံဖို့ လိုတယ်ဆိုတာပါပဲ။ ဒီအယူအဆကို လက်တွေ့ကျင့်သုံးဖို့ဟာ ပြော သလောက်မလွယ်တာတော့ ကျနော့်ကိုယ်တွေ့ပါ။ ပိုပြီး Reality ကို ကြည့်နိုင်ဖို့၊ သိနိုင်ဖို့ဆိုတာက ပြည်သူလူထုရဲ့ လက် တွေ့ဘဝမှာ ဘာတွေဖြစ်နေသလဲဆိုတာကို သိနေ၊ လေ့လာနေ၊ စူးစမ်းနေဖို့ လိုပါတယ်။ ဒီလေ့လာမှု၊ စူးစမ်းမှုဖြစ်စဉ်ဟာ တိုင်းချစ်ပြည်ချစ်တဦးအတွက် ဘယ်တော့မှ ပြည့်စုံနိုင်မှာ မဟုတ်တဲ့၊ ဘယ်တော့မှ ဆုံးခန်းတိုင်မှာမဟုတ်တဲ့ လုပ်ငန်း စဉ် တရပ်ပါ။
ကျနော်သိသလောက်ဆိုရင်ဆယ်စုနှစ် နှစ်စုကျော်အတွင်း မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် လောက် နအဖ၊ နဝတ၊ ကြံ့ဖွတ်အစိုးရတို့နဲ့ တွေ့ဆုံဆွေးနွေးရေး အတွေ့အကြုံရှိတဲ့ အတိုက်အခံခေါင်းဆောင် ဘယ်သူမှ မရှိပါ။ မေးခွန်း တခုက ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့တွေ့ဆုံဆွေးနွေးဘက်တွေကို အကောင်းမြင်နဲ့ ချဉ်းကပ်သလား၊ အဆိုးမြင်နဲ့ ချဉ်းကပ်သလား ဆိုတာပါပဲ။ ဒေါ်စုဟာ အဆိုးမြင်ကော၊ အကောင်းမြင်ကောစွန့်ပယ်ပြီး လက်တွေ့ပကတိ အခြေအနေ တွေအပေါ်မှာ ချဉ်းကပ်တယ်လို့ ယူဆပါတယ်။
အတိတ်ကာလ တွေ့ဆုံဆွေးနွေးပွဲတွေကို ပြန်ကြည့်ရင် သူတို့ (စစ်အာ ဏာပိုင်များ) နဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများက ဒေါ်စုကို အင်မတန် ခါးသီးနာကျင်ဖွယ်ကောင်းတဲ့ ခံစားမှုများကို ပေးခဲ့တယ်ဆိုတာ အထင်အရှားပါ။ ၂၀၀၄ မတ်လမှာ ပြန်စမယ့် အမျိုးသားညီလာခံမတိုင်ခင် ဗိုလ်ချုပ်ကြီး ခင်ညွန့် ရဲ့လူများနဲ့ ဒေါ်စုရဲ့ တွေ့ဆုံဆွေးနွေးပွဲကရတဲ့ သဘောတူ ညီချက်တွေက အတော်ရှေ့ရောက်နေပါပြီ။ အဲဒီတုန်းက ဗိုလ်ချုပ်ကြီး ခင်ညွန့်က အားရဝမ်းသာနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဟာ ၉၅ ရာနှုန်းတော့ သေချာနေပြီလို့ မှတ်ချက်ချခဲ့ဘူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် “အဲဒီ ဒါပေမယ့်က အင်မတန်ကြီးကျယ်တဲ့ ဒါပေမယ့်ပါ။ သဘောတူထားချက်တွေကို ဗိုလ်ချုပ်မှူး ကြီးသန်းရွှေက သဘောတူတယ်ပြောပြီး ကာမှ သဘောမတူတော့တာမို့ – ဒေါ်စုက ရှင်တို့စစ်သားတွေ ယောင်္ကျားတွေဖြစ်နေပြီး ကတိသစ္စာမတည်တဲ့သူတွေ” လို့ ခါးခါးသီးသီး မှတ်ချက်ပြုခဲ့တယ်လို့ ဆိုပါတယ်။ (အသေးစိတ်ဒီအကြောင်းတွေကို နောက်မှ ရေးပါဦးမယ်။)
စစ်အာဏာပိုင်များဘက်က မလိုရင် မလိုသလိုလုပ် တာ၊ ကတိဖောက်ဖျက်တာ၊ အသုံးချတာတွေဟာ အိမ်စောင့်အစိုးရ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နဖအခေတ်မှာ တောက်လျောက်ဖြစ်နေခဲ့တာ ဘယ်သူမှ ငြင်းမရပါ။ ဒီအထဲမှာ ဒေါ်စုကတော့ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့လုပ်ဆောင် ခဲ့ရသူဖြစ်လေတော့ စစ်အာဏာပိုင်တွေအကြောင်း အသိဆုံးဖြစ် တယ်ဆိုတာကိုလည်း ဘယ်သူမှ မငြင်းနိုင်ပါ။ သူတို့အကြောင်းကို စာတွေ့ထက်၊ တဆင့်စကားတဆင့်နားထက် လက် တွေ့ဘဝကသိထားသူ ဒေါ်စုက ဘာကြောင့်သည်ကနေ့ အပြောင်းအလဲများဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပါပြီလို့ ပြောရသလဲဆိုရင် ဒေါ်စုဟာ လက်တွေ့ဖြစ်ပေါ်တိုးပွားမှုများ Reality ကိုကြည့်နိုင်၊ မြင်နိုင်နေလို့၊ အစွဲအလမ်းများနဲ့ ကင်း လွတ်ပြီး စဉ်းစားနိုင်လို့လို့ပဲ ယူဆရပါတယ်။
တချို့ တချို့သောသူတွေက ဒေါ်စုနဲ့ NLD အတူတူပဲလား။ ဒေါ်စု ကို လက်ခံတွေ့တာ ဒေါ်စုအနေနဲ့လား၊ NLD ခေါင်း ဆောင်အနေနဲ့လားလို့ မေးခွန်းထုတ် သံသယပွားကြပါတယ်။ မေးမယ်ဆိုရင် မေးစရာပါပဲ။ ဒါပေမယ့်လက်တွေ့မှာ ဒေါ်စု က NLD စဖွဲ့စကတည်းက NLD ကို ထိပ်ဆုံးက ကိုယ်စားပြုလာတာ၂၃ နှစ်ကြာ အခုအထိပဲဆိုရင် ဘယ်သူမှ မငြင်းနိုင် ပါ။ ခင်ပွန်းဖြစ်သူ အပြင်းအထန် နာမကျန်းဖြစ်နေတာအပြင် သေဆုံးသွားတာ တောင် ပြန်မသွားခဲ့ပါ။ NLD အထွေထွေ အတွင်းရေးမှူးအနေနဲ့ ၁၆ နှစ် အကျယ်ချုပ်ကျခဲ့ပါတယ်။ NLD ဖွဲ့ စည်းစဉ်က CEC (၁၂) ဦးထဲမှာ ထိပ်ဆုံးကကျန်တာဆို လို့ ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ သူပဲရှိပါတော့ တယ်။ တချို့ CEC တွေဆိုရင် ဥပမာ ဒေါ်မြင့်မြင့်ခင်၊ ဦးချမ်း အေး၊ တချို့က ဗဟိုဦးစီးအဖွဲ့ဝင်တွေ ဥပမာ ဦးဝင်းခက်၊ ဦးတင်ထွဋ်တို့ ဘယ်လိုနေသာသလို နေနေကြပြီလဲဆိုတာ အ များအသိပါ။ ကာယကံရှင်များကို အပြစ်တင်လိုလို့ မဟုတ်ပါ။ ပိုပြီးရှင်းလင်မြင်သာအောင် ပြောရတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီက ဘယ်တော့မှ မကင်းကွာခဲ့ဖူးပါ။ NLD ပါတီကို သူ့လောက် အကျိုးပြုနိုင်တဲ့သူယခုအချိန်အထိမရှိသေးပါ။ နောက်ဆုံး နေအိမ်အကျယ်ချုပ်နဲ့ ပြန်ထွက်လာခဲ့တဲ့ နိုဝင်ဘာ ၂၀၁၀ ကတည်းက NLD လုပ် ငန်းကိုပဲ စဉ်ဆက်မပြတ် လုပ်နေခဲ့သူပါ။ တချိန်ထဲမှာပဲ အခြေအနေရ၊ အပြောင်းအလဲများအရ နည်းနာအပြောင်းအလဲ လုပ်ရတာတွေကိုတော့ ခေါင်းဆောင်အပေါ် နားလည်ပေးဖို့လိုမယ်လို့လည်း ထင်ပါတယ်။ ဥပမာ NLD ပါတီတည် ဆောက်ရေးကို ဘာ့ကြောင့် ရှေးရိုးပုံစံနဲ့ အကောင်အထည် မဖော်တာလဲ။ လူမှုရေးလုပ်ငန်းတွေကိုပဲ ဘာ့ကြောင့် အား ပေးအားမြှောက်လုပ်တာလဲ။ မြို့နယ်တွေဖွဲ့စည်းရေးကို ဂရုမစိုက်ဘဲနဲ့ လူငယ်တွေ၊ အထူးသဖြင့် NLD လူငယ်တွေအပေါ် အခြေမခံဘဲ လူငယ်ကွန်ယက်တွေပေါ်ပေါက်ရေးကို အဓိကလုပ်ငန်းစဉ်အဖြစ် ထား တာလည်းပေါ့။သိတဲ့အတိုင်းပဲ NLD ဟာ စဖွဲ့စည်းစဉ်ထဲကပဲ ဒီမိုကရေစီလိုလားသူများနဲ့ ဖွဲ့တာပါ။ အရောင်အသွေးစုံလင်တဲ့ ပန်းခင်း ကြီးပါ။ ဒီအတွက် အားကောင်းတာတွေရှိသလို၊ အားနည်းချက်တွေလည်း ကြုံရတာက သဘာဝပါ။ ကံဆိုးတာက ပါတီ တည်ဆောက်ရေးကို အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ခဲ့ပါ။ အနှစ်နှစ်ဆယ်ကျော်ကြာ အာဏာပိုင်များရဲ့ ရိုက်ချိုး ဖျက်ဆီးမှုဒဏ်ရော၊ ပါတီတည်ဆောက်ရေးလုပ်ဖို့ ပျက်ကွက်ခဲ့တဲ့ဒဏ်ပါပေါင်းပြီး NLD ဟာ သေလုနီးပါး ဒဏ်ရာရထား ခဲ့ပါပြီ။ အတွေးအခေါ်အရ၊ လုပ်ဟန်အရ၊ စည်းမျည်းစည်းကမ်းအရ အားနည်းမှုတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ပါတီစဖွဲ့စည်ကတည်းက ဂိုဏ်းဂဏဖြစ်တဲ့ ဘောင်းဘီချွတ်၊ ဘောင်း ဘီဝတ် ပြဿနာကလည်း အကင်းမသေပါ။ ဒေါ် အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်ထွက်လာပြီး လေ့လာကြည့်တော့ သူ့ပါတီရဲ့အခြေအနေကို ပကတိအ တိုင်း သိပုံရပါတယ်။ ဆေးမြီးတိုနဲ့ ကုလို့မရတဲ့ နာတာ ရှည်ရောဂါကြီးမို့ ပါတီညီလာခံလို့ ပါတီရဲ့ အကြီးကျယ်ဆုံး နိုင်ငံ ရေးလှုပ်ရှားမှုနဲ့မှ ပါတီတည်ဆောက်ရေးလုပ်မှ ဖြစ်မယ်လို့ ယူဆပုံရပါတယ်။ ရှင်းတဲ့နည်းမမှန်ရင် ပိုရှုပ်သွားပြီးလုပ်သင့် တဲ့ အလုပ်တွေမလုပ်နိုင်မှာကိုလည်း စိုးရိမ်ပုံရပါတယ်။ လက်တွေ့ပကတိ အခြေအနေမှန်အတိုင်း သိမြင်ပြီး ဦးစားပေး အလုပ်တွေကို ရှေ့နောက်စဉ် ရွေးချယ်တတ်မှုဟာ ရှာမှရှားတဲ့ ခေါင်းဆောင်တွေမှာမှ ပိုင်ဆိုင်တဲ့ အရည်အချင်းတခုပါ။
အရေးကြီးတဲ့အချက်တချက်ကို ဆွေးနွေးပါရစေ။ နိုင်ငံရေးပါတီများဟာ State နိုင်ငံတော်ပေါ်ထွန်းလာတဲ့ လူ့သမိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ထိပ်ဆုံးကပါ။ နိုင်ငံတော်ရဲ့အာဏာ (State Power) ကို ရယူနိုင်ပါမှ ကိုယ့်ပေါ်လစီ မူဝါဒ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်မှာမို့ နိုင်ငံရေးပါတီများဟာ အာဏာရယူရေး လမ်းကြောင်းအတွက် လိုအပ် နေတဲ့ ပါတီခွန်အားရှိရေးကို မဖြစ်မနေ ကြိုးစားရပါတယ်။ ဒါဟာ နိုင်ငံရေးပါတီကို ခေါင်းဆောင်သူများရဲ့ မလွဲမသွေ လုပ်ဆောင်ရတဲ့ တာဝန်ပိုင်းပါ။
အရာရာတိုင်းမှာ ချွင်းချက်ဆိုတာ ရှိစမြဲမို့ ဒီအချက်ဟာလည်း ချွင်းချက်နဲ့ပါ။ တချို့ကာလတွေမှာ ပါတီခေါင်း ဆောင်ဆို သူတွေဟာ နိုင်ငံတော်ရဲ့အရေးကြီးအခြေအနေတွေအပေါ် အမျှော်အမြင်ရှိရှိနဲ့ Sense of Urgency စိတ်ထားမျိုးနဲ့ ပါတီ အကျိုးနဲ့စာရင် နိုင်ငံအကျိုးကို ကြည့်ရတဲ့ထုံးတမ်းစဉ်လာတွေ ကမ္ဘာ့သမိုင်းမှာ စာမျက်နှာ အပြည့်ပါ။ တိုင်းပြည်အတွက် အရေးပေါ်လာတဲ့ကာလမျိုးဆိုရင် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်ဆိုတဲ့နိုင်ငံတွေရဲ့ ပါလီမန်တွေ၊ ပါတီတွေက မတူကွဲပြား တဲ့ အဓိကအတိုက်အခံပါတီများ စုပေါင်းပြီး (Non-Partisan) လို လှုပ်ရှားမှုမျိုး လုပ်ခဲ့တာ အထင်အရှားတွေ့ရပါတယ်။ စာလေးသွားမှာစိုးလို့ အသေးစိတ် ရေးမပြတော့ပါ။
သည်နေ့ကာလမှာလည်း NLD အနေနဲ့ မဖြစ်မနေ Sense of Urgency ထားရှိဖို့ အလားတူစိန်ခေါ်မှုတွေ ရင်ဆိုင်နေရ တယ်ဆိုရင် မှားမယ်မထင်ပါ။ သည်နေ့ ၂၁ ရာစုနှစ်ရဲ့ စိန်ခေါ်မှုအသစ်တွေဟာ အနှံ့အပြားတည်ရှိနေပြီး တခုနဲ့တခု အင် မတန်မှ ဆက်နွယ်နေပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးတို့ဟာ သီးခြားကိစ္စများမ ဟုတ်တော့ပါ။ ရေ ကို ခြား – ကြား မထင်သလို ဖြစ်ပါတယ်။ (ဒါတွေကို နောက်ရေးမယ့် ဆောင်းပါးတွေမှာ အလျဉ်းသင့်ရင်တင်ပြပါမယ်။)
အရေးအကြီးဆုံးက ကျနော်တို့နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားပါ။ ကျနော်တို့ဟာ ဆောင်သင့်တာကို မဆောင်ဘဲ ရှောင် သင့်တာကိုမရှောင်ဘူးဆိုရင် Failed State နိုင်ငံစာရင်းထဲကိုဝင်ဖို့ ရှေ့ ဆုံးက တန်းစီ ဇယားထဲမှာရောက်နေတဲ့ ကျနော် တို့ နိုင်ငံရဲ့ ရှေ့ရေးဟာ မတွေးဝံ့စရာပါ။ ဆောင်သင့်တာက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံ ဆွေးနွေးအဖြေ ရှာရေးဖြစ်ပြီး ရှောင်သင့်တာက ဂိုဏ်းဂဏ၊ အာဃာတ၊ အမုန်းတရား၊ ပဋိပက္ခနဲ့ စစ်ပွဲများ ဖြစ်ပါတယ်။
ဒါကို ကောင်းကောင်းသဘောပေါက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါတီရဲ့ လတ်တလောအကျိုး စီးပွားထက် အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုလုပ်ဆောင်နေတယ်ဆိုတာကို ကျနော်တို့ တိုင်းချစ်ပြည်ချစ်များက စာနာနားလည်သ ဘောပေါက်ပြီး သူ့လုပ်ငန်းတွေထဲမှာ တတ်နိုင်သရွေ့ ပါဝင်လုပ်ကိုင်သင့်ပါတယ်။ ဒီလိုဆိုလို့ ဒေါ်စုက NLD ပါတီကို ပစ် သွားပြီလားလို့ အဓိပ္ပာယ်မသက်ရောက်ပါ။ အချိန်ကာလရဲ့ အရေးကြီးမှုတွေကို အခိုင်အမာသိရှိနားလည်ပြီး ဦးစားပေး လုပ်ငန်းစဉ်များကို အချိန်ကာလရဲ့ လိုအပ်ချက်နဲ့အညီ ပြောင်းလဲချမှတ်နိုင်တဲ့ ခေါင်းဆောင်တဦး ကျနော်တို့ ရရှိထား တယ်လို့ နားလည်သဘောပေါက်ကြ၊ ဂုဏ်ယူကြဘို့ ပါပဲ။
တခြားတဖက်ကကြည့်ရင် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်တာဟာ NLD ပါတီရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်အ ချိုးကျနေတယ်လို့လဲ မြင်နိုင်ပါတယ်။ ရေမြင့်ရင် ကြာတင့်တဲ့သဘောပါပဲ။ ဒါပေမဲ့ ကြာပန်းကလဲ ကြာပန်းသဘာဝ အ တိုင်း မွှေးမြသန့်စင်နေဖို့တော့ လိုမှာပေါ့ နော်။ သည်လို ကြာပန်းလေး မွှေးမြဖြူစင်နေဖို့ ဝိုင်းဝန်းကြိုးပမ်းကြရမှာလဲ၊ အ ပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့က သူအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို ပြောတဲ့မိန့်ခွန်း၊ ၁၄.၈. ၂၀၁၁ နေ့က ပဲခူး NLD ဥက္ကဋ္ဌ ဦးမြတ်လှ နေအိမ်ကနေ NLD ကို ကိုယ်စားပြုပြီး လူထုတသောင်းကျော်ကို မိန့်ခွန်းပေးတာတွေနဲ့ဟာ ဒေါ်စု အရှေ့ဆုံး ကပါဝင်နေတဲ့ နမိတ်ပုံသင်္ကေတများ မဟုတ်ပါလား။
ဦးသိန်းစိန် ကြံ့ဖွတ်အစိုးရက ဒေါ်စု ကို လက်ခံတွေ့တာ ဒေါ်စု အနေနဲ့လား NLD ခေါင်းဆောင်အနေနဲ့လား ဆိုရင်တော့ အားလုံသိကြတဲ့အတိုင်းပဲ ဒေါ်စု ကို လက်ခံတွေ့တာပဲ ဖြစ်ဘို့များပါတယ်။ ဒါက သူတို့အလုပ်ပါ။ ဒါပေမဲ့ ဦးသိန်းစိန်နဲ့ ဒေါ်စု တွေ့တဲ့ကိစ္စကို ဒေါ်စုက NLD CEC မှာ ပြန်လည်တင်ပြဆွေးနွေးရုံတင်မက CRPP မှာပါ ဆွေးနွေးတင်ပြတာတွေ ကို NLD အထွေထွေ အတွင်းရေးမှူးတယောက်အနေနဲ့ရော CRPP အဖွဲ့ဝင် တယောက်အနေနဲ့ပါ တာဝန်သိသိ လုပ်ခဲ့ တယ်ဆိုတာသတင်းများအရ ကောက်ချက်ချလို့ရပါတယ်။
ဘာဘဲဖြစ်ဖြစ်ပေါ့လေ အခုလို ရေးနေရင်းကိုက ကိုယ့်ကိုယ်ကို လိပ်ပြာမလုံစေတဲ့ ခံစားမှုတခုပေါ်လာရတယ်။ ယောအ တွင်းဝန်ရေးတဲ့ စာတွေ သိပ်ကောင်းကြောင်း ချီးမွမ်းခမ်းဖွင့်နေတဲ့ မြင်းထိန်း (မှားရင်လည်း သည်းခံကြပါ) လို ဖြစ်နေ မှာစိုးလို့ပါ။ တကယ်တော့ ဒေါ်စု နဲ့ ကျနော်က ယောအတွင်းဝန်နဲ့ သူ့မြင်းထိန်းလောက်မက အရည်အချင်းက ကွာတာမို့ ဒေါ်စု က နောက်မရေးနဲ့တော့ဆိုပြီး ပုဆိုးတထည်ဆုချတာမျိုးတော့ မကြုံလိုပါ။ အမှန်တော့ ကျနော် စာမရေးတာကြာ ပါပြီ။ လူထုခေါင်းဆောင်နဲ့ သူ့နောက်လိုက်တွေကြားမှာ အတွေးအခေါ်နဲ့ လုပ်ဟန်ကွာဟမှု ချောက်ကမ်းပါးကို မကျယ် ပြန့်စေလိုတဲ့ စေတနာက တိုက်တွန်းလို့ ရေးဖြစ်ပါတယ်။ ရေးပြီဆိုတော့လဲ ရဲရဲတွေးပြီး ရဲရဲရေးဖို့က စာရေးသူရဲ့ တာဝန် လို့ပဲ ခံယူတာမို့ ဝေဖန်ထောက်ပြမှုတွေကို တဖက်ကကြိုဆိုရင်း တဖက်ကလည်း ဆက်ရေးနေရပါဦးမယ်။
မြင်းရည်တက်ဦးသာ
Credit : Nay Thit

0 comments:
Post a Comment